Wednesday, September 7, 2022

Dolores Claiborne by Stephen King

 đŸ“• Dolores Claiborne by Stephen King 📕


ဒီစာအုပ် ကို စမြင်တော့ စာအုပ် အဖုံးကို ကြည့်ပြီး 
ကာဗာကြီးက ဆွဲဆောင်မှု့ မရှိဘူး။ ဘယ်လိုကြီးပါလိမ့်၊ ဇာတ်လမ်းကော ကောင်းပါ့မလားလို့တောင် မဝယ်ခင် တွေဝေခဲ့မိတယ် ။


ဒါပေမယ့် Stephen King ဆိုတာကို ယုံပြီး ဝယ်လိုက်တယ်ပေါ့။ အဲ့ဒါနဲ့ movie ကို အရင်ဒေါင်းပြီး ကြည့်လိုက်တယ် ။ ကောင်းတယ် ။ 

ကိုယ့်စာအုပ် အဖုံးက နေကြတ်နေတဲ့ပုံ၊  တချို့စာအုပ်အဖုံးမှာ‌က ရေတွင်းပေါ်က အမျိုးသမီးတစ်ယောက်ပုံ၊ တချို့စာအုပ်မှာက လှေကားပုံနဲ့  ။


ဇာတ်လမ်းက .....📕📕📕

၆ မိနစ် နေကြတ်နေတဲ့ အချိန် ၊ခြံနောက်ဖက်က ရေတွင်းပျက် တခုမှာမတော်တဆ ပြုတ်ကျသေအောင် စီမံခဲ့တဲ့ လူသတ်မှု့ တစ်ခု နဲ့ လှေကားပေါ်ကနေ ကိုယ့်ဘာကိုယ် ပြုတ်ကျ သတ်သေအဆုံးစီရင်တဲ့ လူသေမှု့တခု၊ 



စွပ်စွဲခံရတာက  Dolores Claiborne ဆိုတဲ့ အမျိုးသမီး တစ်ယောက်၊ အသက်၆၆နှစ်ထိ သူဖြတ်သန်းခဲ့ရတဲ့ ဘဝကြမ်း ၊ အရက်သမား ယောကျာ်းဆိုးကို ရထားတဲ့ အမျိုးသမီး၊ အိပ်မက်ဆိုးတွေမက်ခဲ့ရတဲ့ ဘဝကြမ်း ၊

သမီးကို ကာကွယ်ချင်တဲ့ အမေတစ်ယောက် အနေနဲ့ Dolores ဆိုတဲ့ အမျိုးသမီး နေရာက ရေးထားတယ်။

🛑 ဒီစာအုပ်ထဲမှာ အမျိုးသမီးတွေကို အိမ်အတွင်း
အကြမ်းဖက်မှု့ပါတယ်။ သမီးမွေးထားတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေ သတိထားစရာလေးတွေနဲ့ ကောင်းတယ်။ 🛑

Spoiler Alert...🛑

🛑Spoiler Ahead 🛑


📖  ဇာတ်လမ်း 📖
Little Tall Island မှာနေတဲ့ Joe St George နဲ့  Dolores Claiborne တို့မှာ ကလေး သုံးယောက်ရှိတယ်။

ဇာတ်လမ်းအစ....   Doloresတစ်ယောက် သူ နှစ်တွေ
အကြာကြီး အိမ်အကူ အလုပ်လုပ်ခဲ့တဲ့ အိမ်က 

Vera Donovan ဆိုတဲ့ လေဖြတ်နေတဲ့ အမျိုးသမီးကြီး  လှေကားပေါ်ကနေပြုတ်ကျ သေဆုံးသွားတယ်။

အဲ့ဒီအချိန် အနားမှာ Dolores တစ်ယောက်ပဲရှိနေခဲ့တာကို စာလာပိုတဲ့ စာပို့သမားက မြင်တယ်။ Dolores ရဲ့ လက်ထဲမှာလည်း ဂျုံနှဲတဲ့ ကျောက်သား  rolling pin ကြီးနဲ့၊ 

Vera Donovan ကို သတ်မှူ့နဲ့ စွပ်စွဲခံရတယ် ။ 
ကျွန်းလေးက လူတွေက Dolores သတ်တာပဲဖြစ်မှာလို့ လက်ညှိုးထိုးကြတယ်။

အဲ့လိုနဲ့ လူသတ်မှု့နဲ့ စွပ်စွဲခံထားရတုန်း ရဲစခန်းမှာ ရဲမှူး 
Andy Bissette ကို  ထွက်ဆိုချက်ပေးဖို့  Dolorea ဟာ သူ့ဘဝ ၊ သူဖြတ်သန်းခဲ့ရတဲ့ ဘဝကြမ်း၊ ကြုံတွေ့ခဲ့ရတဲ့  အရက်သမား ယောကျာ်းဆိုး နဲ့ အိမ်ထောင်ရေး၊  

သူနဲ့သူ့အလုပ်ရှင် Vera Donovanဆိုတဲ့အမျိုးသမီးနဲ့  
နှစ် ၃၀ကျော် သံယောဇဉ်၊  Vera Donovan သေဆုံးတဲ့ နောက်ဆုံးအချိန်ထိကို ရဲ မှတ်တမ်းမှာ  တောက်လျှောက် story telling ပြောပြနေတဲ့ ပုံစံရေးထားတယ် ။  

🛑ဇာတ်လမ်းက ဦးကင်းရေးနေကျ  Horrorမျိုး မဟုတ်ဘူး။ လူတွေရဲ့ ကြောက်စရာ အငုံစိတ်၊လူတွေရဲ့ ဖြစ်တက်တဲ့ သဘောသဘာဝကိုပြောပြတဲ့ ဝတ္ထုမျိုး၊  ဦးကင်းရဲ့ ထုံးစံအတိုင်း အရေးအသား အသေးစိပ်ပြီး ပေရှည်တယ်။ ထူးခြားချက်က တခြားစာအုပ်တွေလို ခေါင်းစဉ်ခွဲ chapter တခုမှ မပါဘူး ။ 🛑

ဦးကင်းရဲ့ story telling လက်ရာကို ဖတ်နေရင်း စာအုပ် ဂျီးများတဲ့ ကိုယ်တောင် သဘောကျမိတယ်။ 

 
 Dolores ကို အခုမေးတဲ့ အဲ့ဒီ ရဲမှူး Andy Bissette ဟာလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက Dolores ဟာ သူ့ယောကျာ်းကို သတ်ခဲ့တဲ့သူလို့ စွပ်စွဲထားခဲ့တဲ့ အရာရှိပေါ့။ 
 




ရဲမှုး Andy Bissetteတင် မဟုတ်ပါဘူး၊ Little Tall Island တကျွန်းလုံးက ယောကျာ်းကို သတ်တဲ့ မိန်းမကြီးဆိုပြီး နှာခေါင်းရှုံ့၊ကဲ့ရဲ့ခဲ့ကြတာပေါ့။ 

👵Vera Donovan ဆိုတဲ့ အမျိုးသမီး.. 👵
သူက Little Tall Island မှာ အပန်းဖြေစံအိမ်ကြီးရှိတယ်။နွေရာသီဆိုရင် အပေါင်းအသင်းတွေဖိတ်၊ ပွဲတွေလုပ်ပြီး  စံအိမ်မှာ လာအပန်းဖြေကြတယ် ။

Vera က အလုပ်သမားတွေအပေါ် စည်းမျဉ်း စည်းကမ်း‌ တွေများတယ်၊ ခက်ထန်တယ်၊ ဒေါသကြီးတယ်၊
 
ဇီဇာခပ်ကြောင်ကြောင် အမျိုးသမီးကြီး တဦး။ 
ခြေသုတ်ခုံ ဖုန်ခါတာကအစ အိပ်ရာခင်းတွေ လှန်းတာလေကြောင်း တည့်မတည့် အဆုံး  တိတိကျကျ အသေးစိပ် မှန်ပြောင်းနဲ့ကြည့်ပြီး ဇီဇာကြောင်တဲ့သူမျိုး။

တနေ့တာ သူ့အိမ်မှာ လုပ်ရမယ့် စည်းမျဉ်း စည်းကမ်း တွေ မလိုက်နာနိုင် ချိုးဖောက်မိလို့ ထွက်သွားကြရတဲ့ အလုပ်သမားတွေ အများကြီး။

သူနဲ့ အဆင်ပြေတဲ့ အလုပ်သမားက ခပ်ရှားရှား၊ 
Dolores Claiborne တစ်ယောက်ပဲ အနားမှာ နှစ်တွေအကြာကြီး သည်းခံနေတာ။

အကျဉ်းချုံးပြောရရင် Vera Donovanရဲ့အမျိုးသားက တခါတလေပဲ Vera နဲ့အတူ စံအိမ်မှာ လာနေတာ ။ 

Vera ဟာ သူ့ယောကျာ်း ဖောက်ပြန်တာ သိတယ်။ အဲ့ဒါကြောင့်  တနှစ်မှာ သူ့ယောကျာ်းကားကို အက်စီးဒန့် ဖြစ်သလို ပုံစံ ဖန်တီးလိုက်တယ်။ အဲ့ဒီ့ ကား အက်စီးဒန့်မှာပဲ သူ့ယောကျာ်းဆုံးသွားတယ် ။ဖောက်ပြန်တဲ့ ယောကျာ်းရဲ့ ပိုင်ဆိုင်သမျှကို  Vera Donovan ပဲရသွားတယ်။ကလေးနှစ်ယောက် နဲ့လည်း ခပ်တန်းတန်းဖြစ်သွားတယ်။ 

Vera Donovan  ဟာ 1968 မှာ ပထမတကြိမ် လေနည်းနည်းဖြန်းတယ်။ ဒုတိယအကြိမ် ဖြစ်တဲ့ 1975 မှာ ပိုဆိုးသွားတယ်။သားသမီးတွေကလည်း သူရှိတဲ့ကျွန်းကို လာမကြည့်ကြဘူး။ 

သူဟာ မနှစ်မြို့စရာ ကောင်းတဲ့ မိန်းမကြီးဖြစ်ပေမယ့်၊ သူ့ကလေးတွေ က သူတို့ အမေကို လာကြည့်သင့်တယ်လေ။ ချီး သေးကအစ Dolres Claiborneပဲ လုပ်ပေးရတယ်။ ဝှီးချဲနဲ့ပဲ သွားရတယ်။

ကျောက်ကပ်ကလည်း မကောင်းတော့ဘူး။ လေဖြတ်ထားတဲ့အရှိန်နဲ့ မျက်စိအမြင်အာရုံကလည်း တဝက်ကွယ်နေပြီ။ မြင်တချက် မမြင်တချက်။ 

တခါတလေ Vera ဟာ ကလေးကြီး တစ်ယောက်လိုအော်ဟစ်ငိုတယ်။တခါတလေ သူ့ကိုယ်သူ ဘယ်သူမှန်း
မသိ၊ Dolres ဆိုတာ ဘယ်သူမှန်းမသိတဲ့အချိန်တွေလည်း ရှိခဲ့တယ်။  

ကုတင်ပေါ်မှာ မလှုပ်နိုင် Diaper ဝတ်၊ရာဘာ ဘောင်းဘီ ဝတ်နေခဲ့ရတဲ့အချိန်တွေ၊

အခုတော့ ဇီဇာကြောင်လှပါပြီဆိုတဲ့ Vera Donovan
ဆိုတဲ့အမျိုးသမီးကြီးဟာ သူ့ဘဝတလျှောက်လုံး သိခဲ့တဲ့ 

လူတွေနဲ့ အဝေးကြီးမှာ ရှိတဲ့ ကျွန်းလေးပေါ်က အိမ်ကြီးရဲ့အပေါ်ထပ် အိပ်ခန်းထဲမှာ တနေ့တနေ့ ဘာမှ လုပ်စရာမရှိ ၊ သေမယ့်နေ့ထိုင်စောင့်နေရတဲ့ အထီးကျန်ဝမ်းနည်းတက်တဲ့ မိန်းမအိုကြီးဖြစ်နေပြီ။

သူ့ယောကျာ်းနဲ့ ပတ်သတ်ပြီးလည်း အိပ်မက်ဆိုးတွေ မက်တုန်း ။ Dolores နဲ့ Vera Donovan ဟာ နှစ်တွေ 
အကြာကြီး မတည့်အတူနေလာကြပြီး ၊သံယောဇဉ်ကြီးလာကြတယ်။ 

👵🏻👵🏻Dolores နဲ့ သူ့ ယောကျာ်း Joe  St George 👴🏼👴🏼

Dolores တစ်ယောက် ဘာလို့ အိမ်ထောင်ပြုခဲ့မိလဲ စဉ်းစားလိုက်‌တော့ သူ့ဗိုက်ထဲမှာ ၆ပတ် အရွယ်  မိန်းကလေး ကိုယ်ဝန်ရှိတာကစတယ်။ 

Joe ကိုပြောလိုက်တော့ သူကလည်း လက်ထပ်မယ်၊
သေခြင်းတရားကပဲ သူတို့ကို ခွဲနိုင်မယ်ပေါ့၊ 

အိမ်ထောင်ပြုချင်တဲ့ ကျန်တဲ့အချက် တွေကတော့ တခြား အသုံးမဝင်တဲ့ အကြောင်းပြချက်တချို့ ပေါ့ ။ 

အိမ်မှာအမေနဲ့ ဆူပူပြောဆိုနေရတာကိုလည်း မလိုချင်ဘူး။ အဖေရဲ့အဆူ‌အငေါက် ခံနေရတာကိုလည်း စိတ်ပင်ပန်းတယ်။ 

Dolores ရဲ့ ကျန်တဲ့ သူ့သူငယ်ချင်းတွေ တော်‌တော်‌များများလည်း သူတို့ သီးသန့် ဘဝလေးတွေနဲ့ အိမ်လေးတွေနဲ့ မိသားစု ကိုယ်စီနဲ့ပေါ့။ 

Doloresတစ်ယောက် မိဘတွေ အနားမှာ  မိန်းမငယ်လေးတစ်ယောက်လို  စိတ်ပူပန်၊အအော်အငေါက်ခံနေရတာထက်၊ အိမ်ထောင်ကိုယ်စီ၊ မိသားစုကိုယ်စီနဲ့  သီးသန့်နေရတဲ့ ဘဝတွေကို အားကျမိတယ်ပေါ့ ။ 

Joe ဟာလည်း သူ့ကိုချစ်တယ်၊ လိုချင်တယ်ပြောတယ် ၊အဲ့ဒါလည်း ယုံခဲ့မိတာပဲ ။

အဲ့ဒါတွေကပဲ မကောင်းတဲ့အိမ်ထောင်ရေးကို ဖြစ်စေသလားပဲ ။

Joe ဟာ အရက်သောက်တယ်၊သောက်ရင် သွေးဆိုးတယ်။ အလုပ်လုပ်နေပေမယ့် ဘာမှ ဖြစ်မြောက်တာမရှိဘူး၊ Dolores ကပဲ ကလေးတွေ စရိတ် အိမ်အကူလုပ်ရင်း အဓိက ရှာပေးရတယ်။ 



ဒီကြားထဲ မိန်းမကို ရိုက်တယ်၊ ပထမပိုင်းတွေ‌တော့ Dolores အရမ်း ခံရတယ်။  သည်းခံခဲ့တယ်။ တည ညစာပြင်နေတဲ့အချိန် Dolores ရဲ့နောက်ကျောကို ထင်းချောင်းနဲ့ပါ နာအောင် ဖြတ်တီးတက်တဲ့ လူမျိုး ။   

နောက်ပိုင်းတော့ Dolores အသားနာလာတော့ သည်းမခံနိုင်တော့ဘူး။ Joe သွေးထွက်အောင် ပြန်တီးပြစ်တယ်။ 

နောက် Dolores ကပြောလိုက်သေးတယ်။
" မင်း ငါ့ကို နှိပ်စက်တဲ့အချိန်တွေ ပြီးသွားခဲ့ပြီ၊နောက်ထပ် လက်ပါလာခဲ့ရင် ငါတို့နှစ်ယောက် ထဲက တစ်ယောက်ယောက် ဆေးရုံ ရောက်ရင် ရောက်၊မ‌ရောက် ရင် အလောင်းပြင်တဲ့နေ‌ရာတော့ ရောက်မှာပဲ " လို့ Doloresကလည်း ပြန်ခြိမ်းခြောက်ထားတယ်။

 đŸ‘´đŸźJoe နဲ့ သမီး Selena 👩

အဲ့နောက်ပိုင်းခပ်ကြာကြာ၊ နောက်တပူဖြစ်ပြန်တယ်။ 

Dolores ဟာ သူ့သမီး Selena ရဲ့ အပြုအမူတွေ ထူးဆန်းနေတာ သတိထားမိတယ်။ ဆယ်ကျော်သက်အရွယ်  Selena ဟာ သူ့ကိုယ်သူ မလုံခြုံဘူး ခံစားရတယ်။
 
အိမ်နေရင်းအဝတ်အစားမျိုးနဲ့လည်း ကျောင်းသွားတယ်၊ သူရဲ့ လှပတဲ့ကိုယ်လုံးကိုလည်း မလှမပ အဝတ်တွေနဲ့ ဝတ်ဆင်ပြီးနေတယ်။ 

ကျောင်းအတန်းပြီးရင်လည်း အိမ် ပြန်မလာဘူး၊ အဖေကိုလည်း ရှောင်နေတယ်။ အမေဖြစ်သူက Dolores က စိတ်ပူနေ တယ်၊ ဘာကြောင့်ဆိုတာ မေးလည်း မဖြေဘူး။

Dolores တွေးတာက ရည်းစားဘာညာ ကိစ္စများလားပေါ့။ နောက်တော့ အခြေအနေသိရအောင် တနေ့ Selena ရဲ့ ကျောင်းအဆင်းကို Doloresသွားကြိုတယ်။ 

ကျောင်းအခန်းထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ Selenaတစ်ယောက်ထဲ စာငုံ့လုပ်နေတယ်။ အိမ်ပြန်လမ်း မှာအတင်းမေးတော့မှ  ဘာကြောင့်ဆိုတာ  Dolores တစ်ယောက် သိသွားတော့တယ်။ 

🛑Joe ဟာ အရက်သောက်လာလို့ သွေးဆိုးလာရင် ကလေးကို ဗလက္ကာရ လုပ်တာ၊
( မုဒိန်းကျင့်တဲ့အဆင့်ထိ မရောက်သေးပေမယ့် သမီးအရင်းကိုတောင် ကစ်ဆွဲခိုင်းတာ၊နည်းနည်း ထိချင် ကိုင်ချင်တာ၊ သူ့ရဲ့ကျားအင်္ဂါကို  လက်ဆော့ခိုင်းတာမျိုး )🛑




🛑အရက်ရှိန်ကြောင့် သမီးအရင်းဆိုတာကိုတောင် မမြင်နိုင်တော့တာနေမယ်။ ( ကိုယ်တွေနိုင်ငံမှာလည်း ဒီစာအုပ်ထဲကလိုအဖြစ်တွေ ရှိတယ်၊ တချို့ရွာတွေမှာ အရက်သမားအဖေက သမီးအရင်းကို မုဒိန်းကျင့်တာတို့ အဲ့လိုသတင်းတွေ တက်တက်လာတာ တွေ့ရတယ် ) ။ 🛑

ဒီကြားထဲ Joe ဟာ  မိန်းဖြစ်သူ Dolores အိမ်ဖော်လုပ်ရင်း သမီး‌ကျောင်းစရိတ်အတွက်  သီးသန့် လုပ်ပြီး စုပေးထားတဲ့ bank acc ထဲက ငွေကို  သူ့နာမည်နဲ့ Acc ထဲ သီးသန့်ပြောင်းထည့်လိုက်တယ် ။

အဲ့လိုဖြစ်မှာစိုးလို့ Dolores ဟာ သတိနဲ့ ဘဏ်စာအုပ် ကို ဝှက်ထားတာ ။ 

အဲ့အတွက်နဲ့ Dolores မှာ သူ့လက်ထဲ သမီးနာမည်နဲ့ bankစာအုပ်ကြီးကိုင်ထားရက်နဲ့ ယောကျာ်းဖြစ်သူက 

အုပ်ထိန်းသူအနေနဲ့acc ထဲက ငွေပြောင်းငွေလွှဲ လုပ်လိုက်တာကို bankက သူ့ဆီ မဆက်သွယ်ခဲ့ဘူး။

(ဘဏ်ဘက်တော့ သမီးဖြစ်သူရဲ့accကို ဖခင်ဖြစ်သူJoe က ပြောင်းတာပဲ၊ မိန်းမဖြစ်သူ ဘာသိစရာလိုသလဲ ဆိုတဲ့ ပုံစံ ) 

အမှန်ကအဲ့ပိုက်ဆံတွေဟာ တနှစ်ပတ်လုံး Dolores 
တစ်ယောက်Vera Donovan ရဲ့ အိမ်မှာ အိမ်ဖော်လုပ်ရင်း 

ကလေးတွေ ကျောင်းစရိတ်တွေ အတွက် စုထားရတဲ့ပိုက်ဆံ၊ Joe ရဲ့ ပိုက်ဆံ ခြူးတပြားတောင် မပါဘူး ။ 

အဲ့အတွက် bank နဲ့ပြဿနာတက်ရ၊ပြဿနာရှာလိုက်ရတယ်။

Dolores တစ်ယောက် Joe ကို တော်တော်သတ် ပြစ်ချင်စိတ်ပေါက်နေပြီ။ သမီးကြီးSelena ဟာလည်း စိတ်ဒဏ်ရ နေရတယ်၊ သူ့အဖေမြင်ရင် ကြောက်နေပြီ။

သားအလတ် Joe Junior ကတော့ သူ့အဖေကို မုန်းနေတဲ့သူ၊ အငယ်ကောင် Little Pete တစ်ယောက်ပဲ အဖေကို သံယောဇဉ်ကြီးတာ ။

Dolores ဟာ Vera အိမ်မှာ အလုပ်သာလုပ်နေရတယ်။သမီး Selena အတွက် စိတ်ကမဖြောင့်ဘူး။ဘာများဖြစ်မလဲ စိတ်ပူနေရတယ်။ 

Joe ဖြောင် /ဘတ်သွားတဲ့ ကလေးကျောင်းစရိတ်‌ တွေ အတွက်လည်း ပူရတယ်၊ စိတ်ပင်ပန်းလွန်းလို့ ငိုတယ်။

 Vera Donovan က Dolores အရင်ကလို မဟုတ်တာ သတိထားမိတယ် ။

အပြင်ကသာ အပေါက်ဆိုးပေမယ့် Vera ဟာ Dolores အပေါ် သံယောဇဉ်ကြီးတယ်၊ ကြင်နာတယ် ။

အကြောင်းတရားကို မေးတော့မှ သိတယ်။ 

Dolores ဟာ ဒီကျွန်းကနေ  သူ့ယောကျာ်းနဲ့ ဝေးရာကို ကလေးတွေနဲ့ ရှောင်ပြေးချင်နေတယ် ။ အဲ့အတွက် 
စုထားတဲ့ ပိုက်ဆံကို Joe ကဘတ်ထားတယ် ။ 

Vera က  ရှောင်ပြေးရင်တောင် ဘယ်လောက်ဝေးဝေး ရှောင်နိုင်မှာ မို့လဲ တဲ့။ တချိန် မင်းတို့ရှိမယ့်နေရာ လိုက်လာနိုင်တာပဲ ။ Dolores ကို သန်မာစေဖို့ Vera က အမြဲ တွန်းအားပေးတယ်။  ရင်ဆိုင်ဖို့ အကြံပေးတယ်။




ဒီစာအုပ်ထဲက နာမည်ကြီးသွားတဲ့ quote လေး
Vera Donovan က  Dolores ကို ပြောခဲ့တာ....
💛"Sometimes you have to be high riding bitch to survive. Sometimes being a bitch is all a woman has to hold onto."( Pg-170…)💛

နှစ်တွေအကြာကြီးကြာမှ ဖြစ်စဉ်ထူးတဲ့နေကြတ်တဲ့
တနေ့၊ ခြံနောက်ဖက်မှာ ဘလက်ဘယ်ရီခြုံပုတ်ပင်တွေရှိတယ်။ 

အဲ့ဒီ့အနားမှာ  မသုံးတော့တဲ့ ရေတွင်းဟောင်းရှိတယ်။ 

ဒါကို ဒီ ခြံပိုင်တဲ့ Dolores ပဲ သိတယ်။ 

🛑🛑 SPOILER AHEAD 🛑🛑
🛑🛑 SPOILER ALERT 🛑🛑

နေကြတ်တဲ့ ရက်မှာ Veraဟာ Dolores ကို အလုပ်နားခွင့် ပေးထားတယ်။ နေ့ကြတ်တဲ့ ရက်မှာ Dolores သူ့ယောကျာ်း ကို တခုခု ရင်ဆိုင်လုပ်တော့ မယ် ဆိုတာ 
သိတယ်။ Joe ကြိုက်တဲ့ အကောင်စားအရက်တွေနဲ့ နေကြတ်တာကြည့်ဖို့ ဖလင်ပြား ပေးလိုက်တယ်။



နေမကြတ်ခင်လေး Dolores တွေဝေနေသေးတယ်။ နောက် စကားများတယ်။နောက်ဆုံး နေကြတ်နေတဲ့အချိန်မှာ ဘလက်ဘယ်ရီ ခြုံပုတ်ပင်တွေနားက ရေတွင်ပျက် ရှိရာ ပိုက်ဆံဝှက်ထားသလိုနဲ့ Joe ကို ဆွဲဆောင်ခေါ်သွားတယ် ။ 



အစောပိုင်း ရေတွင်းနားက ခြုံပုတ်ပင်မှာ ပုဝါလေးနဲ့ အမှတ်အသားလုပ်ခဲ့ပေမယ့် နေကြတ်ပြီး မဲမှောင်လာတော့ မမြင်ရတော့ဘူး။ 

ရေတွင်းနားက ကျောက်အစွန်းလေးထွက်နေတာကို မြင်ပြီး ခုန်ကျော်လိုက်ပေမယ့် Joe တစ်ယောက် ရေတွင်းထဲ ဟန်ချက်ပျက်ပြီး ပြုတ်ကျသွားတယ်။ 


ကံဆိုးတာက ရေတွင်းပျက်က ခမ်းခြောက်နေတာမဟုတ်ဘူး။ ရေနည်းနည်းနဲ့ ပျော့နေတော့ Joe က မသေသေးဘူး။ ခဏနေတော့ မူးပြီး ရေတွင်းပျက်ထဲ ပြုတ်ကျနေတဲ့ Joe ဆိုတဲ့မကောင်းတဲ့ကောင်က ရေတွင်းနံရံ အစွန်းလေးတွေ ကို ကုတ်ကပ်ပြီး ရအောင် တက်လာတယ်။ 

Dolores က အခြေအနေ သိရအောင် ဓာတ်မီးနဲ့ တခေါက်လာကြည့်တဲ့အချိန်  ရေတွင်းအောက်ခြေက တက်လာတဲ့ 

Joe က Dolores ခြေကျင်းဝတ်ကို ဖမ်းဆွဲပြီး ဆွဲချတယ်၊ ဓာတ်မီး‌လည်း အဝေးကိုရောက်၊  ကံကောင်းလို့ Dolores ပြုတ်မကျဘူး ။ 

( ဒီအခန်းတွေက ဖတ်ရတာ ရင်တထိတ်ထိတ်ပဲ) ဟိုကဆွဲချလိုက် ၊ ရုန်းရင်းကန်ရင်းတက်လိုက် နဲ့  Dolores ဟာ အနားမှာရှိတဲ့ ကျောက်တုံးကြီးနဲ့ Joeကို အားကုန်သုံး ရိုက်ချလိုက်တယ်။ 

ဒီတခါတော့ ရေတွင်းပျက်ထဲ Joe အော်ရင်း ပြန်ပြုတ်ကျပြီး ဇတ်ကျိုး ပြီး သေသွားတယ်။

ကျွန်းပေါ်က လူတွေ အားလုံး နေကြတ်တာကို ကြည့်နေတဲ့အချိန် Dolores တစ်ယောက် Joe ရဲ့ အော်သံ ငြီးသံကြီးကို တစ်ယောက်ယောက်များ ကြားလိမ့်မလား စိတ်ပူမိတယ် ။ 

ရေတွင်းပျက်ထဲကို  အရက်ပုလင်းပါပစ်ချလိုက်တယ်။  နောက်တော့ အိမ်ပြန် သန့်ရှင်းရေးလုပ်၊ Joe များ အသက်ရှင်ရက် သူ့ရှေ့ပေါ်လာဦးမလား ရင်တထိတ်ထိတ်နဲ့ အိပ်လိုက်ရတယ်။

အဲ့နေ့က ကလေးတွေက အိမ်မှာ မရှိကြဘူး။နောက်တနေ့ နိုးတော့ Joe တကယ်သေသွားပြီဆိုတာ သိလိုက်တယ် ။ 

လူပျောက်တိုင်တယ် ။ပတ်ဝန်းကျင်က Joe ရဲ့ သူငယ်ချင်းတွေကိုလည်း  Joe အိမ်ပြန်မအိပ်ကြောင်း လူပျောက်နေကြောင်း ပြောတယ်။  

Selena က ပြန်လာတော့ ရိပ်မိသလို။ သူ့အမေကိုမေးတယ်။ Joe ကို တခုခုလုပ်လိုက်သလားဆိုတော့ Dolores ကတော့ လိမ်ပြီး No လို့ပဲ ပြန်ဖြေတယ်။

နောက်ရက်ကျတော့ ရေတွင်းပျက်ထဲက  Joe အလောင်းကို တွေ့သွားကြတယ်။ Joe ဆုံးသွားတဲ့ အချိန်မှာ Selena က အသက်၁၅ နှစ်၊ Joe Junior ကအသက်၁၃၊ အငယ်ဆုံး Little Pete က အသက်၉နှစ်ပဲရှိသေးတယ်။

 Doloresရဲ့ သားအလတ်ဖြစ်တဲ့   Joe Juniorက 
အဖေ့အလောင်းကို တွေတော့ သူက နဂိုကတည်းက 

အဖေ့အကျင့်၊သောက်တာတွေကိုမြင်ပြီး အဖေဆိုတာကို  ချစ်ချင်ပေမယ့် အပြုအမူကို မြင်ပြီး ချစ်လို့ကိုမရခဲ့ဘူး ။ 

Joe Junior သူပြောတာလေးက 'Ma,he says,'if I was glad he was dead, would God send me to hell ?' 

အဲ့နောက်မှာ Joe အလောင်းကို medical examiner ဘာညာနဲ့ စစ်သေးတယ်။အဲ့လူက သိပ်မထက်လို့  တော်သေးတယ် ။ ဒါပေမယ့် Doloresကို မျိုးစုံလှည့်ပတ်မေးစစ်သွားတာကို  Dolores တစ်ယောက် ပါးပါးနပ်နပ်နဲ့ပဲ ရှောင်နိုင်ခဲ့တယ် ။

ဒါပေမယ့် Dolores တစ်ယောက် Joe ရေတွင်းထဲပြုတ်ကျပြီး ဖြစ်နေတဲ့ မျက်နှာကြီး၊ငြီးတွားနေသံကြီးကို တော်တော်ကြာတဲ့အထိ အိပ်မက်ဆိုးမက်တုန်း။

Dolores သူလုပ်ခဲ့တာတွေက  အိမ်တွင်းအကြမ်းဖက် နှိပ်စက်တဲ့ ယောကျာ်းရန်ကနေ သူ့ကိုယ်သူ ကာကွယ်တာ၊ သမီး Selena အဖေအရင်းရဲ့  မုဒိန်းကျင့်ခံရမှာစိုးလို့ ကာကွယ်တာ။

💛"Everything I did, I did for love...That's the strongest love there is in the world and it's the deadliest. There's no bitch on earth like a mother frightened for her kids."( Pg-301…)💛

နောက်တော့ Vera Donovanကိုပြုစုရင်းနဲ့ပဲ  Dolores တစ်ယာက် ဖြတ်သန်းနေတယ် ။ 

အဲ့ဒီမှာပဲ  Vera ဟာ ဝှီးချဲတွန်းပြီး အပေါ်ထပ်ကနေ ခုန်ချပြီး သတ်သေဖို့ကြိုးစားတယ်။ Dolores လိုက်ဆွဲပေမယ့် မမှီလိုက်ဘူး။ 

ပြုတ်ကျတယ် ။ သွေးတွေထွက်နေပေမယ့် မသေသေးဘူး။Veraဟာလည်း သူ့ပယောဂ မကင်းတဲ့ အက်စီးဒန့်နဲ့ သေသွားတဲ့ သူ့ယောကျာ်းကို အိပ်မက်ဆိုးတွေ မက်နေတုန်းပဲ။ 

Dolores က ဆေးရုံကား ခေါ်ပေးတဲ့အထိ တောင့်ထားဖို့ Vera ကို ပြောတယ် ။  Vera ကသူဆေးရုံလည်း မသွားချင်တော့ဘူး၊သူ့ကို ကူညီဖို့ မြန်မြန်လက်စတုံးပေးဖို့ပဲ ပြောတယ်။ 

Dolores ဘယ်လိုတောင်းပန် တောင်းပန် မရဘူး။ 
ပြောမရတဲ့အဆုံး မီးဖိုခန်းထဲကကျောက်သား ဒလိမ့်တုံးယူပြီး ပြန်လာတဲ့အချိန် Vera Donovan တစ်ယောက် လှေကားအောက်ခြေမှာ ဆုံးသွားပြီ။ 

လက်ထဲက rolling pinကြီးကိုင်ထားတဲ့ အခြေအနေကို စာပို့သမားက မြင်တော့ Dolores စွပ်စွဲခံရတယ်။
ဒါပေမယ့် သူသတ်ခဲ့တာ မဟုတ်တဲ့အတွက် အပြစ်မခံရဘူး ။

 
အချိန်တွေ အကြာကြီး သံယောဇဉ်ကြီးလာတဲ့ အလုပ်ရှင်Vera Donovan မရှိတော့ သူ့ရင်ထဲ ဟာတာတာကြီးဖြစ်သွားရတယ် ။ နောက်တော့ Vera Donovan ရဲ့ ရှေ့နေက Dolores ဆီကို ဖုန်းဆက်တယ်။

Vera Donovan ဟာ သူ့ ပိုင်ဆိုင်တဲ့တချို့ကို လှုဒါန်းခဲ့ပြီး၊30millionကျော်ကို  Dolores အတွက် ပိုင်ဆိုင်မှု့ကို လွန်ခဲ့တဲ့ ၅နှစ်ကတည်းက  စာချုပ်နဲ့လွှဲပေးခဲ့ကြောင်း၊

သူမရှိ‌တော့တဲ့အချိန်မှာ  Doloresကို လွှဲပေးဖို့ ရှေ့နေ့ဆီ အပ်ခဲ့တယ်။ Dolores တစ်ယောက် သူ့ကိုယ်သူ မယုံနိုင်ဘူး ။ 

Dolores က ရှေ့နေ့ကို သူဟာ  Vera Donovan ရဲ့ အိမ်အကူ သက်သက်သာဖြစ်ကြောင်း ဘာမှ မတော်စပ်ကြောင်း၊  Vera Donovan မှာ သား တစ်ယောက် သမီးတစ်ယောက်ရှိကြောင်းပြောတော့....

ရှေ့နေ့က သူ သိကြောင်း၊ Vera Donovanရဲ့ သားနဲ့သမီးဟာလည်း သူ့အဖေဆုံးပြီး နှစ်သိပ်မကြာဘူး ကားအက်စီးဒန့်နဲ့ ဆုံးသွားကြကြောင်း ပြောတယ်။ 

Vera Donovan ဟာ သူ့ဆီမှာ နှစ်‌တွေအကြာကြီး သစ္စာရှိရှိ အိမ်အကူ  အလုပ်လုပ် ပေးဆပ်ပြီး သူ့အပေါ် ကောင်းခဲ့တဲ့ Dolores ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ နောက်ဆုံးမှာ ‌30million ကျော် အမွေတွေချန်ခဲ့တာ ။

အဲ့တော့မှ Dolores တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ် ။ ဒါပေမယ့် Vera Donovanပေးခဲ့တဲ့ 30million ကျော်ကိုလည်း Dolores ဟာ အမည်မသိလူတစ်ယောက် အနေနဲ့ မိဘမဲ့ကျောင်းကို အကုန်လှုခဲ့တယ်။ 

သူ့သမီး Selena ဟာလည်း ကျောင်းစကော်လားရှစ်တွေရပြီး မြို့မှာ ကျောင်းတက်၊ တဆင့်ပြီးတဆင့်နဲ့  နယူးယောက်က ဂျာနယ်တခုမှာ အလုပ်ကောင်းရနေခဲ့ပြီ။ 

သားလတ် Joe Juniorဟာလည်း ကြိုးစားလျှက် ထိုနည်းလည်းကောင်းပဲ။ 

အငယ်ဆုံး သား Little Pete ကတော့ ပေါက်ကွဲမှု့တခုမှာ သေဆုံးသွားတယ်။

ဒီစာအုပ် ဖတ်ရင်းနဲ့ ယောကျာ်းဖောက်ပြန်တဲ့ 
💚 Vera Donovanရဲ့ ဘဝဟာလည်း ချမ်းသာပေမယ့် စိတ်မချမ်းမြေ့ရဘူး။ မကောင်းတဲ့သူ့ယောကျာ်းကို အက်စီးဒန့်ဖြစ်အောင် ကြံဖန်ပြီး လုပ်လိုက်ပေမယ့်  အဲဒီ့အတိတ်ဆိုးတွေက Vera သူ လေတွေဖြတ် မလှုပ်မရှားနိုင် ဝှီးချဲပေါ်ရောက်တဲ့အထိ ‌ အတိတ်တွေ ၊အိပ်မက်ဆိုးတွေနဲ့ ခြောက်လှန့်တုန်းပဲ။ 💚

💛Dolores Claiborneဟာ အသက်၆၆နှစ်ထိ အစွပ်စွဲခံဘဝ နဲ့ နေခဲ့ရတယ်။  မချမ်းသာသလို နှိပ်စက်တဲ့ ယောကျာ်းဆိုး၊အရက်သောက်ပြီး သမီးအရင်းကို‌တောင် ဗလက္ကာရပြုချင်တဲ့သူမျိုး ဖြစ်ခဲ့တော့ သူရဲ့ ဘဝဟာ ကြမ်းတမ်းလွန်းတယ် ။💛

💙သမီး Selena ဟာလည်း ကျွန်းလေးကထွက်သွားပြီး
စကော်လားရှစ်တွေရ၊  ကြိုးစားရင်းနဲ့ နယူးယောက်က နာမည်ကြီး ဂျာနယ်တခု မှာ အလုပ်ရတယ်အသက်၄၀ကျော်ထိ  အိမ်ထောင်မပြုခဲ့ဘူး ။ အဖေအရင်းဖြစ်သူရဲ့ ဗလက္ကာရ  ဟိုကိုင်ဒီကိုင် လက်ဆော့ခဲ့လို့ စိတ်မလုံခြုံရ၊ငယ်ငယ်က စိတ်ဒဏ်ရာတွေ အများကြီး ရခဲ့တာနဲ့လည်းဆိုင်မယ်။💙


🎬📕 Dolores Claiborne စာအုပ် နဲ့ ရုပ်ရှင် 🎬📕
 á€˜á€Źá€€á€˝á€Źá€žá€œá€˛á€†á€­á€Żá€›á€„်
📕 စာအုပ်က ဦးကင်းထုံးစံအတိုင်း ပိုအသေးစိပ်တယ်

🎬ဇာတ်ကားထဲမှာ  Selena ဆိုတဲ့ ကလေး မလေးတစ်ယောက်ပဲ ရှိတယ်။

📕စာအုပ်ထဲမှာတော့ မောင်နှမသုံးယောက်ရှိတယ် ။

📕🎬 စာအုပ်လောက်သိပ်မစုံပေမယ့် ကျန်တာ တော်တော်များများများ နီးစပ်တယ်။

Misery ဇာတ်ကားမှာ ပါတဲ့ မင်းသမီးကြီး Kathy Bates က Dolores Claiborne နေရာမှာ ပီပီပြင်ပြင် သရုပ်ဆောင်သွားတယ်။

လူသတ်မှု့ စွပ်စွဲခံရရင်း ရဲစခန်းမှာထွက်ဆိုချက်ပေး၊Dolores Claiborne ‌နေရာကနေ Chapter မခြားပဲ တောက်လျှောက် story telling ပြောပြ၊ ရေးပြသွားတဲ့
ဒီစာအုပ်ကို တော်တော် သဘောကျမိတယ်။  ။

#Dolores_Claiborne
#Book_Summary_by Hnin Yi Pwint 
Dec 23.2020

🎬ဇာတ်ကား link🎬
https://channelmyanmar.org/dolores-claiborne-1995/

No comments: