မြန်မာနိုင်ငံ၏ တောင်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝ ပတ်ဝန်းကျင်လှပသာယာသော၊ရေသယံဇာတ။သစ်တော သယံဇာတ၊သတ္တုသယံဇာတ ပေါကြွယ်ဝသော တိုင်းဒေသကြီး တစ်ုခဖြစ်သည်မှာ အထူးပြောစရာလိုမည်မထင်ပါ ။ ထိုတနင်္သာရီ တိုင်း ဒေသကြီး၏ အစွန်ဆုံးမြို့တစ်မြို့ ဖြစ်သည့် ကော့သောင်းမြို့ အနီးတ၀ိုက်တွင် ကျွန်းပေါများလှပြီး အဆိုပါ ကျွန်းများတွင် ရှားပါး ဆလုံ(ခေါ်) မွန်ကင်း (သို့) Se Gypsies ခေါ် ပင်လယ်ပျော်တို့ နေထိုင် ကျက်စားကြသည် ဆိုလျှင်လည်း သိသူနည်းမည် ထင်ပါသည် ။
၎င်းတို့သည် ပင်လယ်တွင်နေ၍ ပင်လယ်တွင် အသက်မွေးဝမ်းကျောင်း ပြု နေထိုင်ကြသည် ။ ဆောင်းရာသီ လှိုင်းလေ ငြိမ်သက်သသည့် ကာလတွင် ပင်လယ်ရေထွက် သယံဇာတများဖြစ်သည့် ငါး ၊ကင်းမွန် ( ပြည်ကြီးငါး)၊ခရု ၊ကမာ ၊ပင်လယ်မျှော့ ၊ကျောက်ခတ်ကျောက်ပန်း ၊ငါးကြီးအန်ဖတ်၊လိပ်ဥ၊ငှက်သိုက်၊ ပျားရည်တို့ကို ရှာဖွေကာ ကြာရှည်ခံစေရန် အခြောက်လှမ်း ပြုပြင်စုဆောင်းပြီး ပြန်လည်ရောင်းချ စားသောက်နေထိုင်ကြသည် ။
ဆလုံတို့၏သေဆုံးခြင်းဓလေ့သည်လည်း ထူးဆန်းပေသည် ။ မိသားစုဝင်တစ်ဦးဦး ကွယ်လွန်သောအခါ ကျန်ရစ်သည့် မိသားစုများမှာ ခေတ္တခဏမျှသာ ငိုကျွေးကြပြီး နာရီ အပိုင်းတွင်း သီ ဆိုကခုန်ကြလေတော့သည် ။ သေဆုံးသူသည် အမျိုးသားဖြစ်ပါက ပင်လယ်ဒီရေတက်ချိန်တွင် သင်္ဂြိုလ်တက်ကြပြီး အမျိုးသမီး ဖြစ်ပါက ပင်လယ် ဒီရေကျချိန်တွင် သင်္ဂြိုလ် လေ့ရှိကြသည် ။သင်္ဂြိုလ်မှု့ ပုံစံသည် ဆန်းကြယ်ပေစွ ။ သေဆုံးသူအား မြေမြှုပ် သင်္ဂြိုလ်လေ့မရှိ ။ သောင်ပြင်ရစပ်တွင် ကျပ်စင်ထိုး၍ တင်ကာ သေဆုံးသူပိုင်ဆိုင်သောပစ္စည်းများကို အလောင်းနှင့် အတူ စွန့်ပစ်ထားခဲ့ကြလေ့ရှိသည် ။ ရှေးယခင် ဆလုံအယူအဆ တစ်ခုမှာ တစ်ဦးတစ်ယောက်သေဆုံးပါက သေဆုံးသည့် ကျွန်းသည် နမိတ်မကောင်းဟု ယူဆပြီး အသုဘအခမ်းအနားပြီးသည့်နေ့တွင် ထိုကျွန်းအား တစ်ရွာလုံးစွန့်ခွာသွားလေ့ရှိကြကြောင်း လေ့လာသိရှိရပါသည် ။
ဆလုံတို့တွင် တိကျခိုင်မာသော ကိုယ်ပိုင်စာပေဟူ၍မရှိ ၊ရိုးရာသီချင်းဟူ၍ သီးခြားမရှိ ။ရိုးရာတူရိယာပစ္စည်းဟူ၍ ရှေးယခင်ကာလကပ သစ်သားပင်စည်ကိုထွင်း၍ ဖွတ်သားရေကျက်ကာ ရိုးရာဗုံအဖြစ် အသုံးပြု တီးခတ်ကြလေ့ရှိကြပြီး ယ ခုအခါတွင် ရိုးရာဗုံပြုလုပ်ရန် သားရေ ရရှိနိုင်မှု့အခက်အခဲကြောင့် အိမ်အသုံးအဆောင် ၊ရေစည် ၊ဒန်အိုးကြီးများကို မှောက်၍ ဗုံအဖြစ် အသုံးပြုတီးခတ်ကြသည် ။ သီဆိုတီးမှုတ်ကခုန်ခြင်းကိုမူ နှစ်သက်ခုံမင်ကြသည် ။ ၎င်းတို့ သီဆိုသည့် သီချင်းသံမှာ မလေးလူမျိုးတို့ သီဆိုသည့် သံစဉ်နှင့် ခပ်ဆင်ဆင်တူပါသည် ။ ရိုးရာအကဟူ၍ သတ်သတ်မှတ်မှတ်မရှိ ၊ကခုန်ကြသည့်အခါ လက်ကို အပေါ်မြှောက်ကာ စည်းဝါးညီညီ ကခုန်လေ့ရှိကြသည် ။
ဆလုံများသည် အမိန့်ပေးခိုင်းစေခြင်း ၊တင်းကျပ်သောစည်းကမ်းချမှတ်ခြင်းများကို မနှစ်သက်ကြပေ ။အတင်းအကျပ်စေခိုင်း ဆောင်ရွက်စေလျှင် ထိုအရပ်မှ အလျှင်အမြန် ပြောင်းရွှေ့ထွက်ခွာသွားတက်ကြပါသည် ။ယခုအခါ ဆလုံများမှာ ယခင်တစ်ချိန်ကကဲ့သို့ မဟုတ်ကြတော့ ။လူ နှင့် ပတ်ဝန်းကျင်အကြား သဟဇာတကျကျ နေထိုင်တက်လာကြပြီဖြစ်ရာ ကော့သောင်းခရိုင်အတွင်းရှိ ဆလုံအများစုနေထိုင်ရာ ကျွန်းများဖြစ်သည့် ဇာဒက်ကြီးကျွန်း ၊ လန်းပိကျွန်း ၊ညောင်ဝိကျွန်း ၊ ဂျလန်းကျွန်းများတွင် ကျေးရွာများအတည်တကျ ထူထောင်နေထိုင်လျှက်ရှိပြီး လူနေမှု့အဆင့်အတန်းမြင့်မားလာကာ ကျေးလက်ကျန်းမာရေးဆေးပေးခန်း ၊စာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်း ၊ကျေးရွာစာကြည့်တိုက်များ အသုံးပြုကြသည့် လူ့ပတ်ဝန်းကျင်တွင် အတန်အသင့် လိုက်လျော ညီထွေစွာ နေထိုင်သည့် အလေ့အထများဖြင့် တွေ့မြင်နိုင်ပြီ ဖြစ်ပေသည် ။
ကမ္ဘာပေါ်တွင် ခေတ်မီ နည်းပညာများအသုံးမပြုပါဘဲနှင့် ပင်လယ်နှင့်ရေသတ္တ၀ါများအကြောင်း လက်တွေ့ဆန်စွာ သိရှိကျွမ်းကျင်သော လူမျိုး၊ပင်လယ်ပျော်သမားများပီပီ ပင်လယ်ကိုချစ်ခင်မြတ်နိုးသော ၊ပင်လယ်ရှိသောဒေသများတွင် ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့ကြသော၊ပင်လယ်နှင့်ဝေးရာတွင် ထွက်ခွာသွားရန်စိတ်ကူးထဲတွင်မထည့်သည့် ၊လွတ်လပ်ပျော်ရွှင်စွာ အနှောင်အဖွဲ့ကင်းမဲ့စွာဖြင့် အလိုရမ္မက်လောဘနည်းပါးပြီး အပူအပင်မဲ့ရိုးသားစွာ ဘ၀ကို ဖြတ်သန်းသွားလာနေထိုင်ကြသော ရှားပါး ပျောက်ကွယ်လုနီးပါး မျိုးနွယ်တစ်ခုဖြစ်လေရာ အခါအခွင့်သင့်ပါက လာရောက်လေ့လာနိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည် ။
ကျမ်းကိုး ။ ။နိုင်တာရာ ၏ ဆလုံ ( သို့) ပင်လယ်ပျော်သူများ
ရေးသူ ။ ။မောင်မောင်ကျော်စိုး
No comments:
Post a Comment