Tuesday, September 6, 2022

ဝူဟန်ဒိုင်ယာရီ (တော်ကောင်းမင်း)

 📕#ဝူဟန်ဒိုင်ယာရီ 📕 #တော်ကောင်းမင်း 

Fang Fangက ကပ်ရောဂါကြီး စဖြစ်တဲ့အချိန်ကစပြီး အာဏာပိုင်တွေပေါ့လျော့ခဲ့တာတွေ ၊အာဏာပိုင်တွေက သတင်းထိန်ချန်၊ သတင်းအမှောင်ဖုံးထားတာတွေ ၊တာဝန်မဲ့ခဲ့တာတွေကိုဝူဟန် ၃မြို့ Lock downချခဲ့ရတဲ့ ရက် ၆၀ ကာလအတွင်း သူ  မြင်သမျှ တွေ့သမျှ ၊သတိထားမိသမျှ အတွေးတွေနဲ့ ပတ်ဝန်းကျင်က လူတွေခံစားနေရတာတွေ ၊ဝူဟန်ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို စာဖတ်သူပါ မြင်ရအောင် ရေးပြထားသလိုပါပဲ။ ။


Fang Fang ဟာ မိဘတွေနဲ့ ၂နှစ်သမီးအရွယ် နန်ကင်း ကနေ ရောက်လာပြီးကတည်း ဝူဟန်မှာ နေလာတာ နှစ်ပေါင်း၆၀ ကျော်ရှိတာကြောင့် သူမ ဒီဝူဟန်မြို့ကို ဘယ်လောက်သံယောဇဉ်ကြီးတယ် ၊ဒီမြို့ရဲ့ ကံကြမ္မာ ကို ဘယ်လောက်စိုးရိမ်သလဲဆိုတာ သူ့ ဒိုင်ယာရီကို ဖတ်ကြည့်ရင် ပေါ်လွင်ပါတယ် ။ 


Fang Fang ဟာတနေ့တနေ့ သေဆုံးသူတွေ သူနဲ့ 

နီးလာနေတယ်လို့ ခံစားရတယ် ။ အိမ်နီးချင်းရဲ့ ညီမဝမ်းကွဲဆုံးတယ် ။ အသိတစ်ယောက်ရဲ့မောင်လေးဆုံးတယ် ။ 



Fang Fangရဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် မိဘရော မိန်းမရော ဆုံးသွားပြီး နောက်ဆုံး သူကိုယ်တိုင်လည်း ဆုံးသွားရှာတယ် ။လူတွေ ငိုတောင် မငိုနိုင်တော့ပါဘူး။ 

မိတ်ဆွေသူငယ်ချင်းတွေ ဆုံးပါးသွားကြတာကို 

မကြုံဖူး‌လို့တော့မဟုတ် ။


ဒီတကြိမ်ကပ်ဘေး အစောပိုင်းကာလမှာ ပေါလျော့ခဲ့မှု့ကြောင့်ကူးစက်ခံရတဲ့သူတွေဟာ အသက်ဆုံးရှုံးရတာတင်မက၊ ဆေးလိုက်ရှာရင်းမျှော်လင့်ချက်ပါ မဲ့ခဲ့ရတယ်။


ကူပါ၊ကယ်ပါပြောပေမယ့် ဆေးကုပေးမယ့်သူမရှိ ၊လူနာများပြီး ကုတင်နေရာနည်းလွန်းတော့ အလျင်မမှီဖြစ်ခဲ့ရတယ် ။ 


သေဖို့စောင့်နေရုံကလွဲပြီး ဘာတက်နိုင်ဦးမလဲ။ 


ကပ်ရောဂါဟာ ထင်ထားတာထက် ကူးစက်နှုန်းမြန်ပြီး ပြင်းထန်ဆိုးရွားတယ်။ 


လျှို့ဝှက်ပြီး မာယာများတဲ့ ဒီဗိုင်းရပ်စ်ကို  အတွေ့အကြုံရင့်တဲ့ ဆရာဝန်တွေတောင် လိုက်မမှီနိုင်ဖြစ်ခဲ့ရတယ်။ တချို့လူတွေကအခြေအနေ‌ကောင်းပြီးမှ ရုတ်တရုတ် အသက်အန္တရယ်စိုးရိမ်လာကြရတာ‌တွေ ၊တချို့ကြတော့လည်း ကူးစက်ခံထားရတောင် ဘာမှ မဖြစ်ကြတာတွေ။



အစောပိုင်းကာလတွေမှာ ဗိုင်းရပ်စ်က တအားပြင်းထန်တယ် ။နောက်ပိုင်းကူးစက်ခံရတဲ့သူတွေမှာ ဗိုင်းရပ်စ်က တတိယ၊စတုတ္ထမျိုးဆက်‌ဖြစ်လာတာမို့ အားပျော့လာတယ် ။ကုသရင်လည်း ပျောက်ကင်းလာတယ် ။


အစောပိုင်းကာလ ဟူပေ၊ဝူဟန်မှာ လျန်ဟွေ့လို့ ခေါ်တဲ့ ညီလာခံတွေ ကျင်းပနေတဲ့ချိန်  အနုတ်လက္ခဏာဆောင်တဲ့ သတင်းတွေ တင်ပြခွင့်မပြုခဲ့တာရယ် ၊

လူလူချင်းမကူးစက်ပါဘူးလို့ဆိုခဲ့တာ‌တွေကြောင့် အကာအကွယ်အပြည့်အစုံ မဝတ်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရပြီး  တချို့ ဆရာဝန်တွေကွယ်လွန်သွားကြတာ။ဒီကပ်ရောဂါကြောင့်ပဲ တချို့ပညာရှင်တွေ ဆုံးပါးသွားကြရတာ နှမြောစရာပါ။


နောက်ပိုင်းမှာတော့ ကာကွယ်ရေးဝတ်စုံတွေ အပြည့်အစုံ ဝတ်လာကြလို့ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရနှုန် နည်းပါးသွားတယ်။


သေဆုံးသူအများစုက အစောပိုင်းကာလတွေမှာ ကူးစက်ခံရသူတွေဖြစ်ပြီး ဆေးရုံလည်း တက်ခွင့်မရ ၊

ထိရောက်တဲ့ ကုသမှု့တွေလည်း မရခဲ့ကြသူတွေပါ ။


ကပ်ရောဂါ အစောပိုင်းကာလမှာ ကူးစက်ခံရပြီး သေဆုံးသွားကြရတဲ့  ဆရာဝန်တွေ၊ကျန်းမာရေးဝန်ထမ်းတွေ လည်း အများကြီးပါပဲ ။


လူ့ပယောဂကြောင့်ဖြစ်တဲ့ ကပ်ဘေး ဘယ်လောက်ဆိုးသလဲဆိုတာမိခင်သေပြီး၊အဖေရော ၊အကိုပါ ကူးစက်ခဲ့ရတဲ့ မိသားစု၊ဖခင်ဖြစ်သူ ကွာရန်တင်း ထိသွားလို့ဦးနှောက်သွက်ချာပါဒ လိုက်နေတဲ့ ကလေးငယ်တစ်ယောက်ဟာ အိမ်မှာတစ်ယောက်တည်း ၅ရက်နေခဲ့ရရှာတဲ့အခါ အစာငတ်ပြီး သေသွားရရှာတယ် ။ 


အချိန်ကြာကြီး Lock down ချခံနေရပေမယ့်

ဝူဟန်တမြို့လုံး စည်းကမ်းရှိနေဆဲပါ။ကန့်သတ်မဲ့သုံးနိုင်တဲ့ အင်တာနက်လိုင်းတွေရှိတယ်ဆိုပေမယ့် အချိန်ကြာလာတော့လည်း ငြီးငွေ့ပြီး စိတ်ရှုပ်လာကြတယ် ။


၉သန်းသော ဒုက္ခသည် ဝူဟန်ပြည်သူတွေဟာ 

အချိန်ကြာကြီး ပိတ်လှောင်ခံထားရတာ၊ 

ကိုယ်ချစ်ရတဲ့သူတွေကို လူသေအိတ်ထဲထည့်ပြီး 

ကားနဲ့ခေါ်သွားကြတာ မြင်ကြရတာ၊ 

လူနာတွေ ကိုယ့်ရှေ့မှာ တဖြုတ်ဖြုတ်သေနေတာကို

မကယ်နိုင်ပဲ ကြည့်နေခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အဝေးရောက် အိမ်ပြန်ခွင့်မရတဲ့ ဝူဟန်ပြည်သူ ၅သန်း သူတို့အားလုံးမှာလည်း  ဖိစီးမှု့နဲ့ မွန်းကျပ်မှု့တွေနဲ့ 

စိတ်ဒဏ်ရာကိုယ်စီ ရှိကြတယ်။ 


ဝူဟန်သူဝူဟန်သားတွေဟာ မြို့ထဲမှာ ပိတ်မိကြသလို အားလုံးရဲ့ အပယ်ခံ ၊ အနှိမ်ခံဖြစ် လာရတယ်။


ပညာရှင်တွေ ရောက်လာစဉ် #ဒီရောဂါဟာ_လူလူချင်း #မကူးဘူး_ကာကွယ်နိုင်တယ်_ထိန်းချုပ်နိုင်တယ်ဆိုပြီး_ပေါ့တန်တန်ပြောသွားတဲ့ မှတ်ချက်စကားတွေကို ဝူဟန်ပြည်သူတွေ မကျေနပ်ကြဘူး။


ဝူဟန်ကို ရောက် လာတဲ့ ပီကင်းကပညာရှင်တွေထဲက" လူလူချင်း မကူးပါဘူး၊ကာကွယ်နိုင်တယ်၊ထိန်းချုပ်နိုင်တယ်" ပြောခဲ့တဲ့ပညာရှင် ဒေါက်တာဝမ်ကွမ်ဖား တစ်ယောက်လည်း ကိုယ်တိုင် ကူးစက်ခံလိုက်ရတယ်။

 ‌


နောက်ပိုင်းမှာ ဒီရောဂါဟာ လူလူချင်းကူးစက်နိုင်တယ်ဆိုတာ သိလာကြပေမယ့် ဘယ်သူမှ ကျယ်ကျယ်မ‌ပြောရဲခဲ့ကြဘူး ။ဘာလို့လဲဆိုတော့ ပြောခွင့်မပြုခဲ့လို့။ 


အဲ့ဒါကြောင့်လည်း ဒေါက်တာလီဝန်လျန်သေဆုံးသွားတဲ့အချိန်မှာ ဝူဟန်ပြည်သူတွေ ဒေါသထွက်ခဲ့ကြတယ်။ အဖြစ်မှန်ကိုပြောခဲ့ အသိပေးခဲ့တဲ့ လီဝန်လျန်ကတော့ အရေးယူအပြစ်ပေးခံရပြီး ဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးသွားခဲ့ရတယ်။သေသွားတဲ့အထိတောင်

ဘယ်သူမှ သူ့ကို မတောင်းပန်သေးဘူး။   


ဒေါက်တာလီဝန်လျန်ရဲ့ နောက်ဆုံးခရီးကို ကား၈စီးနဲ့လိုက်ပို့ကြတယ် ။၈ဆိုတဲ့ ဂဏန်းဟာ သတိပေးဆုံးမခံရတဲ့ လီဝန်လျန်တို့ ၈ယောက်ကို ကိုယ်စားပြုတယ် ။ အားလုံးဆို့နင့်ပြီး မျက်ရည်ဝဲနေကြတယ် ။


အာဏာပိုင်တွေကဒေါက်တာလီဝန်လျန်ကို သတိပေးပြီးက‌တည်းက ဒီအကြောင်းနဲ့ ပတ်သတ်တာတွေကို  ကျန်းမာရေးဝန်ထမ်းအချင်းချင်းလည်းမပြောရဘူး ၊ဓာတ်ပုံမှတ်တမ်းအနေနဲ့ သိမ်းဆည်းထားတာတွေလည်း မလုပ်ရဘူး တားမြစ်ထားတော့ ဒီရောဂါနဲ့ ပတ်သတ်ပြီး  ဆေးရုံကို လာကုတဲ့ လူနာတွေကိုလည်း ပြောခွင့်မရ ၊ #ရေငုံနှုတ်ပိတ်ထိန်ချန်ထားခဲ့ကြရတယ် ။‌


အဲ့လိုထိန်ချန်မှု့တွေကြောင့်ပဲ နောက်ဆုံးကျန်းမာရေးဝန်ထမ်းတွေ အများကြီး ကူးစက်ခံရတယ် ။ 


အဓိက အဆိုးဝါးဆုံးက ဟွာနန် ပင်လယ်စာဈေးရဲ့

ဘေးက ဗဟိုဆေးရုံကြီး ။အဲ့ဆေးရုံဟာ ဗိုင်းရပ်စ်ရှိတဲ့ လူနာတွေကို စတင်ကုသပေးတဲ့ ဆေးရုံ ။


ဆေးရုံတွေမှာရော ဝူဟန်ပြည်သူတွေ သေမင်း နဲ့ အသက်လုနေရတဲ့အချိန်မှာတောင်အထက်ကိုဖော်လံဖားလုပ်ချင်တဲ့ စာရေးဆရာတွေ ..


ဘောလီဘောအပုတ်ကောင်းတဲ့ တာဝန်ရှိသူတွေ ..


ဒီလောက်ကြီးတဲ့ ကိစ္စမို့ အစိုးရက သတင်းအမှောင်

မချလောက်ပါဘူးလို့ ထင်မိခဲ့တာတွေ ။


အမှန်စကားကိုပြောရဲတဲ့ မီဒီယာတွေကမရှိသလောက်၊

ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို စုံစမ်းနေကြတဲ့ တချို့ သ‌တင်းထောက်တွေ ၊

သတင်းလွတ်လပ်ခွင့်မရှိတဲ့ အကြောင်းတွေ ၊


Fang Fangရဲ့ အကောင့်တွေ ခဏခဏ ပိတ်ခံရတာ။ လိုင်းပေါ်မှ တင်သမျှ ဖျက်ချခံရတာတွေများလာတော့ Fang Fangတို့ အတွက်တော့ မဆန်းတော့ပဲ 

ဒီအကွက်တွေ ရိုးအီလာပါပြီ။

တချို့ဟာတွေ တပုဒ်ရေး တပုဒ်ဖျက်ချခံနေရပေမယ့် Fang Fang ကတော့ ဆက်ရေးနေတုန်းပါပဲ ။ 


ဗဟိုကအရာရှိကြီးတဦးက ရပ်ကွက်တခုကိုသွားစစ်ဆေးတယ်တဲ့ ။အဲ့မှာ တိုက်ပေါ်က ပြောရဲတဲ့ သံမဏိလူသားတချို့ က"အင်တွေ ...အင်တွေ "လို့အော်ကြလို့ အဲ့ အရာရှိဟာ တဝက်တပျက်ပဲ စစ်ဆေးပြီး ပြန်သွားတယ်တဲ့ ။ 


လူကြီးလာစစ်တဲ့ နေရာတိုင်းမှာ အင်ထုတဲ့ "ဟန်ပြဝါဒီ" တွေ သူတို့ဆီ မှာလည်း ရှိကြတာပဲကိုးလို့ သိလိုက်ရတယ်။


ဒီကာလမှာ အတော့်ကို ပင်ပန်းတဲ့အောက်ခြေ‌ ရဲတွေရဲ့ဘဝ။ ရဲတွေလည်းရာနဲ့ချီ ကူးစက်ခံရတယ်လို့ ဆိုတယ်။


တချို့ လူနာတွေ အပေါ်ထပ်ကနေ အောက်ကို လုံးဝမဆင်းနိုင်တဲ့အချိန်တွေမှာ ရဲတွေက ကုန်းပိုးပြီး သယ်ချပေးရတာ။တစ်ယောက်ဆို ကုန်းပိုးသယ်ချပြီး အောက်ထပ်ရောက်မှ  သေသွားလို့ ရဲလည်း ငိုခဲ့ရတယ် ။


ကူးစက်ခံနိုင်ရတဲ့ အန္တရယ်ကို အမှု့မထားပဲ တာဝန်ထမ်းဆောင်နေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ၊လမ်းတွေပေါ်မှာ ပြေးလွှားလှုပ်ရှား‌ပြီး ဝန်ဆောင်မှု့အမျိုးမျိုးပေးနေတဲ့ စေတနာ့ ဝန်ထမ်းတွေ ။


နောက်ပိုင်းlock downကာလကြာလာတဲ့အချိန်မှာ အစားအသောက်ပြဿနာအတွက် ရပ်ကွက်တွေမှာ ဈေးဝယ်အဖွဲ့တွေ ဖွဲ့ပြီး ဖြေရှင်းကြတာတွေ ။


ဖေဖော်ဝါရီ ၁၀မှာတော့ ဟူပေပြည်နယ်ကို 

တခြားပြည်နယ်တွေက ကျန်းမာရေးဝန်ထမ်းတွေ

လာရောက်အကူအညီပေးကြတယ် ။


ဒီဗိုင်းရပ်စ်ကို ကုတဲ့နေရာမှာ တရုပ်တိုင်း‌ရင်းဆေးရဲ့ အရေးပါပုံ ....


နှာခေါင်းစည်း ဝယ်ရခက်တာ၊ ပြတ်လပ်တာ၊

နှစ်သစ်ကူးမှာ ဝက်သားနေရာကို အစားထိုးပြီး 

အဝယ်အလိုက်ဆုံး ပစ္စည်းဖြစ်လာပုံ။


ကူးစက်ခံရသူ၊သေဆုံးသူတွေ စာရင်းဟာ အာဏာပိုင်တွေ  ထုတ်ပြန်တဲ့စာရင်းနဲ့ ကွာခြားမှု့ရှိတာ‌တွေ ။


#အစောပိုင်းမှာနှောင့်နှေးကြန့်ကြာခဲ့တာတွေကြောင့် ဗိုင်းရပ်စ်ပိုး ပိုပျံ့နှံ့လာခဲ့တာ။


သီးသန့်ခွဲခြားထားတဲ့ နည်းလမ်းတွေ မမှန်လို့ 

ကူးစက်မှု့ပိုပြင်းထန်လာတာ ။


ဆေးရုံတွေမှာ အရင်းအမြတ်‌တွေပြတ်လပ်ပြီး ကျန်းမာရေးဝန်းထမ်းတွေပါ ဖျားနာလဲကျကုန်လို့ 

ကုသပေးမှု့ နှောင့်နှေးသွားခဲ့တာ။


Fang FangရေးထားတာကJan 25 ။  ။

#ဝူဟန်lockdown_ချမယ့်_ရှေ့တစ်ညမှာ_လူနှစ်သိန်း #ကိုးသောင်း_ကိုးထောင်_ဝူဟန်က_ထွက်ခွာ။ 


ရောဂါဖြစ်စ အစောပိုင်းမှာ ပေါ့လျော့မှု့တွေ အများကြီးရှိခဲ့ပေမယ့် နောက်ပိုင်း lock downကာလမှာ ရပ်ကွက်တိုင်းရဲ့ #တင်းကြပ်တဲ့_LockDown_အစီအမံ တွေကိုလည်း မြင်ရမယ်။


ဒီစာအုပ်ကို ဖတ်ပြီး  ခပ်စွာစွာ ၊ ထက်ထက်မြက်မြက် ၊  ဒိုးဒိုးဒေါက်ဒေါက် နဲ့  ပြောရဲဆိုရဲ ၊သတ္တိရှိရှိရေးရဲတဲ့ အသက်၆၀ကျော် Fang Fangကို သဘောကျတယ်။


အစပိုင်းမှာ ဇာတ်ရှိန်မတက်သေးပေမယ့် နောက်ပိုင်းမှာ စိတ်ဝင်စားစရာ အချက်အလက်တွေနဲ့ ဖတ်ရတာ တော်တော်သွက်လာပါတယ် ။


မူရင်းကို မဖတ်ဖူးပေမယ့် ဘာသာပြန်တဲ့

#ဆရာတော်ကောင်းမင်း ရဲ့ အရေးအသားတွေ ၊စကေးတွေ ၊အသုံးအနှုန်းတွေကို သိပ်သဘောကျမိတယ် ။


#ဆရာတော်ကောင်းမင်း ရဲ့ အရေးအသားကောင်းချက်က ဘာသာပြန် ဖတ်နေရတယ်လို့ မခံစားရပဲ

အသက်၆၀ကျော် အဒေါ်ကြီး ရေးတဲ့ ဒိုင်ယာရီကို တိုက်ရိုက်ဖတ်နေရသလိုပါပဲ ။    ။


P.S. ကိုယ်စဥ်းစားနေတာတော့  ဒီလောက်တင်းတင်းကြပ်ကြပ် lock downချထားရက်နဲ့ virusက တခြားနိုင်ငံတွေကို ဘယ်လိုပျံ့သွားသလဲ ဆိုတာပဲ ...


📕ဝူဟန်ဒိုင်ယာရီ📕

#Book_Review_by Hnin Yi Pwint

June 16, 2020

No comments: