Tuesday, March 19, 2013

“ ကြိုးစားက ဘုရားဖြစ်နိုင်၏ ” အဘယ်ကြောင့် စာဖတ်ရမည်နည်း ( ပီမိုးနင်း )

လူမှာအစာနှစ်မျိုးရှိ၏ ။ စိတ်၏အစာ ၊ကိုယ်၏အစာပေတည်း ။ကိုယ်ခန္ဓာမှာ အသက်နှင့် အားအတွက် အစာအဟာရသည် အရေးကြီးဆုံးဖြစ်သလို စိတ်မှာလည်း အစာ အာဟာရ လိုလေရာ  စိတ်အာဟာရ ကင်းမဲ့ချေက လူမျိုးတို့၏ တိုးတက်ရေးပြေးပွဲမှာ  စိတ်ညဏ်အင်အား ကင်းမဲ့  သဖြင့် နောက်ကျန်၍နေမည်သာတည်း ။ ကိုယ်၏ အစာကို မစားဘဲ အငတ်ခံနေလျှင် ကိုယ်ခန္ဓာ သေကြေ ပျက်စီးရသလို  စိတ်၏အစာကို မ မှီဝဲဘဲ အငတ်ခံချေက စိတ်၏ညဏ်အရာ၌ အသေကောင်ပမာ အသက်ကင်းမဲ့လျှက် ကျက်သရေ မရှိသော အလောင်းကောင် အသုဘ နှင့် တူပေလိမ့် မည် ။ ၎င်းစိတ်၏အစာမှာ အစာဖြစ်ဖို့ အက္ခရာတစ်လုံးသာ လိုလေရာ ထိုအက္ခရာ   အ  တစ်လုံးရှေ့မှာကပ်ချေက ဗီတာမင် အာဟာရ ကိုပေးသော  ထူးချွှန်သောအစာပင်ဖြစ်လေသည် ။
များစွာသောသူတို့ သည် စာကို အပျင်းပြေသော် လည်းကောင်း ၊ အပျော်သော်လည်းကောင်းဖတ်ကြ ၏။ သတင်းစာ ၊မဂ္ဂဇင်းဖတ်သူတို့ မှာလည်း အားလပ်သောအချိန် ကိုပျော်ပျော် နှင့် အချိန်ကုန်စေရန်ကာမျှ  သဘောထားကာ ဖတ်ကြလေသည် ။
စာဖတ်ခြင်းကိုရှေးဦးစွာ စာပေ လိုက်စားသူတို့ က အစပြုကြ၏ ။ အလုပ် အကိုင်သမားများက အစပြုသည် မဟုတ်ပေ ။ လွန်ခဲ့ သော နှစ်ပေါင်းနှစ်ဆယ် မတိုင်မီ အခါ၌  စီးပွားရေး အကြံ အစည် အလုပ် အကိုင် အရောင်းအဝယ်များနှင့် ပတ်သက်သောစာအုပ်များမပေါ်မရှိခဲ့ကြချေ။ အလုပ် အကိုင် ၊အရောင်းအဝယ် နှင့် စာအုပ်များမှာ ထိုအခါသမယ၌ ဆက်ဆံ ခြင်းမရှိခဲ့ပေ ။ ယခုခေတ်အခါ၌  တံငါလူမျိုးများ၏ အလုပ်မှာ စာနှင့် မသက် ဆိုင်သကဲ့သို့ ထိုအခါ၌ လုပ် ကိုင် ကြံစည် ရေးမှာ စာ နှင့် မသက် ဆိုင်ခဲ့ပေ ။ ထိုအခါသမယ၌ စာကို ယဉ်ကျေးလိမ္မာခြင်းအတွက် အတွက် သာဖတ်ကြ၏ ။ကြီးပွားအောင်မြင်ဖို့ ရန် အတွက် ဖတ်လေ့ မရှိကြ ပေ ။
ယခုခေတ်အခါမှာပင်  ကြံရေးစည်ရေး ရောင်းရေးဝယ်ရေးနှင့် ပတ်သက်သော စာအုပ်များကို ဖတ်ရှု့သူနည်းပါးလေသည် ။ အများအားဖြင့် အပျင်းပြေ ဗဟုသုတ ကို ရဖို့ အတွက်သာ သဘောထား၍ ဖတ်ကြလေသည် ။ ဗဟုသုတ သည် ပရိတ်သတ် အလယ်၌ စကားပြောရန်မျှ ထက်  ပို မို အသုံးမဝင်ချေက  ထိုဗဟုသုတ သည် အဘယ်မှာ အကျိုးရှိပါ မည် နည်း ။
ထို နည်းလမ်းသည် လွန်စွာမှားလေသည် ။ ယခုအခါ မင်အိုးကလောင်တံသည် အလုပ်တိုက်မှာအရေးကြီးသလို စာဖတ်ခြင်းသည် စီးပွားရှာကြံ လုပ်ကိုင်ရေးအတွက်  အရေးကြီးလေသည် ။
စာအုပ် တစ်အုပ် ကိုဖြစ်စေ ၊ သတင်းတစ် ခုကိုဖြစ်စေ ဖတ်သည့် အခါ ရလာသော အသိတစ်စုံ တစ်ရာကို ငါ အဘယ် နည်းဖြင့် အသုံးပြု ရ ပါ မည် လဲ ။ထိုအသိ သည် အဘယ်ပုံ အကျိုးရှိ နိုင်ပါမည် နည်းဟူ၍ စဉ်းစားအပ်လေသည် ။
အတက်ပညာ အလုပ် တစ်ခုခုကို လုပ်သူမှန်က စာကို ဖတ်ရာ၌်  မိမိ ၏ အ လုပ် အကိုင် အကြံ အစည် အတွက် အသုံးကျမည့် အချက် တစ်ခုခုကို ထိုစာ၌ တွေ့ရ တက်လေ၏ ။ သို့ တွေ့ရသည့် အခါ မှတ်သား၍ အချက်ကျစွာ အရေးပေါ်လျှင် ထို အချက် ကို အသုံးပြု တက်ဖို့ လိုလေသည် ။
ယခုခေတ်သည် အပြောင်းအလဲ နှင့် တိုးတက်ခြင်း အရာ၌  လွန်စွာ လျှင် မြန်လေရာ မည်သည့် နည်းလမ်းဖြင့် အသက်မွေးသည် ဖြစ်စေ ၊မိမိ၏ နည်းလမ်းအ လုပ်နှင့်  ဆိုင်သော စာ အုပ် များ ၊မဂ္ဂဇင်းဂျာနယ်များကို အမြဲ ဖတ်နိုင်မှ ခေတ် ကိုမှီ နိုင်လေရာ သို့ ဖတ်ခြင်းမှာလည်း စာတစ်အုပ်တစ်လေမျှ ဖတ်ရုံ နှင့် မပြီး ။ နောက်ဆုံးပေါ်သမျှ  အသစ် ဆန်းထွင် သမျှ စာအုပ်ကို ဖတ်နိုင်မှ ခေတ်မှီ လျှက် ခေါင်ေးဆာင်၍ နည်းသစ် လမ်းသစ် အကြံ သစ် များကို ထွင် နိုင် ဖို့  ရှိလေမည် ။သို့ မဟုတ်ချေက အချက်ကောင်းအခွင့်ကောင်းများကို အခြားသူများက အသုံးပြုပြီး မိမိ မှာ နောက်ေ ယာင် နောက် ပါ သာ ဖြစ်နိုင်သည် ။
မြန်မာလူမျိုးတို့မှာ အင်္ဂလိပ်စာ တက်သူတို့ သည် မြန်မာဘာသာသို့ ပြန်ဆိုသောကျမ်းများကို မဖတ်လိုကြပေ ။ ၎င်းတို့ မဖတ်ဘူးသော အင်္ဂလိပ်ကျမ်းအချို့ကို မြန်မာဘာသာဖြင့် ပြန်ဆိုထားသော  ကျမ်းဖြစ်ချေက  အင်္ဂလိပ်စာ မဟုတ်သဖြင့် မဖတ်ဘဲ နေ လျှင် အသိနောက်ကျ ဖို့သာရှိလေသည်။ ထို့ ပြင် မိမိဘာသာစကားကို ရှုတ်ချသဖြင့်  မျိုးချစ်စိတ်ကင်းမဲ့ ရာသို့ရောက်လေသည် ။ ဂျပန်လူမျိုးများမှာ အနောက်တိုင်း  အင်္ဂလိပ် ၊ဂျာမန်  စသည့် ဘာသာများမှ ပြန်ဆို ထားသော ကျမ်းများကို  ဖတ်ကြသဖြင့် ယခုအခါ ဥရောပ တိုင်းသားတို့၏ အဆင့် အတန်းကိုမှီ လျှက် ဥရောပ တိုင်းသားများကို ပင် အချို့သော ဌာန များ၌ လွှမ်းမိုးစ ပြု ကြသည်ကို သိရလေသည် ။ ဂုဏ်သရေရှိ  အမ် (မ်) အေ အောင် သူ ဟိန္ဒူ ဘန်ဂါလီ လူမျိုး တစ်ယောက် သည် ဘန်ဂါလီ မဂ္ဂဇင်းတစ်အုပ်ကို ဖတ်၍နေရာ စာရေးသူက ခင်ဗျား ဘန်ဂါ လီ မဂ္ဂဇင်းများကိုလည်း  အဖတ်သားကိုးဟုပြောဖူးရာ ၎င်းလူက  ကျွန်တော်တို့ ဘာသာစကားကို  ကျွန်တော်တို့ မှ မဖတ်ရင် အဘယ်သူဖတ်မလဲ။ ကျွန်တော်တို့ ဘာသာစကားဟာ  အင်မတန် အဖိုးတန် တယ် ဟု ပြန်၍ပြောလေသည် ။

မြန်မာလူမျိုး အင်္ဂလိပ်စာတက်များကို ထို ဘန်ဂါလီ လူမျိုးကဲ့ သို့မျိုးချစ်စိတ်ကောင်းအမှန်ရှိသူ  ၊မြန်မာလူမျိုးဖြစ်ရ ခြင်း အတွက် မရှက်မကြောက်သူ ၊မြန်မာ စာကို ကောင်းသည် ဟု မှတ် ထင် လိုက်စားဖို့ အဘယ်မျှလောက်များရှိပါသနည်း။အချို့က  မြန်မာဖြစ်လျှက်နှင့် ကျွန်တော်မြန်မာလိုကောင်းကောင်းမပြော
တက်လိုပါ ဟူသောစကားကိုပြောကြ။မြန်မာဖြစ်လျှက် မြန်မာပြည်မှာမွေး၍  မြန်မာပြည်မှာနေသူ ဖြစ်ပါ လျှက် နိုင် ငံခြားမှာ လေးငါးဆယ် နှစ်နေရုံမျှနှင့် မြန်မာစကားကို နိုင်ငံ ခြားဘာသာစကားလောက် မတက် ခြင်းသည်မျိုးချစ်စိတ်ကင်းမဲ့သူ၊မိမိဘာသာစကားကို ရှုတ်ချသူ ၊မြန်မာဘာသာကို မလေးစားလောက်သော ဘာသာ၊ မလေးစားလောက်သောစကားမျိုးဟု သဘောထားသူ  ။ မြန်မာစာအုပ်ကို ကိုင်ရ မှာ   ရှက်သူ ။ လွန်စွာ ရှက်ကြောက်သူ ဖြစ်သည်ဟူ၍ သာ ဒိဋ္ဌ ယုံကြည်ဖို့ ရှိလေရာ ထိုကဲ့သို့ သော ခေါင်းဆောင်အချို့  ကို  နိုင်ငံရေးလောက ၌ ပင် တွေ့ရှိလေရာ ထိုခေါင်းဆောင်မျိုး၏ စိတ်ကို အဘယ် ပုံ ထူးမြတ်ကိုးစားလောက်သည် ဟု ပြောနိုင်ပါ မည် နည်း ။ ချစ်လျှင်  လေးစားရမည် ။ စာသည် လူမျိုး ပိုင် ပစ္စည်းဟူသမျှတွင် အမြတ် ဆုံး ဖြစ်၏ ။ သို့ ပါလျှက် ထို အမြတ်ဆုံးသော ပစ္စည်းကို အဖိုးမတန်ဟု သဘောထားကာ  မဖတ်ဘဲ နေကြလျှင် အမျိုးသားကို ရှုတ်ချရာသို့ရောက်လေရာ  ထိုကဲ့သို့ ရှုတ်ချသူတို့အား  အဘယ်နည်းဖြင့် လွတ် လပ်ရေးအတွက် ကိုးစား ယုံကြည်လောက်ပါ မည်နည်း ။
စီးပွားရှာသူတို့ မှာ စာကို ဖတ်မှ   စိတ်ကူးညဏ်  အသစ်ကိုရနိုင်၏ ။  သတင်းစာဖတ်ရာ၌လည်း သတင်းတစ်ခုခုမှ စိတ်ကူးညဏ် တစ်ခုခုကိုရနိုင်လေရာ  ထိုစိတ်ကူးညဏ်ဖြင့် ကြီးပွား ခံစားရမည့် အကျိုးစီးပွားမှာမ၏အဖိုးမဖြတ်နိုင်အောင် ကြီးကျယ်နိုင်လေသည် ။
ဟင်နရီ ဖိုဒ့်သည်  မြင်းမပါသော ရထားများ အကြောင်းကို မဂ္ဂဇင်းတစ်အုပ်၌  ဖတ်မိသဖြင့် စိတ်ကူးရပြီး  ဖိုဒ့် မော်တော် အလုပ်ကြီးကို တည်ထောင် ခဲ့လေသည်။ ထိုနည်းဖြင့် စာဖတ်ရင်း စိတ်ကူးညဏ် အသစ်အဆန်းရကြရာ ကြီးပွားသူတို့သည် အရေ အတွက် အားဖြင့် များစွာ ရှိလေသတည်း ။
သို့ ဖြစ်လေရာ  စာဖတ်ခြင်း၌ ရည်ရွယ်ချက်ကို ထားကြ ရမည်။ ထို ရည်ရွယ်ချက်မှာဤစာ၌ ပါသော  ဤ အချက်ကို  ငါ ဘယ်ပုံ အကျိုးရှိအောင်  သုံးရပါ မည် နည်း ။ ငါ၏ အလုပ် အတွက် ဟိုအချက်လေးကို သုံးတိုင်း  အဘယ်မျှ အကျိုးရှိ မည် စသည်ဖြင့်  ဆင်ခြင်ကာ သတိထား၍ ဖတ်အပ်လေသည် ။
အဘိဓမ္မာ ၊သင်္ဂြိုလ်ကို ဖတ်လျှင်  တရားအကြောင်းကို အနည်းငယ်သိပေလိမ့် မည်။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အတက် ကျမ်းကို ဖတ်လျှင်ကား  သူဌေးဖြစ်နိုင်၏ ။ ငါတက်ပြီ ။ ငါ သိပြီ ။ဖတ်ရန် မလိုဟုတွေးတောသော မိမိကိုယ်ကို အထင်ကြီးနေသော ရူးရူးပေါပေါ  လူတစ်မျိုး ရှိ၏ ။ထို လူမျိုး၏ စိတ်၌ ထို အထင် ပေါ်ပေါက်တိုင်း  ငါရူး လို့ ပဲ ဟုစိတ်ချလက်ချ ယုံကြည်ကြရမည် ။အကြောင်းမူကား လောက၌ သိစရာ ၊တက်စရာ ၊မှတ်စရာ ဟူသည်  အဆုံးမရှိအောင်များစွာရှိကြလေရာ ၎င်းအထင်မျိုးရှိသူသည်  မိမိကိုယ်ကို ဘုရားနှင့် နှိုင်းသူ  ဘုရားကို ဂုဏ်ပြိုင်သော ပိုးစုန်းကြူးဖြစ်လေရာ အမိုက် အမှောင် ကောင်ဖြစ်သော  လင်းနို့ ၏ ဝမ်းတွင်းသို့ရောက်ကာ  အမိုက်မှ အမှိုက်အလှေးဖြစ်ကာ လင်းနို့ချေး အဖြစ်သို့ ရောက်ဖို့သာ ရှိ ပေသတည်း ။

                                                                           တိုးတက်ရေး မဂ္ဂဇင်း ၊ နံပါတ် (၄ ) ၊နိုဝင်ဘာ ၊၁၉၃၃

Blogged with the Flock Browser