Sunday, March 10, 2013

မင်္ဂလာ ( နု ယဉ် )

ညံ့ နု ထွတ်ထွတ် ၊ ပြစ်မျိုး   လွတ်သား
ဝင်းမွတ် ညိုပြာ ၊ သူ့ မျက်နှာကို
    ရှုကာ မဝနိုင်ပါ    တကား ။     ။

ညံ့ အေး သာချို ၊ ငှက် တေးဆို သို့
နှစ်လို ဖွယ်ရာ ၊ သူ့  သံသာ ကို
ကြားကာ မဝနိုင်ပါတကား။     ။
 
ချစ်သည့် မေတ္တာ ၊ နှိုင်းယှဉ်စရာလျှင်
ပမာမမျှ  ၊ ညီဘိလှ ၏ ။
" ဘဝ တိုင်းတွင် ချစ် စိတ် ယှဉ်သည့်
သခင်နှင့် သာ ၊ တွေ့ လိုပါ  " ဟု
စိတ်မှာ   ကြည် ဖြူ ၊ ကျွန်ဆုယူ သည်
                  တူတူမကွာ  ၊  " မင်္ဂလာ  " တည့် ။              ။
                             
                                         ( နု ယဉ် )
Blogged with the Flock Browser

မိခင်ဆုံးသောနေ့ ( နုယဉ် )

ပုန်းညက်သီး၍ ၊ မြေကြီးစွတ်စို
မိုး ညိုညို တည့်
သည်လိုနေ့ မျိုး ၊ ကြုံရစိုးသည်
မြေမိုးချာချာလည်ယောင်တကား


အမေ့အိမ်ဝယ် ၊ မီးရှိန်လက်လက်
တညဥ့်နက်တည့် ၊ စောင့်လျှက်ပြုရင်း
စိုးရိမ်ခြင်းသည်
ဖြေတင်းမနိုင်နိုင် ပါပြီတကား ။

ကြယ်လည်းမလက်  ၊ ညမိုးနက် ၏
သစ်ရွက်ဖါးလျား ၊ မိုးစက်များ နှင့်
မှောင်ကြားထွင်းဖောက် ၊ ရောင်နီပေါက်၍
မိုးသောက်အံ့ နိုး ၊မျှော်  - မျှော်ကိုးသည်
ရှိခိုးဆုပန်လျက် ပါ သာ တကား

ကျေးငှက်သာ၍ မိုးမှာ စင်စင်
လင်းပြီထင်၏ ၊သည်တွင်ခဏ
ကြုံလိုက်သော ၊ ဓမ္မစကြာ
တေးသံသာနှင့် ၊ မျက်လွှာမှေးယှက်
မနိုးစက်သော ၊ စောင်းလျက်နေဟန်
ရုပ်သဏ္ဍာန်သည်
မေ့ရန်ခက်ခဲ လှပါသည် တကား ။

သည်ယနေ့ မူ ၊ အောက်မေ့တ-သ်
လွမ်းလိုက်ရ၏ ။
နှမမွေးမိ ၊ ကွယ်လေဘိ၍
နှမိနှမြော လှိုက်လှိုက်မောကာ
ကြွေသော ပန်းသွင် ၊စိတ်မှာမြင်မိ
တောင်တွင် တောင် ထွဋ် ၊
မားမားမတ်၏
ပြိုလတ်ခြင်းရာ ၊ ပုံပမာ သို့

ရှေ့ မှာ မှောင်ကြီး ၊  ကျလာဆီးသည်
ဖြေလည်း မပြေနိုင်ပါ တကား ။
ပုန်းညက်သီး၍  ၊ မြေကြီးစွတ် စို
မိုးညိုညို တည့်
သည်လိုနေ့မျိုး ကြုံရ ဆိုးသည်
                      မြေ မိုးချာချာ လည် ယောင်တကား  ။    ။
                                                                               ( နုယဉ် )်
Blogged with the Flock Browser