Thursday, February 7, 2013

လူငယ်တွေဖတ်စေချင်ပါ သည်( မနှင်း ) { ဓမ္မရတနာမဂ္ဂဇင်းတွင် ဖော်ပြခံရသော ကျွန်မ ၏ ပထမဆုံးဓမ္မဆောင်းပါး }

 

ကျွန်မ ဒီနေ့တော်တော်လေးကိုပျော်ပါတယ် ။ယနေ့မနက် နယ်မှာနေသော မေမေက လှမ်းဖုန်းဆက်ပါတယ်။ဓမ္မရတနာ မဂ္ဂဇင်းတွင်ကျွန်မ ၏ ပထမဆုံးဆောင်းပါ လေး ပါ ၍ မဂ္ဂဇင်းတိုက် မှ မေတ္တာ လက်ဆောင် စာအုပ်နှင့် စာမူခ  ပေးပို့ လိုက် သည် တဲ့ ။  ကျွန်မ အတွက် မင်္ဂလာရှိ သော သတင်း လေးပင် ။ စာမူခ ရခြင်းမရခြင်းထက်  ဆောင်းပါးလေးပါ သည် ကို ပင်   ကျွန်မ မျက်ရည် လည်ကာ    ပီတိများစွာဖြင့်  ၀မ်းသာရပါ သည် ။ အခြားသော မဂ္ဂဇင်းများတွင် ဆောင်းပါး ဖော်ပြ ခံရခြင်း ထက်  ဓမ္မ မဂ္ဂဇင်း တွင်           ကျွန်မ၏ပွဲဦးထွက်ဆောင်းပါးလေး အပယ်မခံ ရဘဲ ၊ အမှိုက် ပုံးထဲ မရောက်ဘဲ ပုံနှိပ် စာလုံးဖြင့် ဖော်ပြခွင့် ရခြင်းကို ကျွန်မ ကျေနပ် မိပါ ၏ ။ အထူးသဖြင့် ကျွန်မ လို လူငယ် တစ်ဦး၏ စာမူကို ဓမ္မ စာစောင် တွင် ဖော်ပြခံရခြင်းလောက်ဝမ်းသာကျေနပ်မှု့မျိုှးရှိမည် မထင် ။ ဆောင်းပါးလေးကို ဖတ်ရှု့ ကြည့်ကြ ပါ ဦးရှင့် ။



                                                            *                     *                          *

လောကတွင် သားသမီး သုံးမျိုးရှိသည် ဟု ဆရာတော် တစ်ပါး ဟောကြားသည် ကိုနာကြားမှတ်သားဘူးပါ၏  ။ ထို  သားသမီး   သုံးမျိုးတို့မှာ--


( ၁) အ၀ဇာတ  သားသမီး

(၂ ) အနုဇာတ သားသမီး

( ၃ ) အတိဇာတ သားသမီး

 

တို့ ဖြစ်ကြပေသည်  ။ " အ၀ဇာတ သားသမီး "  ဆို သည်မှာ မိဘအောက်  သီလ ၊သမာဓိ  ၊ပညာ  အောက်ကျ  ၊အသိ အလိမ္မာ ညဏ်ပညာ အောက်ကျ တဲ့ သားသမီးမျိုး ဖြစ်၍ ၊ " အနုဇာတ  သားသမီး "  ဆို သည် မှာ မိဘနှင့် သီလ ၊သမာဓိ ၊ပညာ တန်းတူ  ၊အသိအလိမ္မာ  ညဏ်ပညာ တန်းတူ တဲ့ သားသမီး မျိုး ဖြစ် ပါ ၏ ။  နောက် ဆုံး တစ်မျိုး ဖြစ်တဲ့ မိဘ ထက်  သီ လ၊သမာဓိ၊ပညာ၊အသိအလိမ္မာ ညဏ်ပညာ သာတဲ့ သားသမီးမျိုး ကိုတော့  " အတိ ဇာတ  သားသမီး "   ဟုခေါ်ကြပေသည် ။  ဒီ ခေတ်မှာတော့  " အ၀ဇာ တသားသမီး  "တွေတော့ အများဆုံးရှိကြမှာတော့  အသေချာပါပဲ ။ ဘုရားရှင် လက် ထက်တော် ကတော့ အများဆုံးရှိကြ တာ " အတိဇာတသားသမီး " တွေပါ ။ အဲဒီ သားသမီးတွေဟာ  မိဘ ထက်  သီလ  ၊သမာဓိ ၊ပညာ ၊ အသိအလိမ္မာညဏ်ပညာသာကြပါတယ် ။




ယနေ့ခေတ်မှာတော့ အချို့ မိဘတွေမှာ  တတိယ အရွယ် ဖြင့် ရောက်နေကြ ပြီ ၊ ဒါန ၊   သီ လနှင့်  တင်းတိမ် နေကြပြီး  သမထ ၀ိပဿနာ ဆို တာ မိမိ တို့နှင့် မဆိုင် ဘိသကဲ့ သို့ ဖြစ်နေကြ သည့် ၊ ကြီးမိုက်    ဖြစ်နေကြ သည့်   ပုဂ္ဂိုလ်များစွာလည်း ရှိ ပါ ၏ ။ သာသနာ ၀န်ထမ်းရှင် ရဟန်းများလည်း  မိမိ တို့နှင့် ပတ်ဝန်းကျင် လက်လှမ်းမှီ ရာတွင်   သံသရာမှ လွတ်မြောက်ကြောင်း  အကျင့် ကောင်းတရားများကိုဟောပြ ညွှန်ကြားပါသော်ငြားလည်း ၊လက်လှမ်းမမှီ သေးသော  နေရာများစွာရှိပါ ၏ ။ ကိုယ့် အိမ်ကို နေသူ ကို တရားအတင်းလိုက်ပြ၍ မရနိုင် ။ ကိုယ်တိုင် လိုချင်စိတ်ရှိ မှ တရားရှိရာ    နေရာသို့ရောက် လာနိုင်ပေမည် ။  ထိုသို့ လိုချင် စိတ်ရှိ အောင်လည်း အဓိ က    တာဝန်ရှိသူများမှာ  အနီးကပ်ဆုံး   နေကြသော လူငယ် လူရွယ်များပေတည်း ။




ယနေ့ခေတ် လူငယ်တွေက စာဖတ်ကြ သည် ။ ညဏ်ကောင်းကြ သည်  ။  သို့ သော် အကျိုးရှိ အောင် အသုံး မချ တက်ကြ သည်က တော်တော် ဆိုးသည် ။ တရားနာခြင်း ၊  တရားမှတ် ခြင်း ၊    အယူဝါဒ မှားများကို တွန်းလှန်ဖို့ စသည့် အလုပ် တို့ သည် လူငယ်တို့နှင့် လားလားမျှ မသက်ဆိုင်သကဲ့သို့ ဖြစ်နေ သည်မှာ ၀မ်းနည်းစရာပင် ။ တရား အလုပ် သည်   အသက်ကြီးသူ တို့နှင့် သာ သက် ဆိုင် သည်ဟု မှတ် ယူ ထားခြင်းသည် လည်း အလွန်ပင် မှားပေ သည် ။ ညဏ်အလုပ်ကို  ညဏ် ထက်သော အရွယ် တွင် လုပ် ပါ မှတရားရနိုင် ဖို့ သေချာပေမည် ။ တရားနာ သည် ဆို သည် မှာလည်း  လက်ရှိ  ဓမ္မ စာပေများကို ဖတ်ရှု့ လေ့ လာခြင်းသည် ပင်လျှင်တရားနာခြင်း တစ်မျိုးပင် ဖြစ်သည် ။ သို့ သော် လည်း  စစ်မှန် သော တရားကို ရွေးချယ် တက် ဖို့ လည်း လိုအပ်ပေမည် ။  လူငယ်တို့တွင်ရှိသော  ထက်မြက်သောညဏ်ရည်  ၊ စာဖတ်အားကောင်းမှု့ သည် အမှန်တရားကို   ရှာဖွေရာတွင် အသုံးဝင်ပေ ၏ ။ စာဖတ်အားကောင်းလာလျှင် အမှား အမှန် ကို ဝေဖန် ပိုင်းခြားတက်သော  ညဏ်ရည် သည် လည်း အလိုလို ရရှိ လာပေလိမ့်မည် ။




လူငယ်တို့ က အနာဂတ် ဆိုတာ အတွက် မျှော် လင့်ချက် တွေ အများကြီးထားကြ သည် ။   ဗုဒ္ဓက  " မျှော်လင့်ချက် ထားရသည် ၊သို့ သော် တွယ်တာကပ်ငြိမှု့ မဖြစ်စေနဲ့ " လို့  မိန့်တော်မူလေ သည်  ။ ဤဆောင်းပါး ရေးသူ ကျွန်မ သည် လည်း လူငယ် တစ်ဦး ဖြစ်ပါ ၏ ။ လူငယ်သဘာဝ ထုံးစံ အတိုင်း အိပ် မက်ကြီးကြီး မက် ဘူးပါ ၏ ။ နိုင် ငံ ရပ် ခြားသို့ ပညာတော် သင် အဖြစ် သွားရောက်ရန် တော်တော်လေးကြိုးစားခဲ့ ပါ ၏ ။   စိတ်ဖိစီးမှု့ များသောကြောင့်   ခေါင်းတစ်ခြမ်းကိုက်ရောဂါ စွဲကပ် လာခဲ့ လေ သည် ။ ထို့ ကြောင့်မိမိ တို့ မြို့ ရှိ ရိပ် သာတွင် ညနေ တိုင်း တရားထိုင်ခဲ့ ပါ သည် ။  တရားထိုင်တော့ မှ  စိတ် ကို    ဘယ်လောက်   ထိန်းသိမ်းရ ခက် မှန်းသိလာခဲ့ ၏ ။ "  စိတ်သာရှင်စော  ၊ ဘုရားဟော "  ဆို တာ အမှန်ပေ ကိုး ။ တိုတိုနှင့်  လိုရင်းပြောရ လျှင် အမြင်များပြောင်းလဲ လာခဲ့ ပါ သည် ။ 




ယခင် က မိမိတို့ အိမ် တွင် အရုပ်ပေါင်းများစွာရှိပါ ၏ ။ ပိုင်ရှင် ကား မိမိ ၏ မွေးမိခင်ပေါ့ ။ " ဘိုးမင်းခေါင် ၊ မြင်းဖြူရှင် ၊ မင်းကြီး ၊မင်းကလေး ၊  အိမ် တွင်း  " များပါ ဘိ   ။ ဒါတောင် ဟိုးယ ခင်  " သာသနာ ပွဲ " ဆို တာတောင် ပါ သေး ။  မိမိတို့ ပင် မစားသော အုန်းသီး ၊ ငှက်ပျော သီးစိမ်းများကို  ၊ဘုရားစင်ပေါ်တွင် တစ်နေ ကုန် တစ်နေ ခန်း လနှင့်ချီ ၍ တင် ထားကြ သည် ။ ဒီ လိုနှင့် "အဘ "ကို ရေနွေးကြမ်းကပ် ရတာနဲ့ ၊ "မင်းကြီး မင်းက လေး  " အား ဆေးလိပ် ကပ်ရ တာနဲ့ " မြင်းဖြူရှင် " အား မြက် ဆက် ရ တာနဲ့ကြာတော့ အမြင် ကပ် လာသည် ။  သူတို့  မစတာ  ၊မ   မစတာ  အပထားဦး  ၊ ယခုတော့ လုပ် သမျှ သည်   အပို အလုပ်တွေ သာဖြစ်သည် ကို သိ လာပြီ ။ တရားထိုင် ၍ တစ်နှစ်လောက် ကြာလာတော့  ဘုရားစင် ဘေးတွင်   ထိုအရုပ် များ ကို မြင်ရ သည်မှာစိတ် မချမ်းသာတော့ ။  တရားအကြောင်း ပို ၍ သိချင် လာသည် ။ လယ်တီ ဒီ ပနီ ပေါင်းချူပ်တွေ ၊ မဟာ စည် ဆရာတော်ကြီး၏ စာအုပ်တွေ ၊ ရှေးခေတ် ဆရာတော်ကြီးများ၏  စာအုပ်တွေ အစုံဖတ် သည် ။ ဓမ္မံရံသီ လည်း ပါ သည် ပေါ့ ။ ရတနာ မြတ်သုံးပါးအားယခင် ထက် ပို မို ကြည်ညိုလာသည် ။ "  မိရိုး ဖလာ ဗုဒ္ဓ ဘာသာ ၀င်" ထက်  မိမိကိုယ်ကို  "တကယ့် ဗုဒ္ဓ ဘာသာ ၀င် " ဖြစ် လာ ကြောင်းသိ လိုက်ပြီ ။ မိမိတို့ ပြု လုပ်ဆဲ ၊    ပြုလုပ် မည့်  ၊ပြု လုပ် ခဲ့ တဲ့  ကံ သည် သာလျှင် ကိုးကွယ်ရာ အစစ် အမှန် ဖြစ်ကြောင်း  သိ လိုက် ပါ ပြီ  ။ အရုပ်များကို ဖယ်ရှားပစ် ဖို့ ဆုံးဖြတ် လိုက်ပြီ  ။ သို့ ပေမယ့် ယခင် က လို  တစွတ်ထိုး မိုက်ရူးရဲ ဆန်ပြီး ဘာဖြစ်ဖြစ်ကွာ ဆိုပြီးဖယ်ရှားခြင်းမျိုး မဟုတ်  ။ အကျိုးမရှိသည် ကို လုပ်ရင်း တစ်သံ သရာလုံးနစ်မွန်းမည့်  အလုပ် ကို  ဘာကြောင့် လုပ်တော့ မည် နည်း ။  မှားမှန်းသိလျှင် ပြင်ရမည်  ။   ပြောင်းလဲ ပစ်၍ မရနိုင်လောက်အောင်  အချိန်မနှောင်းသေးမှန်းသိ၏ ။ ကိုယ်ဆောက် တည် ထားသော သီလ  ၊  ကျင့်ကြံ အားထုတ်ထားသော   သမာဓိ ပညာ ကို ယုံ၏ ။ ဤ သို့ ဖြင့် နတ် ရုပ်များအား ကိုယ် တိုင် ပင် မေတ္တာ ပို့ ပြီး ဖယ်ရှားပစ် လိုက်ပါသည်  ။ ယခင်ကတော့ မိခင် က နည်းနည်း လန့် သည်  ။ဘာများ ဖြစ်မည် နည်းပေါ့  ။  ဘာဆို  ဘာမှ ကို မဖြစ်ပါ ။




ယခုနှစ်စီးပွားတောင် တက် လာပါသေးသည် ။ ထို့ အပြင် ကိုယ် တက်နိုင် သလောက်  စာသင် တိုက်မှ ဆွမ်းခံကြွသော စာသင် သားရဟန်းသုံးပါးအား  နေ့ဆွမ်း ၊ဟင်းလောင်းစေ ၏ ။ အာရုဏ် ဆွမ်းခံကြွသည့်  ဓူတင်ဆောင်  တရားကျင့် သည့်  အရှင်မြတ် နှစ်ပါးအားလည်း  ဆွမ်း ၊ဟင်းလောင်းစေ ၏ ။ မိဘများ စိတ်ကြည် လင် အေးချမ်းသည် ကို တွေ့မြင်ရလျှင်  ကျွန်ုပ် သည် လည်း ၀မ်းသာပီတိဖြစ်ရ ပါ၏ ။ ထိုခံစားချက် ကို ကိုယ်တွေ့ ကြုံ ဖူးသူမှ သာ နားလည်ပေမည် ။ ကိုယ်တိုင်က တရားအားထုတ်နေ ၍ မိဘ က ဆူဆူ ပူပူလုပ်ချင်လျှင်တောင် မလုပ်ကြတော့  ။တရားတန်ခိုးပေ တည်း  ။ မြတ်စွာ ဘုရား၏ တရားတော်များ သည် ငြိမ်းချမ်းရေး တရားတော်များဆိုတာ  လက်တွေ့ သိလာခဲ့ ပါပြီ ။ ထို့ ပြင် အားထုတ်ကြည့်မှ တရားအားထုတ် သည် ဆို သည်မှာ မလွယ်ကူ မှန်း    သိလာရ သည် ။တရားအလုပ် ဆိုတာ  ညဏ် အလုပ်ပေ ကိုး  ။ ညဏ် ထက်သော အရွယ် တွင် လုပ်ပါ မှ တရားစစ် ၊  တရားမှန် တွေ့နိုင်ပေမည် ။တတိယအရွယ်မှသာ  တရားရှာတော့ မည် ဟု တထစ်ချ မတွက် ပါနဲ့ ဦး ။ မတည်မြဲသော လောက ကြီးတွင် နေ  နေရခြင်း ဖြစ်သည် ။ယနေ့တောင် မပိုင်လျှင် နောက်ရက် များဆိုတာ ဆိုဖွယ် မရှိ ။ နေရ သည့်  အချိန် လေးကို အကျိုးရှိစွာ အသုံးချပါ ။




ထို့ကြောင့်  ဤဆောင်းပါး ဖတ်မိ သူ ပုဂ္ဂိုလ် ကြီး ငယ် မရွေး ကိုယ့် ကို ကိုယ် သေချာ ဆန်းစစ် ကြည့်ကြ ပါ ။ မိမိ တို့ မိဘ အတွက် ဘာနဲ့ များကျေးဇူး ဆပ် ပြီးကြ ပါ ပြီ လဲ ။ မိမိ သည် အထက်တွင် ဖော်ပြခဲ့ သော  သားသမီး အမျိုး အစားထဲ မှ မည် သည့် အမျိုးအစားထဲတွင် ပါ သနည်း  ။ ကိုယ့် ကို ကိုယ် ဆန်းစစ် ကြည့်ကြပါဦး  ။ ပိုက်ဆံနှင့်  ကျေးဇူး ဆပ် တာပေါ့ လို့ တော့ စေဒက မတက် လိုက်ကြ ပါနဲ့ဦး ။ ပိုက်ဆံ နှင့် ကျေးဇူး ဆပ် ခြင်းသည် တစ်ဘ၀စာ ကျေးဇူး ဆပ် ခြင်းသာလျှင် ဖြစ် ပါ သည် ။ တ ကယ့် ကျေးဇူး ဆပ်ခြင်း အစစ် အမှန် ကား တရားမရှိ သော မိဘ  တရားရှိအောင်  ၊ ကိုးကွယ်မှု့ အယူဝါ ဒ မမှန် သော မိဘ  အယူ ၀ါ ဒမှန်ကန်အောင်  လူငယ် လူရွယ်များကိုယ် တိုင် က ဦးဆောင်ဆောင်ရွက် သင့်ပေသည် ။ မိဘ မပြင်သေးလျှင် ကိုယ် ပြင်ပေးရ မည်ပေါ့ ။ မိဘ က မိသားစုရဲ့စံပြ မဟုတ်ဘူးလို့ ထင်နေသူတွေ အတွက်  ၊ကိုယ်က မိသားစုတွင် စံပြ ဖြစ်အောင်နေပါ ။ ကိုယ့် ကို ကိုယ် ကြည်ညိုလေးစားအောင်နေပါ  ။  လူငယ်တွေက  လောဘကြီးကြသည် ။ ကမ္ဘာကြီးအား ပြု ပြင် ပြောင်းလဲ ဖို့  ကြိုးစားနေကြသည်  ။ အရင်ဆုံး ကိုယ်တိုင်၊ ကိုယ့် မိသားစု ကိုယ့် ပတ်ဝန်းကျင် ကိုပင် ပြောင်းလဲနိုင်အောင် လုပ်ပါ ဦး  ။ မိမိကိုယ် မိမိ  လေးစားအောင်နေပါ  ။ သင့် ပတ်ဝန်းကျင်မှလူများ သင့် အား    လေးစားလာ   ပေလိမ့်မည်  ။ မှန် ကန်သော အယူ  ၊ အတွေး အမြင်ရှိအောင် တန်ဖိုးရှိသော စာပေများဖတ်ပါ ။

အယူဝါဒမှားများ ကို တွန်းလှန်ရဲသော သတ္တိ မွေးပါ ။  ဓမ္မ စာပေများ သည် သင့် စိတ် နှလုံးကို တည် ငြိမ်အေးချမ်းစေ သည် ။ရင့် ကျက်စေသည်  ။ ကြိုးစားကြည့် ပါ ။ သင်ကြိုးစားနေသ၍ အရာအားလုံး ဖြစ်နိုင်ပေ သည်  ။             ။

 

 

      
ှင်းရည် ပွင့်