Wednesday, September 7, 2022

The Memory Police by Yoko Ogawa

 The Memory Police by Yoko Ogawa  


Dystopian Fiction တအုပ်ဖြစ်တဲ့ Yoko Ogawa ရဲ့ စာအုပ်ဟာ  မူရင်း ဂျပန်ဘာသာနဲ့ ၁၉၉၄ မှာထုတ်ခဲ့တာဆိုတော့ အဲ့ဒီခေတ်ကာလနဲ့ယှဉ်ရင် အတွေးအခေါ် ဆန်းတယ် ပြောရမယ် ။အင်္ဂလိပ်ဘာသာပြန်အနေနဲ့က ၂၀၁၉ ကျမှ Stephen Snyder ရဲ့ ဘာသာပြန် ထွက်ခဲ့တယ်။


ဒီစာအုပ်မှာ Memory Police တွေ ထိန်းချုပ်‌ထားတဲ့  ပတ်ပတ်လည် ကာရံထားတဲ့  အမည်မသိ ကျွန်းတကျွန်းပေါ် မှာ ဇာတ်အိမ်တည်ထားတယ်။ 


ဒီကျွန်းမှာ ထူးဆန်းတာက အရာဝတ္ထုတွေဟာ အကြောင်းမဲ့ ပျောက်ကုန်တယ်။ 


ဒီနေရာမှာ ပထမတနေ့ နှင်းဆီပန်းဆိုတာ ဘာမှန်းမသိအောင် ပျောက်ချင်းမလှပျောက်သွားမယ် ။ နောက်တရက် ရေမွှေး ဆိုတာလည်း ပျောက်သွားလိမ့်ဦးမယ် ။



ဒီနေ့စားနေတဲ့ အစားအသောက်ဟာ နောက်တနေ့မှာ ရှိချင်မှလည်း ရှိတော့လိမ့်မယ်။ 


နောက်....ဦးထုပ်၊ငှက် ၊လှေ၊ သီချင်းသံတွေ၊ စာအုပ်တွေ၊ ဝတ္ထုတွေ ၊လူတွေ ....အရာဝတ္ထုတွေ၊ အတွေးတွေ...မှတ်ညဏ်တွေ...အစရှိသဖြင့် အများကြီး ....


နောက်ဆုံး  ဒီထဲက စာရေးဆရာ အမျိုးသမီး မပျောက် ဆုံး စေချင်တဲ့ အရာတခုရှိ‌တယ်။  သူသတိရသမျှကို စာရေးပြီး မှတ်တမ်းတင်နေတဲ့  "လက်နှိပ်စက်" ။ 


အဲ့ကာလ၊ အဲ့ဒီကျွန်းမှာ စာရေးဆရာဆိုတာ ပေါ်ပြူလာမဖြစ်တော့တဲ့  အလုပ်တခု ။


စာအုပ်ဆိုတာပျောက်ရမယ့်အချိန်ရောက်တော့ စာကြည့်တိုက်ရှေ့မှာ တချို့ဝတ္ထုတွေကို မီးထဲ ထည့်ရှို့ကြတယ် ။ 


ဒီကျွန်းပေါ်မှာ ပျောက်ဆုံးသွားပြီဖြစ်တဲ့ အရာဝတ္ထုတွေကို မှတ်မိနေတဲ့သူ ၊ မှတ်ထားတဲ့သူဟာ အန္တရယ်များတယ်။ 


ပျောက်ဆုံးသွားတဲ့ ပစ္စည်းအရာဝတ္ထုတွေကို မပျောက် ဆုံးစေချင်လို့ ဓာတ်ပုံဘာညာကအစ အမှတ်တရ ခိုးသိမ်း ထားရင်တောင် Memory Police...တွေက သတင်းရလို့ အိမ်ကို လာရှာလို့တွေ့ခဲ့ရင် အပြစ်ကြီးတယ်။  အဲ့ဒီလူဟာ Memory Police တွေရဲ့ ထိန်းသိမ်းခံပြီး နောက် ဘယ် တော့ မှ ပြန်ပေါ်မလာတော့ဘူး ။ 


ဒီထဲက စာ‌ရေးဆရာအမျိုးသမီးဟာ  တနေ့ ကျွန်းပေါ်ကအရာဝတ္ထုတွေ သူ့မှတ်ညဏ်တွေ ၊ အားလုံးပျောက်ဆုံးကုန်မှာစိုးတယ်။ 


သူက မပျောက်ဆုံးစေချင်ပေမယ့် အရာဝတ္ထုတွေ၊ လူတွေဟာ နေ့တိုင်းပျောက်ဆုံး နေတာပဲ ။


အမျိုးသမီးဟာ သူ အကြောင်းကိုအကုန်သိ၊ မပျောက် ဆုံးသေးတဲ့ အရာဝတ္ထုမှန်သမျှကို အကုန်မှတ်မိနေသေးတဲ့ စာအုပ်တိုက်က အယ်ဒီတာကို အမျိုးသမီးရဲ့ အိမ်လျှို့ဝှက်အခန်းလေးထဲမှာ ဝှက်ထားပေးတယ်။


ဒီအမျိုးသမီးမှာက မိတ်ဆွေ ၂ဦးပဲရှိတော့တယ်။ တဦးက  အယ်ဒီတာ ။နောက်တစ်ယောက် ကုန်းမြေကို လှေဖယ်‌‌ရီ ပြေးဆွဲတဲ့ အဘိုးကြီး တစ်ယောက် ။ လှေတွေပျောက်ကုန်တော့ အဘိုးကြီးဟာ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ 


အဲ့တော့ အဘိုးကြီးဟာလည်း  ဒီစာရေးဆရာ အမျိုးသမီးဆီ လာနေပြီး သူတို့စိတ်ထဲမှာ မ‌ပျောက်ဆုံးပဲ ရှိ‌နေ သေးတဲ့  အရာဝတ္ထုတွေ၊ လူတွေအကြောင်းကို မမေ့အောင် မှတ်မိနေအောင်  ပြန်ပြီး စမြုံ့ပြန်ပြောကြတယ် ။


ဒီထဲမှာ စာရေးဆရာအမျိုးသမီးဟာ လက်နှိပ်စက် 

အရိုက်သင်နေတဲ့အမျိုးသမီး တစ်ယောက် အကြောင်း စာအုပ်ရေးနေတယ်။ 


စာရေးရင်း  typewriter တွေက ပျောက်ဆုံးတော့မယ့်အချိန်၊ သူ့မိခင် သိမ်းထားတဲ့ ကျွန်းပေါ်မှာ ပျောက်ဆုံးသွားပြီဖြစ်တဲ့ အရာဝတ္ထုတချို့ကို လျှို့ဝှက်အခန်းထဲမှာ တွေ့လိုက်ရတယ်။ music box ဆိုတာလေး တွေ့လို့ ခိုးဖွင့်ရတာတွေ ။ Memory Police တွေက ညအချိန်မတော်အိမ်ထဲဝင်ရှာကြတာတွေ ။


ဒီကျွန်းပေါ်က အရာဝတ္ထုတွေ ၊လူတွေဟာ သမရိုးကျ ပျောက်ဆုံးကုန်တာလည်းဖြစ်ချင်ဖြစ်မယ်။ အုပ်ချုပ်တဲ့ အာဏာပိုင်တွေက မရှိစေချင်တော့တဲ့ အရာတွေကို အစဖျောက်ပြီး လူတွေရဲ့စိတ်ထဲမှာလည်း အဲ့ဒီအရာဆိုတာမရှိတော့အောင် အင်အားသုံးပြီး ပျောက်စေတာလည်းဖြစ်ချင်ဖြစ်မယ်။


ဂျပန်ဝတ္ထု အများစုဟာ သူများနားလည်အောင် ရှင်းပြဖို့ခက်တယ်။ ကိုယ့်ဘာကိုယ် ဖတ်ရင်း အရသာခံတွေးတာ ပိုအဆင်ပြေတယ် ။


ဒီဝတ္ထုမှာ  ကျွန်းပေါ်က မှတ်ညဏ်တွေ၊အရာဝတ္ထုတွေ၊ လူတွေ၊ ဘယ်လိုပျောက်ဆုံးသွားခဲ့တာလဲဆိုတာ အဖြေပေးမယ့် ဝတ္ထုမျိုးမဟုတ်ဘူး။ အဲ့ဒီကာလမှာ လူတစု ဘယ်လိုရှင်သန် ရပ်တည်ခဲ့ရသလဲဆိုတာ အသားပေးတဲ့ ဝတ္ထုမျိုးပါ ။


📚 E-Book 📚

https://t.me/mobi_epub_ebook_and_Movie/1755


The Memory Police by Yoko Ogawa

Book Review by Hnin Yi Pwint 

Jan 7. 2022

No comments: