Tuesday, August 20, 2013

ဂျာနယ်ကျော်မလေး ( စောမုံညင်း)

 

                         journalkyawmamalay

 စာပေသူရဲကောင်း မျိုးချစ်ပုဂ္ဂိုလ်ကြီး ရွှေလင်းယုန်အမည်ခံ ဂျာနယ်ကျော် ဦးချစ်မောင်ဇနီး ဒေါ်တင်လှိုင်၏ အကြောင်းမှာ ရေးစရာတွေအများကြီးရှိသည် ။ သူကိုယ်တိုင် သတ္တိရှိရှိ ဖွင့်ဟရေးသားခဲ့သော သူလိုလူ စာအုပ်တွင် သူ၏အတွင်းရေးများကို စာဖတ်ပရိတ်သတ်အား  အစုံအလင် သိခွင့်ပေးထားပြီး ဖြစ်သည် ။ဇာတိသရုပ်ကို မျက်စိထဲ မြင်လာအောင် ပေါ်လွင် ပြတ်သားစွာ ဖော်ပြနိုင်ခြင်းမှာ ဂျာနယ်ကျော်မမလေး၏ ပြောင်မြောက်သော အရည်အသွေးပဲ ဖြစ်သည် ။

စာအုပ်တစ်အုပ်ဖြစ်အောင် လူတိုင်းရေးနိုင်ကြပါသည် ။ သို့သော် ရသမြောက်သော ရသစာပေဖြစ်ရန် မလွယ်ကူလှပါ။ သူရေးခဲ့သော သူလိုလူစာအုပ်မှာ စိတ်ကူးယဉ်မဟုတ်ပါ။တင်ဆက်ပုံကောင်းလွန်းပြီး ပင်ကိုယ်စရိုက်ပေါ်အောင် ပီပီသသ ၊သရုပ်ဖော်ပြကာ ကိုယ်တွေ့ကို အရင်းအတိုင်းဖောက်သည်ချထားသဖြင့် ဤစာအုပ်ဖတ်ရုံနှင့် သူဘယ်သူ ၊ဦးချစ်မောင် ဘယ်လိုပုဂ္ဂိုလ်ဟု သိနိုင်လောက်ပါပြီ။ ဒေါ်တင်လှိုင်သည် ပထမဦးဆုံး ရဝေလှိုင် ကလောင်အမည်နှင့်စာပေလောက အတွင်းသို့ ၀င်ရောက်လာခဲ့သည် ။ဒေါ်တင်လှိုင်၏ မိဘများမှာ ဘိုကလေး၊ဖျာပုံ ဒိစကြိတ် ဒေါ်ဆင် ဘဏ်မန်နေဂျာ ဦးပျားချိုနှင့် ဒေါ်ကြွယ်တို့ ဖြစ်ကြသည် ။ ဒေါ်တင်လှိုင်သည် ဘိုကလေးမြို့နယ် ၊ကမာလူကျေးရွာ၌ ၁၉၁၇ ခုနှစ်တွင် ဖွားမြင်ခဲ့သည်ဟု သိရသည် ။မောင်နှစ်မ ငါးဦးရှိခဲ့ရာ အစ်မများမှာ မိဘ၏ဘဏ်လုပ်ငန်းတွင် နှစ်ချုပ်စာရင်းပြုချိန်၌ မီးတထိန်ထိန်ဖြင့် အလုပ်လုပ်ကြသော်လည်း ဒေါ်တင်လှိုက်မှာကားနေ့စဉ်ထုတ် စာနယ်ဇင်းဖြင့်သာ အချိန်ကုန်ခဲ့သူဖြစ်သည်  ။ရှေးဟောင်းစာပေ ၊ပျို့ ၊လင်္ကာ ကြီးများကိုလည်း ခုံမင်စွာလေ့လာခဲ့သည် ။ မိခင်ဖြစ်သူ၏ ပုံကောင်းသွင်းခဲ့သဖြင့် အမြဲ ကြော့ကြော့ရှင်းရှင်း ခေတ်ဆန်ဆန် ဆင်ယင်နေတက်သူဖြစ်သည်။ စိတ်ကလည်း ထက်သည် ။ ရှေ့ဆောင် ရှေ့ရွက် သူလုပ်ချင်သည်ကိုလုပ်ရမှ ၊အညံ့မခံချင်စိတ်လည်းရှိသည် ။ သို့သော် အနွံအတာ အပင်ပန်းလည်းခံနိုင်သည် ။ထိုတင်းမာသော စိတ်ဓာတ်မှာ  အခြားညီအစ်မများနှင့် ကွဲလွဲချက်ပင်ဖြစ်သည် ။

သတင်းစာ ၊ဂျာနယ်၊မဂ္ဂဇင်များ၌ စိတ်ဝင်စားသူပီပီ မိန်းကလေးများ ကြက်တောင်ရိုက်သည်ကို မောင်းသတင်းက ကဲ့ရဲ့ လှောင်ပြောင် သည့်အတွက် ဒေါ်တင်လှိုင်က ပြန်လည်ချေပ ရှင်းလင်းသော ဆောင်းပါးရေးသားခဲ့သည် ။ “ ဏ, သတ်  ညဏ်အမြင်ရှိကြရန် ရေးသူ ရေ၀လှိုင် အမည်နှင့် မြန်မာ့ အလင်း” သတင်းစာတွင် ဖော်ပြခဲ့ရာမှ စပြီး အယ်ဒီတာ ဦးချစ်မောင်နှင့် သိကျွမ်းလာခဲ့သည် ။

တိုင်းပြု ပြည်ပြုဆောင်းပါးများ၊တို့ဗမာ အစည်းအရုံးဆောင်းပါးများလည်းရေးခဲ့သည် ။ သူကိုယ်တိုင်ကလည်း အဖွဲ့ဝင်တစ်ဦးဖြစ်၍ ရန်ကုန်မှ ခေါင်းဆောင်များ နယ်လှည့် တရားဟောလာသည့်အခါ မိမိ လည်း အလုပ်ရှုပ်ရလေသည်။ မြစ်ဝကျွန်းပေဓ တစ်လျှောက် သခင်မ ဒေါ်သိန်းတင်တို့ ရောက်လာစဉ် ဒေါ်တင်လှိုင်ကလည်း အဖွဲ့ဝင် တစ်ဦးအနေနှင့်လှုပ်ရှားခဲ့သည် ။ မျက်နှာဖြူများ၏ မျက်မွေးစူးခြင်းကို ဒေါ်တင်လှိုင် မိဘများပင်ခံခဲ့ရသည် ။

ဒေါ်တင်လှိုင်သည် မြစ်ဝကျွန်းပေါ်ရှိ ချစ်တီးများ၏ ငွေထုတ်ငွေသွင်း လုပ်ငန်းများကို ဖခင်၏ဘဏ်နှင့် ဆက်စပ်ပြီး ကြားတွေ့သိမြင်ခဲ့ရသူဖြစ်သည်။ရွှေ ၊ငွေ၊မြေ ၊လယ်ယာများကိုအပေါင်ခံပြီးငွေသားတွေကို ချိန်ခွင်နဲ့ ကြုံး၍ချိန်ကာ ဆင်းရဲသား ကျောမွဲများမှာ လယ်ပေါင် ၊မြေပေါင်ရှုံး၍ အိုးမဲ့ အိမ်မဲ့ စားရ၀တ်ရမယ့် ဖြစ်နေပုံများကို ပွဲကြည့်ပရိတ်သတ် အနေနှင့် လေ့လာခွင့်ရခဲ့သူဖြစ်ပါသည် ။

ငယ်စဉ်ကပင် တစ်ခုခုကို အလေးအနက် စဉ်းစားတက်သူပီပီ ဆင်းရဲသားများ၏ဘ၀ကို စာနာစိတ်ထားပြီး စာပေနှင့် ၁၉၃၇ ခုနှစ်ကစ၍ တင်ပြလာခဲ့သူဖြစ်သည်။ နိုင်ငံရေးအတွေးအခေါ်နှင့် ရေးလာသော အမျိုးသမီးတစ်ဦး၏ လက်ရာများကို သတင်းစာကလည်း လိုလိုချင်ချင် ကြိုဆိုဖော်ပြပေးခဲ့သည် ။တစ်နည်းအားဖြင့်လည်း ဒေါ်မမလေး ယနေ့ထင်ရှားလာခဲ့ ခြင်းမှာ ခင်ပွန်းသည် ဦးချစ်မောင်၏စံနမူနာကောင်းအများဆုံးရခဲ့၍ဟု ကျွန်မတော့အထင်ရှိသည် ။"ဘယ်ရှေးကံက အဘိရာဇကရယ်ကြောင့် သိလာခဲ့ရပုံ ”တေးထပ်မှာ ဒေါ်တင်လှိုင်အား အဆန်းတကြယ် တွေ့ခဲ့ပုံကို စပ်ဆိုခဲ့ခြင်းဖြစ်သည် ။ဦးချစ်မောင်သည် စာပေခရီးလမ်း၌ ဒေါ်တင်လှိုင်အား  အမီပါအောင် တွဲခေါ်ခဲ့သည်ဟုဆိုချင်ပါသည် ။သူတို့ဇနီးမောင်နှံသည် ၁၉၃၇ ခုနှစ်က လက်ထပ်ခဲ့ကြသည် ။ ဒေါ်တင်လှိုင်အကြောင်းရေးရလျှင် ဦးချစ်မောင်ကို ချန်ထားခဲ့၍မဖြစ်။ဂျာနယ်ကျော်မမလေး နာမည်ကြီးသည်မှာ မည်သည့်အချက်များက ဖန်တီးပေးနေသည်ဟု  လေ့လာမိသည် ။

ဒေါ်တင်လှိုင်၏ အသည်းကြားမှ စာပေပန်းငုံတို့သည် ဦးချစ်မောင်တည်းဟူသော နေအာရုဏ်တွင် ငွားငွားစွင့်စွင့်ပွင့်လာခဲ့ရသည် ။ဦးချစ်မောင်သည် ဘယ်လို ပုဂ္ဂိုလ်မျိုးနည်း ၊သာမည စာရေးဆရာ။သတင်းစာဆရာမဟုတ် ၊အလွန်သစ္စာကြီးသော မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်သည် ။ စစ်ဖြစ်ခါနီးတွင် နိုင်ငံရေး ၊စစ်ရေးတို့ကို ပြတ်သားစွာ သူ့ဂျာနယ်မှ ဝေဖန်ရေးသားလာခဲ့ပြီး ပြည်သူလူထုကို အသိညဏ်ပေးလာခဲ့သူဖြစ်သည် ။ ပထမ ကျောင်းဆရာ ၊ထို့နောက် နောရထာသတင်းစာတိုက်နှင့် မြန်မာ့အလင်း အယ်ဒီတာချူပ်အဖြစ်လုပ်ကိုင်ရင်း သတင်းသာဦးစီးများနှင့် ခေါင်းမာသော ဦးချစ်မောင်မှာ သဘောထာချင်း မတိုက်ဆိုင်သဖြင့် နှုတ်ထွက်ကာ ဂျာနယ်ကျော် နေ့စဉ်သတင်းစာတိုက်ကြီးကို ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

သူအယ်ဒီတာ လုပ်ခြင်းသည် စာပေကြောင့်ချည်း မဟုတ်ဘဲ နိုင်ငံရေးဆောင်ရွက်ချင်၍ဖြစ်သည် ။နိုင်ငံရေးသမားတွေများပြီး သတင်းစာ လုပ်သူက ရှား၍သာ သူဝင်လုပ်ရခြင်းဖြစ်သည် ။သူလုပ်ခဲ့သော နိုင်ငံရေးမှာလည်း ရာထူးယူကြသောနိုင်ငံရေးမျိုးမဟုတ်၊ အစိုးရကောင်းလိုချင်လျှင် အယ်ဒီတာကောင်းရှိရမည်  ဟူသောစကားအရ သူကိုယ်တိုင် အယ်ဒီတာကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့သူသာဖြစ်သည် ။နိုင်ငံရေးဘက်က ကြည့်လျှင် သူလို အယ်ဒီတာကိုရခြင်းမှာ အမြတ်ချည်းသာဖြစ်သည်။

“အသက်ခရီးမှာ တ၀က်ကြီးကျော်ခဲ့ပြီး ၊ထိရောက်စွာ ဘယ်အလုပ်တွင်မှ ကယ်ဟုတ်စွာ နိုင်ငံအကျိုးကို သယ်ပိုး မဆောင်ရွက်နိုင်လို့ စိတ်စက်မကြည် ၊ပါရမီ ကံလှီတင့်သည့်ဘ၀ ၊နိုင်ငံတော်မှု ကုန်ထမ်းတို့မှာ ညဏ်စွမ်း မယိုမင့်သော်လည်း ၊ခွင့်လှည့်မကျ ”ဟု သူ့ ဒိုင်ယာရီ၌ရေးခဲ့သည်ဟုသိရသည် ။ဒါကိုဖတ်ပြီး ငါတို့လည်း သည်လိုပါပဲကလား ၊ ခုချိန်အထိ ဘာမှ ထိထိရောက်ရောက် နိုင်ငံအကျိုး မဆောင်ရွက်ရသေးပါကလား ဟု ဦးချစ်မောင်၏ လေးဆစ်ကို ဖတ်ရင်း ကျွန်မတို့လည်း နောင်တရလာမိသည် ။

ဦးချစ်မောင်ကား သေသည်အထိ နိုင်ငံအကျိုးပြုလုပ်ငန်းကို လုပ်သွားခဲ့သူဖြစ်သည်။ ဂျပန်ခေတ်က လေနတ်သားစာရွက်တွေကို စုပြီးချေပ ဖြိုခွင်းဖို့နှင့် အစီရင်ခံစာတမ်းရေးဖို့လည်းတာဝန်ယူရသည် ။နိုင်ငံတော် ရေးရာ အဖြာဖြာနှင့် အစိုးရ လုပ်ဆောင်ဖွယ်ရာများကိုလည်း အကြံညဏ်ပေးရသည် ။စည်ပင်သာယာအဖွဲ့၏ ရှုပ်ထွေးသောအမှု့ကိစ္စတွေကို လည်းတက်နိုင်သ၍ ဖြေရှင်းပေးရသည်။မြန်မာ့ဝန်ထမ်းသင်တန်း၌လည်း သတင်းနှင့်ဆောင်းပါးရေးနည်းများ ပို့ချပေးရသည့်အပြင် ဂျပန်က သာယာဝတီ သူပုန်ကိစ္စ စာရေးခိုင်းသည်ကိုလည်း သူပဲ တာဝန်ယူပေးရသည်ဟု ဖတ်ရသည် ။ဘီရုမာရှင်ဘဇွန်းသတင်းစာ၌ မြန်မာယဉ်ကျေးမှု့ဖော်ထုတ်ရာတွင် ဘကြီးမှိုင်း ၊ဒေါက်တာဘဟန် ၊ဦးဖေမောင်တင် ၊ဒေါက်တာထင်အောင် စသည်တို့နှင့် အတူရေးသားခဲ့ရသည် ။အရှေ့အာရှ လူငယ်များစည်းရုံးရေးတာဝန် စီမံခန့်ခွဲဖို့ အကြံညဏ်ကိုလည် သူပဲရေးပေးရသည် ။ရာဇ၀င်၊ဘောဂဗေဒ ၊နိုင်ငံရေးရာစာပေကျမ်းဂန်များကိုလည်း ကျွမ်းကျင်၍ အင်္ဂလိပ်ဘာသာနိုင်နင်းသောပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း သူလိုလူ စာအုပ်၌ အကဲခတ်နိုင်ပေသည် ။

“ရှာရှာဖွေဖွေ” နှင့် “ကမ္ဘာကြီး ပျက်စီးလုလုနီးပြီလော”ဟူသော နိုင်ငံရေး ကျမ်းများနှင့် စိတ်ထားပြုပြင်ရေး သင်ခန်းစာပေးသော “သူ ”၀တ္ထုကြီးမှာ ဦးချစ်မောင်၏ အပြောင်မြောက်ဆုံးလက်ရာများဖြစ်သည် ။ သူ့ခများဗြိတိသျှ ၀င်လာသည့်အခါ အဖမ်းခံရသေးသည် ။လွတ်လပ်ရေးအတွက် ဖ.ဆ .ပ .လ ဖွဲ့ရန် ဘုရင်ခံထံ တင်ပြသော တောင်းဆိုချက်များ၊စည်းကမ်းများ ရေးဆွဲရာ၌လည်း ဦးချစ်မောင်၏ အကြံညဏ်များစွာပါဝင်ခဲ့သည် ။ ၁၃၀၇ ခုနှစ်၊ အသက် ၃၀ အရွယ်တွင် စာပေအာဇာနည် မျိုးချစ် ပုဂ္ဂိုလ်ကြီးမှာ ပင်ပန်းသည့်အတွက် စောစောစီးစီးပင် ကွယ်လွန်ခဲ့ရသည် ။သတင်းစုံ ဂျာနယ်ကမူ တပ်ဦး၌ “ကျဆုံးသူ ကလောင် သူရဲကောင်းကြီး ”ဟု ဖော်ပြခဲ့သည် ။

ဤတွင် ဒေါ်တင်လှိုင်ကား ဂျာနယ်ထုတ်ဝေသူနှင့် မန်နေဂျင်းဒါရိုက်တာအဖြစ် သားသမီးများ၏ တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရသည် ။မိန်းမသားဟူ၍ အားမနွဲ့ခဲ့ပါ။ ဦးချစ်မောင် သည် ဂျာနယ်ကို သူရှိစဉ်ကပင် ဇနီးသည်က ကြီးကြပ်လာခဲ့ကြောင်း ၊ယခုလို မစ္စတာဆာတိုးအား ပြောခဲ့ဖူးသည် ။ကျွန်ုပ် ၏ဂျာနယ်ကို “ကျွန်ုပ်၏ မိန်းမသာ တိုက်အုပ်အဖြစ် ဦးစီးလုပ်ကိုင်ခြင်းမရှိဘဲ ကျွန်ုပ်ကိုယ်တိုင် လုပ်ကိုင်ခဲ့ပါမူ ယခုမျှလောက်အောင် မြင်မည်မဟုတ်ပါ” ဟူ၍ဖြစ်သည် ။

ဒေါ်မမလေး၏ လိမ္မာ ပါးနပ်မှု့နှင့် အမြော်အမြင်ကြီးမှု့အပြင် စာပေ အရည်အသွေး ပြောင်မြောက်ပုံကို ဦးချစ်မောင်က ဖော်ထုတ်ပြောဆိုခဲ့ခြင်းပင်ဖြစ်သည် ။ ဒေါ်မမလေး၏ စာပေများမှာ ဆွဲဆောင်မှု့ အပြည့်အ၀ရှိပြီး သရုပ်ပီပြင်လွန်း၍ သူသူ့စာပေကို တမ်းတ ကြရသည် ။ ဂျပန်ခေတ်က ရေးသားခဲ့သော လုံးချင်းဝတ္ထုမှာ ( သူမ) ပင် ဖြစ်၏ ။စစ်ပြီးခေတ်တွင် အဖြူ နှင့် သူလိုမိန်းမ များ ရေးခဲ့ပြီး  ဂျာနယ်ကျော်နှင့် ဟစ်တိုင်း သတင်းစာတိုက်ကို ရိုက်ချိုးဖျက်စီးခံရပြီးနောက် ၀တ္ထုရှည်အဖြစ် ( စိတ်)နှင့် ( ကမ္ဘာမြေ၀ယ်) ကိုလည်းကောင်း ၊လစဉ် မဂ္ဂဇင်းကြီးများ၌ ၀တ္ထုရှည်နှင် ကိုယ်တွေ့မှတ်တမ်းများ ဆောင်ပါးများကို လည်းကောင်း ရေးသားခဲ့သည် ။

ဖန်အုပ်ဆောင်းထဲ့က နှင်းဆီပန်း မျက်နှာဖုံးကလေးနှင့် ၁၉၅၅ ခုနှစ်တွင်ရေးသော (မုန်း၍မဟူ) ၀တ္ထုရှည်မှာ စာပေဗိမာန် ဆုရရှိခဲ့ပြီး ၀တ္ထုတိုပေါင်းချုပ်ကို ရှု့မငြီးအမည်ဖြင့် ပထမအကြိမ် ထုတ်ဝေခဲ့သည် ။ထို့နောက် ၁၉၆၃ ခုနှစ်တွင် (တွေးတစိမ့်စိမ့်) ကို ၀တ္ထုတိုပေါင်းချုပ်ဆုအဖြစ် ရရှိခဲ့လေသည် ။ ဒေါ်မမလေး၏ ရင်မှ တစ်ရှိုက် ၊ ရင်နင့်အောင်မွှေး နှင့် သွေး ၀တ္ထုများမှာလည်း လူကြိုက်များသော စာအုပ်များ ဖြစ်၏။ ထို့ပြင် ၁၉၄၇ ခုနှစ်က ထုတ်ဝေသော ကလောင်ရှင် စာစောင်ကြီးတွင် “ပုံနှိပ်တိုက်လောကနှင့် ၆၀၀၀၀/- အကြွေး” ဟူသော ဒေါ်မမလေး၏ ဆောင်းပါး၌ သူ့ အခက်အခဲများကို ဖော်ပြခဲ့ ဖူးသည် ။

ယယခုအခါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဌာနချုပ်မှ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားမှု့သမိုင်းကိုဖော်ထုတ်ရေးသားခဲ့ရာသခင်မ ဒေါ်တင်လှိုင်၏ပြောပြချက်များလည်းပါဝင်ခဲ့သည် ။သခင်ကိုယ်တော်မှိုင်းကြီး ၊သခင်ညီ၊သခင်ထွန်းအုပ်၊သခင်မ ဒေါ်သိန်းတင် တို့နှင့်အတူ ဒေါ်မမလေးသည် အရင်းရှင်များအကြောင်း မြစ်ဝကျွန်းပေါ်တစ်လျှောက် ဟောပြောခဲ့သည်။

ဒေါ်မမလေးသည် ယဉ်ကျေးမှု့ကော်မရှင်နှင့် တရုတ်ပြည် ၊ရုရှားပြည်သို့လည်းကောင်း၊ အနုမြူ ဆန့်ကျင်ရေးကွန့်ဖရင့်ကိုယ်စားလှယ်အဖြစ် ဂျပန်ပြည်သို့ လည်းကောင်းရောက်ခဲ့သည်။

ခင်ပွန်းဆုံးပြီးနောက် သမီးငယ်ကလည်းခြေမသန် ရောဂါဖြစ်ရသည့်အတွက် မြန်မာ့ဆေးနှင့်ကုလိုစိတ်ဖြစ်ပေါ်ကာ မြန်မာ့ဆေးပညာ နေလ၀ိဇ္ဇာနည်းကို  လေ့လာ ဆည်းပူးခဲ့သည် ။ ၁၅နှစ်အကြာ လေ့လာပြီးသည့်အခါ၌ကား ဆေးပညာဆောင်းပါးတွေ ရှု့မ၀၊သွေးသောက်၌ အကြိမ်ကြိမ်ရေးခဲ့သည် ။မြန်မာ့ဓာတ်နည်းဖြင့် ကုသပေး၍ လူနာများချမ်းသာရကြောင်း ရေးသားထားသောဆောင်းပါးများကို စုပေါင်း၍ မြန်မာ့ ဆေးပညာ အမည်နှင့် ကျမ်းတစ်ခု ပြုစု ထုတ်ဝေခဲ့သည် ။လူတိုင်း မိမိတို့၏ ကိုယ်ကို ကျန်းမာအောင် နေထိုင်စားသောက်ဖို့ သတိပေးရင်း မြန်မာ့ဆေးပညာကို အထင်သေးသူများအဖို့ ရှင်းလင်းတင်ပြရေးသားခဲ့သည် ။

ယခုအခါ သူ၏ သီဟရတနာပုံနှိပ်တိုက်တွင် နေ့စဉ် ဝေဒနာရှင်များနှင့် ဆုံတွေ့၍ ကုသပေးလျှက် ရှိနေသည် ။သို့သော်သူ့ကိုယ်သူ ဆေးဆရာ ဖြစ်သွားမည်ကိုကား စိုးရိမ်မိသည် ။ဆေးဆိုင်းဘုတ်ကိုပင် မတင်ခဲ့။ဆေးကုပညာကို ၀မ်းစာအလုပ်ဟုလည်းသဘောမထားလိုပေ။တက်နိုင်သရွေ့ ကုသိုလ်အဖြစ်ကုသသွားမည် ။စီးပွားဖြစ်မလုပ်ပါဟု အဓိဋ္ဌာန်ပြုထားသည် ။ ပဲခူး ရွှေမောဓောဘုရား အုတ်မြစ်ချစဉ်က သူနာပြုဆရာမလေးများကိုငှားကာ ဆေးခန်းကို သပ်ရပ်စွာထားပြီး လူတစ်ထောင်အတွက် တစ်ယောက်လျှင် ငါးကျပ်တန် မြန်မာ့ဆေးဝါးများကုသိုလ်ဖြစှ်ုဒါန်းခဲ့သည် ။သူ့စေတနာမှာ မြန်မာ့ဆေး၏ထက်မြက်ပုံနှင့် ဓာတ်ပညာ နေလဂိုဏ်း ဖြင့် အသံ၊ အနံ့၊ အထိ ၊အတွေ့ များကို ဝေဒနာအလိုက် ကိုက်ညီအောင် ဓာတ်စာများနှင့်အတူ ကုသနည်းကို ဖော်ထုတ်ချင်၍ဖြစ်သည် ။

ကျွန်မမှာ ယခုလို စာပေလမ်းကြောင်းမှ နေ၍ ရုတ်တရက် ဆေးပညာဘက်သို့ လမ်းကြောင်းအသစ် ပြောင်းသွားပုံကို အံ့သြမိနေပါသည် ။ဂျာနယ်ကျော်မမလေး၏ ၀တ္ထုဇာတ်လမ်းကောင်းတွေ ရှေ့ကို ဖတ်မှ ဖတ်ရပါတော့မလားဟု စိုးရိမ်မိသည် ။

၁၉၇၁ ခုနှစ် ၊ဇူလိုင်လက ကျင်းပခဲ့သော အတ္ထုပတ္တိဆွေးနွေးပေး၌ သူပါဝင်ဆွေးနွေးပြီးနောက် ဒေါ်မမလေးကို စာပေအနုပညာရှင်အနေနှင့် ဆန္ဒယူပွဲတွင် ပါဝင်လှုပ်ရှားခဲ့သည်ကိုလည်းတွေ့ရပါသည် ။တွံတေးအနီး ဗောင်းတော်ချုပ်သို့ သွားရောက်ဆေးကုသည်ကိုလည်း ကြားသိရပါသည် ။ကျွန်မှာ သူ့အကြောင်းမရေးမိ (သူလိုလူ ) စာအုပ်ကို အကြိမ်ကြိမ် ပြန်ဖတ်မိရာ များစွာစိတ်ထိခိုက်ရပါသည် ။ဦးချစ်မောင်ကွယ်လွန်ခါနီး ဆေးရုံတွင် ဒေါ်မမလေး ဗျာများရပုံတွေကို ဖတ်ရင်း မှန်ထဲတွင် ကိုယ့်ပုံကို မြင်ရသလို အောက်မေ့မိသည် ။မကြာသေးမီက ဆေးရုံကြီးပေါ်တွင် ကျွန်မခင်ပွန်းကို ကျွန်မ နောက်ဆုံးပြုခဲ့ရသည်နှင့်မခြား ထပ်တူခံစားရသည့်အတွက် ဖြစ်ပါသည် ။ဦးချစ်မောင်ကွယ်လွန်သည့်အခန်းကဏ္ဍကို ကျွန်မမှာ မျက်ရည်ပေါက်ပေါက်ကျပြီး  ဖတ်ခဲ့ရပါသည် ။ကျွန်မကပဲ ဘ၀တူချင်းမို့စာနာမိလို့လား၊ဒေါ်မမလေး၏ အရေးအသားကပဲ ကောင်းလွန်း၍လား တော့မပြောတက်ပါ ။

၁၉၇၃ ခုနှစ် ၊နိုဝင်ဘာ (၁၆) ရက်နေ့က ဒေါ်မမလေးသည် ဦးချစ်မောင် စုဆောင်းခဲ့သည့် စာအုပ်ပေါင်း ၁၁၇၆ အုပ်ကိုတက္ကသိုလ် များ ဗဟိုစာကြည့်တိုက်သို့ လှုဒါန်းလိုက်ရာ အလွန်ရှားပါး၍ တန်ဖိုးကြီးလှသော စာအုပ်များ ပါဝင်သည်ဟု သိရပါသည် ။                       ။

                                                                                                         ( စောမုံညင်း)

 

No comments: