Wednesday, January 16, 2013
သံဝေဂ လင်္ကာ ( ၂ ) ( ဆန်းလွင် ၊ရှင် အာဒိစ္စရံသီ )
  ၁။
ဘ၀အကြောင်း  တစေ့ တစောင်းတော့ 
စဉ်းစားဖို့ ကောင်းပါ သည် ။
လူဖြစ်သည့်ခဏ     ခုဘ၀ကျမှသာ
ကိုယ့်ဘာသာ ကိုယ့်အကြောင်း
ဟောင်းခဲ့ သစ်ခဲ့  ၊ကောင်းခဲ့ မကောင်းခဲ့
စောင်းငဲ့ လို့ ပြန် လည် တစ်ဖန် စဉ်းစား
စမ်းတ၀ါး သိနိုင်စဉ် ဘ၀အမျှင်အစကို
သင့်ရာက ဆွဲပြီး ခွဲခြားရှု့မြင် 
သိနိုင်သမျှ ဆင်ခြင်၍ ကြည့်ကြပါစို့ ။
ယခုဘ၀ ရောက်မလာကြခင်က
ဘ၀ဘယ်မှာ အနေကြာခဲ့ပါ့
ဂင်္ဂါ ၀ါဠု သဲစုမက ဘုရားတွေ ပွင့် လိုက်ကြတာ
ဘယ်သာသနာကိုမှ မကြုံလိုက်ကြပါ ကလား ။
ယခုလောက်ကြာအောင် မကျွတ်ပဲနေ လာကြရတာ
သာသနာနှင့်လွဲလို့ပေါ့ ၊ ဘုရားအဆူဆူ 
ပွင့်တော်မူပါလျှက် ၊လူမဖြစ် နတ် မဖြစ်
အောက်ထစ်ဆုံးဘ၀ ငရဲက ပြန်မတက်လို့ လား၊
 အ၀ိဇ္ဇာ ကွင်းဆက် မပျက် မပြတ်ဘဲ
တ၀ဲလည်လည်  အပါယ်ဘုံမှာ
စုန်ကာ ဆန်ကာသာ အနေကြာခဲ့ တာလား ။
ခုတစ်ခါကျမှ လူ့ ရွာ လူ့ဘဝ
သုံးသပ် ဆုံးဖြတ် နှလုံးကပ်ပြီး
စဉ်းစားတက် လို့ ကိုယ့်ဘ၀ဖြစ်အင်
ကိုယ့်အကြောင်းကိုမြင်တော့ သွင်သွင်စီးကျ
မျက်ဝန်းအစုံမှာ မျက်ရည်စတွေနှင့် ပါ ကလား ။
မိုက်မှားခဲ့လသမျှ အသည်းကနာကျင် 
ဘယ်လိုပင် ဖြေဖျောက်သော်လည်း 
မျက်ရည်ပင်မခြောက်ပါ ဘူး ၊
ကြောက်စရာ့ သံသရာမှာ
ယခု ဘ၀ ဘ၀ အရှိ
သိဖို့တော့ သင့်ပြီ ထင့်
တွေးချင့်စရာ လူမို့သာ စဉ်းစားနိုင်တာနော် ။
၂။
သြော်  ပုထုဇဉ် မမြင် မျက်ကန်း 
သံသရာ အဆင်းလမ်းမှာ
စမ်းတ၀ါးဝါးလျှောက်သွားနေ လိုက်တာ
ရှေ့မှာ ဘ၀ချောက်က မတ်စောက်စောက် ရှိသော်လည်း
သူကမှ မမြင်တော့ ခြေချော်ပြီး ချောက်ကျတာ 
ဘာဆန်းမလဲ ၊  လဲမှ နာ ၊  နာမှသိ 
 မချိမဆန့် ထိတ်ထိတ် လန့်လန့်နှင့်
လူးလွန့် ထူထ ဖုန်ခါကျပြီး
ရှေ့မှ မြင်ရ မှုန်ပျပျ အဆင်းလမ်းကို
အတက်လမ်းထင်၍  မှန်းဆလျှောက်ပြန်တော့
နောက်ဘ၀တစ်ခါ ချောက်ကျရပြန်တာပေါ့ ။
ကံလမ်းပေါ်မှာ  ပုထုစဉ် သူ့ခင်မျာ
ဘ၀ပေါင်းများစွာလျှောက်ခဲ့ပြီးပါလျက်
 အတက်လမ်းပေါ်မှ သူမရောက်
ချောက်ပြီးရင်းချောက်ကျကာသာ
ကာလများစွာ ကြာခဲ့ ပါပြီလေ ။
၃။
ဘ၀များစွာ  ကံကြွေး ၀ဋ်ကြွေး
ကုဋေကုဋာကို ခန္ဓာနှင့်ပေးဆပ်
အသားနှင့် ပေးဆပ် ၊အသွေးနှင့်ပေးဆပ် 
ပခုံးနှင့်ထမ်းဆပ်  ၊အရေ ခွံနှင့် ဆပ်
ပခုံးနှင့် ထမ်းဆပ် တုံးထမ်း၍ဆက်ခဲ့ကြပြီးပြီ ၊
ကံကြွေးဟောင်းအလီလီ ကို ပြေလည်အောင်
ပေးဆပ်ခဲ့၍သာ ယခုတစ်ခါ လူ့ပြည်မှာ
 လူဖြစ်လာရတာကို အခွင့်ကောင်းမထင်
မဆင်ခြင်ဘဲ အလွဲနေ အလေ လိုက်ပြီး
အမိုက်အမဲ ငရဲမကြောက် ကံလမ်းပေါ်မှာ
နောက်တစ်ခါ လျှောက်ကြလျှင်ဖြင့်
 သင့်လောက်မိုက်သူ ဇမ္ဗူ မှာ မရှိ
မိုက် ခေါင်ထိပြီ မှတ်ပါတော့ ။
၎။
မဆင်မခြင် အမြင်မသိ 
မရှိမျက်ကန်း စမ်းတ၀ါးဝါး
ကံလမ်းမှာ တစ်ခါ သွားကြပါ မူကား
ဆိုးဆိုးဝါးဝါး  မှောက်မှောက်မှားမှား
ကင်းပါးလွင့် စဉ် အပါယ်ကိုပင်
လိုချင် လို့ လုပ် ယူနေကြသလို
မဆိုလည်းမဖြစ် ဆိုလည်းမဖြစ်မို့ 
စစ်စစ်မှန်မှန် ' သမ္မာဒိဋ္ဌိ  'ညဏ်မျက်စိဖြင့်
ဘ၀ကိုလှန် ရေဆန်ခရီးမှာ မဂ္ဂင်ဖောင်ကြီး
အပိုင်စီး၍  အပြီးသွားရန်အတွက်
ရုပ် နာမ် ဓမ္မ သင်္ခါရကို ငါပဲ ငါ့ ဟာ ငါ့ဥစ္စာဟု
စွဲလမ်းထင်မှု့ ' ဒိဋ္ဌိ '  စုကို ယခုဘ၀ ပယ်သတ်မှသာ
သံသရာဝဋ် အပြီးကျွတ်၍ လွတ်လွတ် လပ်လပ်
ပြီးပြတ် ဒုက္ခချူပ်ငြိမ်းရသည့်  ခပ်သိမ်းအရိယာ 
တို့ ပမာလျှင် ညဏ်လမ်းမှာလျှောက်  လူတစ်ယောက် သည်
ထွန်းပေါက်အောင်မြင် ခရီးတွင်လိမ့် ။
၅။
သုဂတိမှာ  လူဖြစ်လာရ ဤဘ၀ထက်
နေ့ရက်ကြာရှည် နေလာကြတာ
ဘာအဓိပ္ပာယ်ရှိ သလဲ ။စားဖို့ဝတ်ဖို့ ၊
 နေဖို့ထိုင်ဖို့ ၊မချို့ရအောင် ၊
ရွှေအရောင် ၊ငွေ ရောင် ၊စိန် ရောင် ထွန်းပ 
တပြပြနှင့် လှပသည် ထင် သင့်ရုပ်သွင်ကို
သင်မသေခင် ခင် ကြေးမုံမှန်ထောင်
ဓာတ်ပုံပေါင်ထဲ သဲသဲကွဲကွဲ
သရုပ်ခွဲခြား အမှန်တရားပေါ်အောင်
မျက်တောင်မခတ် ရပ်၍ကြည့်စမ်း။
ဘ၀လမ်းမှာ သင်ထမ်းခဲ့ရ  
ဝန်ထုပ်ပမာဏ ကြီးလွန်းလှ၍
ညှိုးနွမ်းရုပ်သွင်  သင့် ပါးပြင် လည်း
ဖရိုဖရဲ ကျိုးတိုးကျဲ၍ မွဲခြောက်သားရေ
ရိုးကြေရွက်ကျဲ သေပွဲဝင်ရ  သင့်ဘ၀မှာ
ဘာကို အဓိပ္ပာယ်လို့ ဆိုချင်သလဲ။
လိုချင်စရာ ဘာတန်ဖိုးတွေရှိသလဲ
ဘ၀ဖြစ်ပုံ ဆင်ခြင်တုံတရား ၊
ရှေ့မှာထား၍ စဉ်းစားနှိုင်းထောက်
 မိုးသောက်ကနေ၀င် ၊ပူပန်ကြောင့်ကြ
တောင့်တ ကြိုးကုတ် ၊အလုပ်နှင့်လက် 
ရက် ဆက်လများ တဖားဖားနှင့်
စားဝတ်နေရေး  တွေးပူရင်လေး
စိတ်မအေးပဲ ကျိတ်တွေးကြံဆ
လုပ်နေရလည်း ဘ၀ပြည့်စုံ
မဖူလုံခဲ့ ။ပစ္စည်းမျိုးစုံ စုပုံနေလည်း
မသေအောင်စား ၊မအားအောင်ရှာ
ဤခန္ဓာကို စားပါ သောက်ပါ ၀တ်ဆင်ပါဟု
ပျာပျာသလဲ ကျွန်မွဲ ကျွန်စုတ်  လုပ်ကျွေးပြုစု
ယုယချစ်ခင် နင်က ကြင်နာ နင့်ခန္ဓာက မညှာနင့်ကို
အိုလိုက်နာလိုက် သေမင်းကြိုက်အောင်
ရိုက်ထောင်းပုတ်ခတ် အသေသတ်လည်း
 မပြတ်သံယောဇဉ်  အမျှင်တန်းကာ
ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟု 
သင့်မှာ ဒိဋ္ဌိ   ခံနေသည် ။
၆။
ဤခန္ဓာမှာ ဘာကို သင် က ချစ်နေရသလဲ
အထင်ကြီးစရာ ဤခန္ဓာမှာ တန်ဖိုးဘာတွေရှိသလဲ ။
ဖရိုဖရဲ ပြိုကွဲဖောက်ပြန် အလောင်းကျန်မှ
ရွာက လက်မခံ သုဿန်ကိုထုတ် မီးဖုတ်ဖျက်ဆီး
အချည်းအနှီးဘ၀ သုံးမရဘဲ  ဆုံးရှုံးရပြီ မဟုတ်လား ။
နောက်ဘ၀မှာ ပါယ်ရွာဇာတိ ကျိုးမရှိဘူး  
အတိဒုက္ခ ရောက်ရ တစ်ခါ သံသရာလမ်း ကံထမ်းသမား
လျှောက်သွားရပြန်ပြီ ၊မက်စောက်ကြီးမား
ဘ၀ချောက်ကမ်းပါးမှာ  ဇောက်ထိုးမိုးမျှော်
ကျရင်းပျော်သည်    သြော်  အန္ဓလူမိုက်
ဒုက္ခကြိုက်ရယ် ။  နင့်လောက်မိုက်သူ
ဤဇမ္ဗူ မှာတော့ ရှာလျှင်ရှားမည် ငါထင်သည် ။
၇။
လူဖြစ်နေတာ ခန္ဓာလား ငါလား 
ကွဲကွဲပြားပြား နားမလည်ခဲ့ ပါ ဘူး၊
ငါးပါးခန္ဓာ သူ့ သဘာဝက '  အနိစ္စ ' မို့
တားမရ ဆီးမရ ဖောက်ပြန်၍ ပြပါလျက်
တပ်မက်ခဲ့တာ ငါ     စွဲလမ်းမိတာ   ငါ 
ညဏ်မရှိတာ  ငါ  အမှန် မသိတာ  ငါ
တရားမရှိတာလည်း  ငါ ၊ အမှားမသိတာလည်း  ငါ  ၊
အခုကျခါမှ  အသက်ကကြီး  ဇရာဖိစီး 
ရောဂါ တွေ သည်းထန်လျက် သေခါနီးရောက်မှ
ဖောက်ပြန်သော   ရုပ်နာမ်ကို
ဆင်ခြင်ညဏ် ရောက်ပါ သည် 
ဘ၀အသိက .............  နောက်တော့ကျသွားပြီလေ ။
လုပ်စရာလည်းမရှိ ၊ ဖြစ်စရာလည်းမရှိ ၊ ရစရာလည်းမရှိ  
အားလုံး ဗလာနတ္ထိ ၊  ဘာဆိုဘာမှ မရှိပါ ကလား ။
၈။
တရားကိုသိတော့ ဘ၀က လက်ချည်းကျန် ဖြစ်တော့ မည် ။
အသေမဦးခင် ညဏ်ဦးအောင် အရင် လုပ် မှပေါ့ ၊
သံဝေဂ အသိနှင့် ကိုယ့် ကို ကိုယ် ပြန်ကြည့်မိတော့
ကိုယ့်အဖြစ်ကိုသိပြီ ၊  မနစ်နာအောင် ကြံဆောင်မည်ဆိုလျှင်
အချိန်မှီသးတာပဲ ၊  ဇွဲမလျှော့ဘူး ၊ စိန်နှင့် ဆန်ကွဲ
ဘာဖြစ်လို့ မလဲရမှာလဲ ၊ညစ်မည်းနေတဲ့ အသည်းကို
ပြောင်အောင် တိုက် ၊  မိုက်မှောင်နေတဲ့   ဘ၀ထဲက ထွက်
အသက်နှင့် 'သစ္စာ' ဒီ တစ်ခါ လဲ လိုက် မည် ၊
ကြံစည်ပြီးသော သူတစ်ယောက် ညဏ်လမ်းပေါ်မှာ
လျှောက်မည် ။ ခရီးရောက် သင့် သလောက်ေ တာ့
ရောက်ဦးမှာပေါ့   ၊ရောက်မှာပေါ့နော် ။
 [ ရှင် အာဒိစ္စရံသီ ]
ဆန်းလွင်
Saturday, January 12, 2013
ယမမင်းနှင့် စကားပြောခြင်း ( ပါရဂူ )
                         "  ပဿ စိတ္တ ကတံ ဗိမ္ဗံ  "     {   ဤဆေးခြယ်ထားသော ကိုယ်ခန္ဓာ ကို ကြည့်စမ်းပါ ။ }
ကိုယ်ခန္ဓာ သည်  ပိန်းတင်း ဖြစ် သည် ။  ပန်းချီ ဆေးရုပ်ပုံ ဖြစ်၏ ။ အနာဒဏ်ရာ အပြည့်ရှိ သည် ။  အင်္ဂါ ကြီးငယ်များဖြင့်
ဆက် စပ် ထား သည်။ အတွေ့ အကြုံ အမျိုးမျိုး ကိန်းအောင်းရာ ဖြစ် သည် ။ မတည်မြဲ သော အခြေ အနေ ဖြစ် သည် ။
ခုမြင်ခုပျောက် ဖြစ် သည်။
သဘာဝ ပန်းချီ ဆရာက  စုတ်ချက်ပိုင်ပိုင်နိုင်နိုင် ဆွဲထားခြင်း ဖြစ် သည် ။ အယောင်ယောင်  အမှားမှား ဖြစ် ဖို့ အတွက် 
ဖန်တီးထား ခြင်းဖြစ် သည် ။ အရိုး ၊အသား ၊ အသွေး ၊ အစု အပုံပေါ်တွင် အပေါ်ယံ အရေ လှ ဖြင့်  ဖုံးအုပ် ထား သည် ။
အတွင်းမှာ အညစ်အကြေး အပြည့် ၊ လူ့ အတွင်းပိုင်း ကို ကြည့် ဖူး ကြ ရဲ့လား။ "ပို့စ်မော်တင်''ကိုသွားကြည့်ဖူးရဲ့လား`။
ဗုဒ္ဓသည် သူ၏ တပည့် သာဝက များ ကို သုသာန် သို့ သွားကြဟု စေလွှတ် သည် ။ သုသာန် သင်္ချိုင်း၌  မရဏ နုဿတိ
ကမ္မဌာန်း စီးဖြန်း၍ ရ သည် ။သုသာန် သင်္ချိုင်းတွင် မီးသဂြိုလ် ထားသော  အလောင်းများ ကိုကြည့် ပြီး  မိမိ လည်း တစ်
နေ့ သောအခါကျ လျှင်  ထိုကဲ့ သို့ မီးလောင် တိုက် သွင်းခံ ရမှာ ပါ ကလား ဟူသော  အတွေးမျိုး ပေါ်မလာ မချင်း 
မရဏနုဿတိ ကမ္မ ဌာန်းပွားများနေပါ။  မသာ ပို့ သူ များ သည် ငိုကြီး ချက် မနှင့်  အလောင်း ကို သု သာန် သင်္ချိုင်း ပို့
ပြီးလျှင် မီးသင်္ဂြိုလ် ကြ သည် ။အလောင်းမီလောင် ပြာကျ သွား သည် ။ အ ရိုးသာကျန်တော့ သည် ။ တောတိရစ္ဆာန်များက 
အရိုးများကို ချီယူ သွားကြသည်။
အစပထမ၌ မူ   ဟော   တစ်ယောက် သေသွားပြန်ပြီ ဟူသော  အသိပေါ် လာသည် ။ နောက် တစ်ကြိမ်ကျ တော့ တစ်ခြား
တစ်ကောင်၏ ဈာပန နှင့် ကြုံရ ပြန် သည် ။ နောက် တစ် ကြိမ်ကြိမ်ကျ လျှင် " ငါ့ အလှည့် ရောက် လာလိမ့် မည် " ဟု တွေးမိ
ကြရဲ့ လား ။ မိမိ အလှည့်ရောက် မလာဘဲ မနေ ပေ ။ ဖြစ်ရ မည့် အရာ သည်  မဖြစ် ဘဲ  နေလိမ့် မည် မဟုတ်ပေ။  " လိုင်း''
စီနေကြခြင်းသာ ဖြစ် သည် ။ တစ်နေ့ ကိုယ့် အလှည့်ရောက် မလာနိုင် ဘူး လို့ မည် သူ ပြော နိုင် မည် နည်း ။
မသေ အောင် မလုပ်သူ မည် သူရှိ သနည်း ။ သို့ သော် လည်း မသေ ဘဲ မည် သူ ကျန်နေ သ နည်း ။ သေမင်းနှင့် တိုက် ပွဲ
မ၀င် သူ မည် သူ ရှိသ နည်း ။ နောက် ဆုံးအချိန်  သေမင်းနှင့်တိုက် ပွဲ ၀င်သွားသူများသာ ဖြစ် သည် ။သို့သော် လည်း အနိုင်
ရ သူ မည်သူရှိသ နည်း ။ သေမင်းက အနိုင် နှင့် ပိုင်းသွားသည်ချည်းသာ ဖြစ် သည် ။
လူသိများသော ဆူဖီ ၀တ္ထုတစ်ပုဒ်ရှိသည် ။ ဘုရင်ဆော် လမွန်   နံ နက် စောစော အိပ် ရာက ထ လျှင် ထခြင်း အမတ်ကြီး
တစ်ဦး သုတ်သီး သုတ် ပျာနှင့် ဘုရင့် ခန်းဆောင်ထဲ ၀င် လာသည် ။ အမတ်ကြီးသည်  မည် မျှ ထိတ်ထိတ် ပျာပျာ ဖြစ်နေ
သနည်း ဟူမူ  ဆောင်းရာသီ အချမ်းလွန်ကဲနေသည့် အချိန်၌ ဖြစ်စေကာမူ  ချွှေးပျံနေသည် ။ ဆော် လမွန် ဘုရင် က မေး
လိုက် သည် ။
"အမတ်ကြီး  ဘာများ အရေး တကြီး ဖြစ်နေတာ လဲ ၊ အခွင့် လည်း မတောင်းဘဲနှင့် ခန်းမဆောင်ထဲ ၀င်လာတယ် ။ "
" ကျွန်ုပ်မှာ  အချိန် သိပ် မရှိတော့ လို့  အခုလို မပြောမဆို ဘဲ အရှင် မင်းကြီး ထံ ၀င်ရောက် လာရခြင်း ဖြစ် ပါ တယ် ။ အရှင်
မင်းကြီး ရဲ့ စီးတော် မြင်းတွေ ထဲ က ခြေ အမြန် ဆုံး  မြင်း တစ်ကောင် ကျွန်ုပ် ကို ပေးစေချင် ပါ တယ် ။ ညက အိပ် မက်
ထဲမှာ  သေမင်း လာပြီး   '  အဆင် သင့် ပြင်ထား ၊ နက် ဖြာခါ ညနေ ငါ လာ မယ် '   လို့ ပြောသွားပါ တယ်  ။  "
အမတ်ကြီးက ပြော သည် ။
"ခြေမြန် မြင်းက ဘာလုပ် ဖို့ လဲ "
"ကျွန်ုပ်  မြင်းစီးပြီး ထွက် ပြေး မယ်   ၊ဒီမှာ နေ လို့ မဖြစ်တော့ ဘူး ၊ဒီ မှာ နေရင် သေမင်းနဲ့ နဖူးတွေ့  ဒူးတွေ့ တွေ့ ရလိမ့်
မယ် ။ ကျွန်ုပ် မိုင်ပေါင်းများစွာဝေးတဲ့   ' ဒမိရှက ' ရောက် အောင်သွားမယ် ။ အပြေးနိုင် ဆုံး  မြင်းကို ပေး ပါ  အရှင် မင်းကြီး
၊မြန်မြန် လုပ် ပါ ၊ကျွန်ုပ် အချိန် ကုန် မခံ နိုင် ဘူး ။ မသေရင်တော့ ပြန် လာ ပါ့ မယ်  အရှင် မင်းကြီး "
ဆော်လမွန် ဘုရင် သည်  ဘုရင့် မြင်းစောင်းထဲ က အပြေးနိုင် ဆုံး မြင်း တစ် ကောင်   အမတ်ကြီး ကိုပေး လိုက် သည် ။
ဆော်လမွန် သည်  အသိညဏ် ကြွယ်ဝသူ ဘုရင် တစ်ပါး ဖြစ် သည် ။ မျက်လုံးမှိတ်ပြီး သေမင်း ကိုတွေးကြည့် လိုက် သော
အခါ  သေမင်းပေါ်လာသည် ။ ဆော် လမွန် က သေ မင်း ကို မေး လိုက် သည် ။
"ဘယ် လိုလဲ  ယမ မင်းကြီး ၊ကျူပ်  သနားစရာ အမတ်ကြီး ခမျာ ကို ဘယ် လို ပြော လိုက် တာလဲ ၊သေမျိုးချည်းတွေ ဆိုတော့
သေရမှာ ပဲ  မဟုတ် လား ၊ဒါပေမယ့်  ဘယ်တော့  သေရ မယ် မှန်း မသိတော့ ပျော်ပျော်နေပြီး သေတဲ့ အခါ ကျတော့ လည်း
ပျော်ပျော်ပဲ သေတယ် ၊  သေမယ့် သတင်း    လာပေးတော့    ပျော်ပျော် နေလို့ မရတော့ ဘူး ၊ယမမင်း  ဘယ် လို လုပ်
လိုက် တာလဲ "
သေမင်းက ပြန်ပြောသည် ။
"အခုကျူပ် ကိုယ်တိုင်   အခက် တွေ့ နေပြီ ၊ဒီ အမတ်ကြီး  ညနေ အချိန်မှာ  ဒမိရှိက ရောက်နေရ မယ် ၊ဒါပေမယ့် အမတ်ကြီး
 အခု  ဒီ မှာ ပဲ ရှိနေတယ် ။ ဒမိရှိက  ရောက် ဖို့ က လည်း  မိုင်ပေါင်း တစ်ရာကျော် သွားရ မယ် ၊ဘယ်လိုလုပ်ရမလဲဆို တာ
ကျူပ်ကိုယ် တိုင်  မတွေး တက် အောင် ဖြစ်နေတယ် ။ 'ဒမိရှိက'  က  ဒီကနေ့ ညနေ ကျူပ်  ဒီိ အမတ်ကြီးကို ခေါ်သွားရမှာ
ဘယ်မှာ လဲ အမတ်ကြီး "
ဆော်လမွန် က ပြန်ပြောသည် ။
" အမတ်ကြီး  ဒမိရှိက  ကို သွားပြီလေ "
ညနေအချိန်  အမတ်ကြီး  ဒမိရှိ က ရောက်သွား သည် ။နေ၀င်သွားပြီ ။ ဥယျာဉ် ထဲ တွင်  မြင်း ကိုချည်ထားပြီး    မြင်း
ကျောကုန်းကို ပွတ်လျှက် အမတ်ကြီးက --
" ရှာဗာ့ရှ်၊  ဆော်လမွန်မြင်း   ပီသ ပါပေတယ် ။ ဖေ့သားကြီး ငါ့ ကို မိုင်ရာပေါင်း များစွာ ဝေးတဲ့ ခရီးကိုရောက် အောင်
ခေါ်လာပါပေတယ် ။ "
ထိုအခိုက်  အမတ်ကြီး၏ ပုခုံးပေါ် တစ်ယောက် က လက် လာတင်ပြီး -
"ဟေ့  ....ဆော်လမွန် မြင်း ကိုကျေးဇူး မတင် ပါနဲ့ ၊ကျေးဇူး တင်မယ့် တင်ရင် ကျူပ် ကို တင်ရ မယ် " ဟုပြော သည့် အတွက်
လှည့်ကြည့် လိုက်ရာနောက်က  သေမင်း  ရပ်နေသည် ကို တွေ့ သွားသည်ဖြစ်၍  အမတ်ကြီး  ထိတ်ထိတ်ပျာပျာ ဖြစ်သွား
သည် ။ သေမင်းက...
"မကြောက် ပါ နဲ့ ၊အမတ်ကြီး  ဒမိရှိ က သွားတယ် ဆိုတဲ့ သတင်းရ တယ် ၊ အမတ်ကြီး သေကံ  ဒီမှာပဲ ရှိတဲ့ အတွက်
အမတ်ကြီး ဒီမှာပဲ သေရ ပါ လိမ့် မယ်  "
ဘယ်ကိုသွား သွား  ၊  ဘယ်လိုပဲသွားသွား ၊ဆင်းရဲသားအသွင်မျိုးနှင့် ပဲ  သွားသွား ၊  သူဌေးသား အသွင်မျိုးနှင့်ပဲ သွားသွား ၊
ဖကီး အသွင်မျိုးနှင့် သွားသွား ၊ဘုရင် အသွင်မျိုးနှင့် သွားသွား  ၊အားလုံး  သင်္ချိုင်း မရောက်ဘဲနေကြ မည် မဟုတ်ပေ ။
လမ်းအားလုံးသည်  သင်္ချိုင်းသို့ ဦးတည်သွားသော လမ်းများဖြစ်ကြ သည် ။
                                                                          #   
Thursday, January 10, 2013
စာအုပ် ၊စာကြည့် တိုက် နှင့် စာ ဖတ်သူ ( ဟိန်းလတ် )
-->
လူတို့တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေး ကိရိယာ အဖြစ်  ဘာသာစကားသည် အဦးဆုံးပေါ်ပေါက်လာရသည်။နောက်ပိုင်းတွင်
ဘာသာ စကားထက်  ပို၍ကြာရှည်ခံမည့် ၊ပြည့်စုံမည့် ဆက်သွယ်ရေးကိရိယာ အဖြစ်ဘာသာစာပေပေါ်ပေါက်လာရပြန်သည်။
စာပေအရေးအသားပေါ်ပေါက်လာသည်မှစ၍  မိမိတို့၏ မြို့ရွာသမိုင်း ၊ယဇ်ပူဇော်ပွဲ အစဉ်အလာ ၊ပုံပြင်ထိုးဇာတ်  ၊ဘုရားရှိခိုး
ဆေးမီးတို   အစရှိသည် တို့ကို မျိုးဆက် တဆက်မှ တဆက်သို့ စာပေသင်္ကေတများဖြင့် လက်ဆင့်ကမ်း အမွေပေးကြသော
စံနစ်ထွန်းကားလာတော့သည်။ မမြင်ရသော ပြောစကားမှနေ၍ မြင်သာသော သင်္ကေတများကိုသုံး၍ မှတ်တမ်းတင်ရသော
စာအရေးအသားပေါ် ပေါက် လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ငါးထောင်ပင် ကျော်ချေပြီ ။
လူသားတို့၏ ပထမဆုံး စာပေများမှာ ကျောက်တုံး ၊ကျောက်ခဲများ၊သစ်ခေါက်များ ၊သတ္တုပြားများ ၊ရွှံ့ပြားချပ်များ ၊ (သို့)
လက်လှမ်းမှီသမျှ အရာဝတ္ထု အားလုံးတို့ ပေါ်တွင် ချွန်ထက်သော ပစ္စည်းတစ်ခုခုဖြင့်  ရေးခြစ်ကြသောရုပ်ပုံကြမ်းများ
ဖြစ်သည်။ ယခုလက်ရှိ လူသားတို့ အသုံးပြုနေကြသော စာရေးသားမှု့ နည်းစနစ်များအားလုံးမှာ ထိုရုပ်ပုံကြမ်း ၊စာကြမ်းများမှ
ဆင်းသက်လာကြောင်းကို သမိုင်း ပညာရှင် အများစုက လက်ခံ အတည်ပြုထားကြသည် ။
စာပေများပေါ်ပေါက်လာပြီးသည်နှင့်တဆက်တည်းမှာပင်  ယင်းစာပေများကိုထားရန် နေရာပြဿနာက နောက်ဆက်တွဲ
ကပ်ပါလာတော့သည်။    စာပေအရေအတွက်    မြောက်မြားလာသည်နှင့်    အမျှစနစ်တကျ  ထိန်းသိမ်းရေးအပိုင်းသည်
်ပိုမိခက်ခဲလာတော့သည်။  လူမျိုးတစ်မျိုး၏   မျိုးစဉ် မျိုးဆက်တစ်လျှောက်  ထိန်းသိမ်းရေးမှသည် ရေရှည်လူသား မျိုးနွယ်
တစ်ခုလုံးသို့ တိုင် ထိန်းသိမ်းရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတို့တွင်  ပိုမို စနစ်ကျမှု့များရှိရန်လိုအပ်လာတော့ သည် ။ သို့ဖြင့်
စာကြည့်တိုက်များသည် ခေတ် အဆက်ဆက်ပေါ်ထွန်းလာရတော့ သည် ။စာကြည့်တိုက်များ အဆင့် ဆင့် ပြောင်းလဲ
တိုးတက်လာမှု့ သမိုင်းကိုပိုမိုရှင်းလင်းစေရန်  စာအုပ်များ ဖြစ်ပေါ်တိုးတက်လာမှု့  သမိုင်းကို ပြန်ကောက်ကြည့်ကြရ
မည်ဖြစ်သည်။
ခရစ်မပေါ်မီ နှစ် ၃၆၀၀ မှ  ဘီစီ ၂၃၅၇အထိ  တိုင်ဂရစ်-ယူဖရေးတီးစ်   တောင်ကြားဒေသတွင်(Tigras-Euphrates Valley)
"ဆူမားရီးယန်း ယဉ်ကျေးမှု့" ထွန်းကားခဲ့သည် ။ ဆူမားရီးယန်းသမိုင်းဆရာတို့သည်  သူတို့၏ သမိုင်းကို  
စနစ်တကျမှတ်တမ်းတင်ခဲ့ကြသည် ။ဆူမားရီးယန်းတို့၏ စာရေးသားမှု့ စနစ်သည်  ကမ္ဘာ ပေါ်တွင် ရှေးအကျ ဆုံးဖြစ်၏ ။
သူတို့၏ စာရေးနည်းကို ကျူနီဖောင်း စာရေးနည်း ( Cuneiform )ဟုခေါ်သည် ။ "ကျူနီ " ဆိုသော လက်တင် ဘာသာ
စကား၏ အဓိပ္ပာယ်မှာ  "သပ်ချွန်" ဟူ၍ ဖြစ်သည် ။ သပ်ချွန်များဖြင့်   ရွှံ့ပြားများ ၊သစ်သားများ ၊ဆင်စွယ်များ ၊သတ္တုပြား
များပေါ်တွင်  စာရေးကြခြင်းဖြစ်သည် ။ ရွှံပြားများပျော့နေတုန်းတွင်  စာကူးရေးကြပြီးနောက် စာရေးပြီးလျှင်ယင်းရွှံ့ပြားများကို
ကျောက်ခဲတမျှ မာအောင်  မီးဖုတ်ကာ ထိန်းသိမ်းထားကြသည် ။ ယင်းတို့ ကို ရွှံ့ပြားစာ( Tablet )ဟုခေါ်သည် ။
ကမ္ဘာ့ ပထမဆုံး စာအုပ်များပင်ဖြစ်လေသည် ။ဘီစီ ၂၇၀၀ ခန့် က တည်ထားသော ဆူမားရီးယန်းစာကြည့် တိုက်များအနက်
"တယ်လိုမြို့  " မှတူးဖော်ရရှိသော စာကြည့်တိုက်ဟောင်းတွင် ရွှံ့ ပြားစာချပ် ၃၀,၀၀၀ မျှရှိ သည်ကိုရှေးဟောင်းသုတေသန
ဌာနက ရှာဖွေတွေ့ရှိ ခဲ့ သည်။ထိုစာကြည့်တိုက်မှာ ကမ္ဘာပေါ်တွင် ရှေး အကျဆုံးစာကြည့် တိုက်တိုက် တစ် ခုဖြစ်နိုင်
စရာရှိ၏။ ဆူမားရီးယန်းယဉ်ကျေးမှု့ ကို ဆက်လက်အမွေ  ဆက်ခံသူများမှာ  မက် ဆိုပိုတေးမီးယားအောက်ပိုင်းမှ
ဘေဘီလုံးနီးယား လူမျိုးများဖြစ်ကြသည်။  ထိုယဉ်ကျေးမှု့မှာ   ဘီစီ၆၈၉ သို့တိုင်တည်မြဲခဲ့သည်။    ထိုယဉ်ကျေးမှု့  
ခေတ်အတွင်းတွင်လူသားတို့အတွက်  ဟာမူရာဘီ၏ နာမည်ကျော်ကိုဓ ဥပဒေ (Hammurabi's code of laws)များထွက်ပေါ်
လာခဲ့သည်။ ထိုခေတ်က ပေါ်ထွန်းခဲ့ သော ဘော်စီပါ (Borsippa ) စာကြည့်တိုက်သည် အဆီးရီးယားဘုရင်
အဆာဘန်နီးပါးလ်(Assurbanipal)  ၏  လက်ရေးစာများကိုစုဆောင်းထားသော   စာကြည့်တိုက်ဖြစ်သည်။   ထိုဘုရင်
တည်ထောင်ခဲ့သော နီနီဘေး (Nineveh )စာကြည့်တိုက်မှာ ထိုခေတ် က အထင်ရှားဆုံးဖြစ်သည်။ ထိုစာကြည့်တိုက်တွင်
စာအုပ်စာရင်း ကတ်တလောက် ပုံစံကိုပင် အစောဆုံးတွေ့ရှိရသည် ။
အီဂျစ်ယဉ်ကျေးမှု့ခေတ်တွင် အစောဆုံး စာအရေးအသားများကိုဘီစီ၃၀၀၀ မှစ၍တွေ့ရသည် ။ ပါပိုင်းရပ်စ် (Papyrus)
ခေါ်   ကျူရွက်များပေါ်တွင် ကျူပင်ရိုးကိုထိပ်ထုကာ စုတ်တံဖွယ်လုပ်ထားသော  စုတ်တံမျိုးဖြင့်ရေးကြသည် ။မြေထဲပင်လယ်
ကမ္ဘာ တစ်ခုလုံးတွင် ထိုစာရေးနည်းကို အေဒီ  ၁၀၂၂ ခုထိအသုံးပြုခဲ့ကြသည် ။ ရှေးခေတ်အီဂျစ်စာအုပ်စံမှာ ဗျက်၁၂ လက်မ၊
အရှည်ပေ၂၀ခန့် ရှိသောစာလိပ်ရှည်ကြီး ပင်ဖြစ်သည်။   စာအရေးအသားမှာ   ဟီရိုဂလစ်  (Hieroglyphic )စာအရေး
အသားဖြစ်သည်။ ဂရိဘာသာစကားအရ ဟီရို ဆိုသည်မှာ အထွတ်အမြတ် ဂလစ်ဖိန်း၏အဓိပ္ပာယ်မှာ  ထွင်းထုခြင်း ဟု
အဓိပ္ပာယ်ဆောင်ပုံရသည်။  ထိုစာရေးနည်းကို    အေဒီ   ၃၉၄ ခုနှစ်   အထိ အသုံးပြုခဲ့ကြသည် ။ ယခု  ပါရီရှိ အမျိုးသား
စာကြည့်တိုက်တွင်သိမ်းဆည်းထားသော  ပရစ်စေး  ပါပိုင်းရပ်စ်မှာ ရှေးအကျဆုံး အီဂျစ်စာအုပ်တစ်အုပ်ဖြစ်သည် ။
ဘီစီ ၂၀၀၀ ခန့်က ရေးသားခဲ့ပုံပေါ်သည် ။
ဘီစီ ၂၅၀၀ ခန့်တွင်  ဂီဇက် ဒေသ၌   စာကြည့်တိုက် တစ်ခု ရှိခဲ့ကြောင်း အထောက် အထားများကို တွေ့ကြရသည် ။ ဘီစီ
၁၂၅၀ ခန့်ကလည်း  ဒုတိယမြောက် " ရာမာစက် " ဘုရင် သည်  သီးဘီးစ် ဒေသ  { Thebes } တွင်  စာကြည့် တိုက်တစ်ခု
တည်ထောင်ခဲ့ကြောင်းသိကြရသည်။  ထို စာကြည့်တိုက်များတွင် စာလိပ်များကို ရွှံ့ အိုးများ ( သို့)သတ္တုအိုး များတွင်
ထည့်ကာ  ကြပ်ခိုးစင်များပေါ်တွင် အစီအရီ တင်၍  သိမ်းဆည်းတက်ကြသည်ဟု သိရသည် ။
ဘီစီ ၂၈၀၀ ခန့် တွင် တရုပ်ပြည်၌  စာအရေးအသား အတက်  ပေါ်နေပေပြီ ။ အရိုးခွံများ ၊ လိပ်ခွံများ ၊ ၀ါးလုံးများ ၊
သစ်သားပြားများ ၊ပိုးထည်စများ ၊ချည်စများ ပေါ်တွင်  ငှက် မွှေး  ၊စုတ်တံ  ၊ကညစ်များဖြင့်  ရေးသားကြသည် ။ ရှေးခေတ်
တရုတ်ပြည် စာကြည့်တိုက် များ နှင့် ပတ်သတ်၍ ကား အသိရ  နည်းလှ ၏ ။
ဘီစီ ၅ရာစု ခန့်တွင်  " ပါ ပိုင်းရပ်စ် "  { Papyrus } ကို မသုံးတော့ ဘဲ နွားသားရေများကို  အထူးပြု ပြင် စီမံကာ
စာရေးသားနိုင် အောင် ပြုလုပ်ထားသော   "ပါ့ခ်ျ မင့် "  { Parchment } များပေါ်တွင် စာရေးကြသည် ။ နွားပေါက်စ 
(သို့ )သိုးပေါက် စအရေများကို ဆုတ်ကာ စာရေးနိုင်အောင် စီမံ ထားသော  သားရေချပ်များ ဖြစ်သည် ။ { Vellum }
ဗယ်လန် မှာကား ပါ့ခ်ျမင့် ထက် ပိုပြီးလေးကာ  ပိုပြိးတန်ဖိုးကြီးစွာ  စီ မံထားသာ နွားပေါက်စ အရေခွံပင် ဖြစ်သည် ။
 စာအုပ်များရေးရန်  အလှပဆုံး နှင့်  ကြာရှည် အခံဆုံး ပစ္စည်းပင် ဖြစ်သည် ။
ဘီ စီ ၅ ရာစုနောက် ပိုင်းတွင် ဂရိ၌ ကိုယ်ပိုင် စာကြည့် တိုက်  ၊အစိုးရ စာကြည့် တိုက်  ၊ နန်းတွင်းစာကြည့် တိုက်များ 
ပေါ်လာကြသည် ။   အီဂျစ်တွင်  အကြီးဆုံးစာကြည့်တိုက်မှာ   ပထမမြောက် တိုလမီ ဘုရင် ( ၃၂၃ -၂၈၅ ဘီစီ )
တည်ထောင်ခဲ့သော အလက် ဇန္ဒြားမြို့ ရှိ   မြူစီယွန် စာကြည့် တို က်   {  Museion Library } ဖြစ်သည် ။ စာလိပ်ပေါင်း 
၂၀၀,၀၀၀ ခန့် ရှိသည် ။ တတိယမြောက် တိုလမီ ဘုရင်  (၂၄၆ -၂၁ ဘီစီ )  တည်ထောင် ခဲ့ သော  ဆာရာပီ ယန် စာကြည့်
တိုက် တွင်  { Serapeum Library }ကားစာလိပ် ပေါင်း  ၁၀၀ , ၀၀၀ ခန့် ရှိသည် ။ ဒုတိယမြောက်   ယူမီးနိစ် ဘုရင်
် (၁၉၇ -၁၅၉  ဘီ စီ )တည်ထောင် ခဲ့သော  ပါ ဂေမန် စာကြည့် တိုက်  {  Pergamun Library } မှာ လည်း အထူး ထင်
ရှားပါ သည် ။ ရာဇ၀င် လာအရ  ထိုစာကြည့် တိုက် ကြီး တစ်ခုလုံးကို    စာလိပ် ရေ ၂၀၀,၀၀၀ နှင့် အတူ  " အင်ထော်နီ "  
သည်   "ကလီ ယိုပါထရာ"  ထံ ပေးဆက် ခဲ့ သည် ဟု  စွပ် စွဲ ချက် များပင် ရှိ ခဲ့၏ ။
ဂရိပြည် ကို ရောမ လူမျိုး တို့ သိမ်းပိုက် ခဲ့ ပြီး နောက် ရောမ တို့သည် ဂရိစာပေ အစဉ် အလာများကို ပါ ထိန်းသိမ်းယူ
လိုက်ကြသည် ။ ဘီ စီ ၂ရာစု တွင် လက် တင်စာပေလည်းပေါ်ပေါက် လာသည် ။  စစ်အောင်နိုင် သူ ရောမ ဗိုလ်ချုပ်
ကြီးများသည် ဂရိ စာကြည့်တိုက်ကြီးများကို  တစ်ခုလုံးသယ်မ ယူခဲ့ ကြသည် ။ ထို့ နောက် စစ်အောင် နိင်ခြင်း အထိမ်း
အမှတ် အဖြစ် မိမိတို့ ပိုင်  ပစ္စည်း များအဖြစ် ထိန်းသိမ်းထားကြတော့ သည် ။ ထိုခေတ်က  စာကြည့်တိုက် ဆို သည်မှာ
လူကုံထံ တို့ အတွက် ကြွားစရာ ၊၀ါးစရာ အဆောင် တစ်ခု ပင် ဖြစ် သည် ။ စာ မဖတ် တက် သူ လူ ကုံ ထံ တို့ သည် ပင်
လျှင် မိမိ တို့ အိမ်များတွင် စာကြည့် တိုက်   များ ကို တခမ်းတနား တည်ထောင်ပြ သ ထားကြ သည် ။ ထိုခေတ်က လူကုံ ထံ
များ၏ အိမ် တိုင်းတွင် စာကြည့် တိုက် ဟူ သည်  မရှိ မဖြစ် သော တန်ဆာပစ္စည်း တစ်ခု ပင် ဖြစ်နေတော့ သည် ။
" ဂျူးလီးယက် ဆီဇာ" လက် ထက် တွင်  အများပြည် သူ တို့ အတွက်  စာကြည့် တိုက် များကို ဖွင့် လှစ်ရန် စီစဉ် ခဲ့ သည်။
သို့ သော်" အော်ဂတ်စတပ်ဆီဇာ  "  လက် ထက် တိုင် အောင် အကောင် အထည် မပေါ် ခဲ့ သေးပေ ။ ဘီ စီ ၃၉ မှ၂၇
အတွင်းရောက် သော အခါ ကျ မှ ရောမ တွင်   " အစီးနီးယပ် ပိုလီယို  ''     က  အများပြည်သူ သုံး စာ ကြည့် တိုက်တစ်ခု ကို
ပထမဆုံး ဖွင့် လှစ် နိုင် ခဲ့ သည် ။ အေဒီ ၄၇ာစု အ လယ် ပိုင်းလောက် တွင် ကား       ရောမ    တွင် အများပြည်သူ ပိုင်
စာကြည့် တိုက် ၂၈  ခုပင် ပေါ်နေပေပြီ ။   ထိုစာကြည့် တိုက် များ သည်  လူ တိုင်းအ တွက် တံ ခါးဖွင့် ထား ၏ ။အမျိုး ဂုဏ်  ၊
အ ဆင့် အတန်းမရွေး ၊ သခင် ဖြစ်စေ ၊  ကျွန်ဖြစ်စေ၊ စာ ဖတ်တက် သူ အားလုံး မည်သူမ ဆို  အသုံးပြု နိုင် ကြသော ကမ္ဘာ့
ပထမဆုံး စာကြည့် တိုက် များ ပင် ဖြစ် သည် ။ထို ခေတ်က စာ အုပ်  တစ်အုပ် ပြီးမြောက် ရန် စရိတ် စက  အလွန်ကြီးမား
လှသည်  ။
သမ္မာ ကျမ်းစာ  အကြီး တစ်အုပ် ကို ဒေါ်လာတစ်သောင်းခန့်ပင် အကုန် အကျခံပြု လုပ် ရ ၏ ။  ဘုရင်ဂျီ ပရိတ်ကြီး စာအုပ်
တစ်အုပ်နှင့်  စပျစ်ခြံ တစ်ခြံ လဲ လှယ်၍  ရ သည်။ စာကြည့် တိုက် များ တွင် စာ အုပ် များ  ကို  စင် ပေါ်တွင် လည်းကောင်း ၊
သေတ္တာ များထဲ တွင် လည်းကောင်း  ဘာသာရပ် အလိုက်ခွဲ ၍ သိမ်းထားကြသည် ။အချို့ သော တန်ဖိုးကြီး သည့်
စာအုပ် များ ကို မူ  သံကြိုးများခတ်၍ ပင် သိမ်းဆည်းထား ကြရသည် ။
၁၂ ရာ စု အလည်ပိုင်းလောက်တွင်  တက္ကသိုလ် များပေါ်ပေါက် လာသည် ။ ပါရီ တက္ကသိုလ်  ၊ ပါရာဟာ တက္ကသိုလ် ၊
အောက်စဖို့်ဒ်တက္ကသိုလ် ၊ ကင်းဗရစ်ရှစ် တက္ကသိုလ် တို့ သည် ထို စဉ် အခါ က ထင် ရှားခဲ့ သော တက္က သိုလ် များ ဖြစ်
သည်။ တက္ကသိုလ် များ ပေါ် ပေါက် လာသော အခါ  စာ သင် သားများ အတွက် ဖတ်ရှု့ ရ မည့် စာ အုပ်ရေ  ခပ်များများ
လိုအပ်လာ သည် ။ စာအုပ် တစ်အုပ် ထွက် ဖို့  နှစ် နှင့် ချီ ၍ ပြု လုပ်နေကြရသော အချိန် တွင်စသင် သားတို့ အတွက် စာ
အုပ် များ လိုသလောက်နှင့် အလျှင် မီအောင်ထုတ်လုပ် နိုင်ရေးမှာ  တကယ့် ပြဿနာကြီးတစ်ခု ဖြစ်လာတော့ ၏ ။
 စာသင်သားတို့အ လဲ အလှယ်နှင့် ဖတ်ရှု့ နိုင်ကြရန် စာကြည့် တိုက် များလည်း အမြောက် အမြားလို အပ် လာသည် ။
တက္ကသိုလ် တိုင်းတွင် ကိုယ်ပိုင် စာကြည့် တိုက်များကို  ထူထောင်ကြသည် ။သို့ ဖြင့် စာအုပ် ဖြန့် ဖြူးမှု့ စနစ် တစ်ခု
တိတိကျကျ ပေါ်ပေါက် လာသည် ။ စာအုပ်ငှား စည်းမျဉ်းများ  စာငှား စနစ်များ သတ်သတ်မှတ် မှတ် ပေါ်ပေါက် လာသည်။
အရေးကြီးသော စာအုပ် များ ကို မူ  သံကြိုး များခတ်၍ ထိန်းသိမ်းရ ဆဲ ။
 စာအုပ် များ မြန် မြန် ဆန်ဆန် ထွက်ရှိရေးအတွက်  နည်းလမ်းများ ကို ကြံဆ လာကြသည် ။ သို့ ဖြင့် ဥရောပ မြောက်
ပိုင်းတွင်  ၁၅ ရာစု လယ်၌  လှုပ် ရှား လည်ပတ် ရိုက် နှိပ် နိုင် သော ပုံနှိပ် စက် များကို တီ ထွင် လာနိုင် သည် ။ ၁၅ ရာစု
 ဒုတိယပိုင်းလောက် တွင် စက္ကူ ကို လည်း စတင် အသုံးပြုလာကြသည် ။ စက္ကူမှာ တရုပ် ပြည် ၌ ၂ ရာစုလောက် က ပင်
စ၍ သုံးခဲ့ကြသည် ။သို့ သော် ထို နည်းမှာ  ပါ ရှားသို့ ၈ ရာစု နှစ် ကျ မှ ရောက် လာခဲ့ သည် ။ အီ ဂျစ် တွင် စက္ကူ ကို  ၉ရာစု
ကျမှ သုံးသည် ။စပိန် တွင်  ၁၁ရာစု  ၁၂ ရာစု တွင် သုံးပြီး ဂျာမနီ သို့ ကား၁၄ ရာစု ကျ မှ စက္ကူ ရောက်ရှိခဲ့ သည် ။  သက္က
ရာဇ်  ၁၄၀၀  ခန့် တွင် ဂျာမန် လူမျိုး  "  ဂျွန် ဂူတင် ဘတ်   "  ကျေးဇူး ဖြင့်  လှုပ် ရှားရိုက် ကူး နိုင် သော ပုံနှိပ်စက် များ
ပေါ်ပေါက် ခဲ့သည် ။  ၁၄၅၀လောက်တွင် ပုံနှိပ်သော '၄၂ လိုင်း သမ္မာကျမ်းစာ ' အမည် ဖြင့် ပိုထင်ရှား ( ဂူတင်းဘတ် သမ္မာ
 ကျမ်းစာ ) အမည် ဖြင့် ပို ထင် ရှား  စာ အုပ် သည် လှုပ်ရှားနိုင် သော ပုံနှိပ် စက် ဖြင့် ပထမဆုံး ရိုက်နှိပ် ခဲ့သော စာ အုပ်ဖြစ်
လေသည် ။
စက္ကူလည်းပေါ်ပေါက်  ၊ပုံနှိပ် စက် များလည်း အသုံးပြုလာနိုင်သည့်အချိန် မှ စ၍ စာအုပ် ထုတ်ဝေသည့် နှုန်းသည် အရှိန်
အဟုန်ကြီးစွာ မြင့် တက် လာတော့သည် ။  တ ဆက် တည်းမှာ ပင် စာ ဖတ်သူ ဦးရေ မှာ လည်း အချိုး ညီ စွာ ပင် တိုးတက်
များပြားလာသည် ။ သို့ ဖြင့်  စာ အုပ် နှင့် စာဖတ်သူတို့ အား  စာကြည့် တိုက် များ လည်း အရေ အတွက် အရ
လည်းကောင်း ၊ အရည် အချင်းအရ လည်းကောင်း  တိုးတက် များပြားစွာ ပေါ်ထွန်းလာရပေတော့ သည် ။မြန်မာပြည် နိုင် ငံ
တွင် ကား   ပိဋကတ် သုံးပုံကို  ရွှေစာရံ ဘုရားတံ တိုင်း အတွင်း၌     ပိဋကတ္တာယာစေတီ ဟု သမုတ်၍ ဥ မင်၌ ထားရှိခဲ့
သည်  အစောဆုံး စာကြည့် တိုက် များ အဖြစ် တွေ့ ရှိ ရ သည် ။ ဘိုးတော် ဦင်္းဝိုင်းခေါ်  ပဒုံမင်းတရား၏  ပိဋ ကတ် တိုက်
အကြောင်းကို မူ အင်္ဂလိပ်   သံ အမတ်   Michael Symes" မိုက် ကယ် ဆိုင်း "  ရေးသားသော  အင်းဝပြည်သွား  သံတမန်
မှတ် တမ်းစာအုပ်ထဲတွင်     ဗဒုံ မင်းတရားသည်  Danube   ဒနုဗီ မြစ် ကမ်းမှ  စိန  ( တရုတ်ပြည်  )  အဖျားထိအောင်
 မင်းအသီးသီးတို့၏ ပိဋကတ် တိုက်  အ၀၀ တို့ ထက်  စာထုပ် များလှ သော ပိဋကတ်  တိုက် အ၀၀ တို့ ထက်  စာထုပ်
များ လှ သော ပိဋ ကတ် တိုက်တော် ပိုင်ရှိ ဖြစ် ဟန်ရှိ ၏ ဟု မှတ် တမ်းတင် ခဲ့ သည် ။  ပုံ၈ံခေတ် တွင်  အနော်ရထာ
စာကြည့် တိုက်  ခေါ်  ဘုံ ငါးဆင့် ရှိ  ပိဋကတ်  အုတ် တိုက်ရှိ ခဲ့ ကြောင်းကို လည်း  သိကြ ရ သည် ။  မင်းတုန်းမင်း၏
 ပိဋကတ် တိုက် တွင် မူ  ကျမ်းပေါင်း ၂၀၀၀ ခန့် ထိ စုဆောင်းထားရှိ ခဲ့ ကြောင်း ကို နန်းမတော် ၀င် ပိဋ ကတ် တိုက် စိုး
"ဦးယံ" ရေးသားသော " ပိဋကတ် သုံးပုံ စာ တမ်း" နှင့်  ပိဋကတ်သမိုင်းများ တွင် တွေ့ ရှိ ရ သည် ။ ထို့ ပြင်  မင်းတုန်းမင်း
သည် မီးမလောင်  ခြ မစားနိုင် သော ကျောက် ချပ် ပိဋကတ် တိုက် တော်ကြီး ကို လည်း မန္တလေးတောင်  ခြေတော်ရင်း
 မဟာလောက  မာရဇိန် စေတီ ပတ် ပတ် လည် တွင်  ၇၂၉ ချပ် သော  ကျောက်ဖြူု ပြားများ ပေါ်၌ ကျောက် ထက် အက္ခ ရာ
တင် စိုက် ထူခဲ့သည် ။ ကျောက် ချပ်   တချပ် သည်  ၅ပေ × ၃ပေ ရှိကာ အထူ   ၆ လက် မရှိ ၏ ။ လွန်ခဲ့ သောနှစ် ၇၀
ဆယ် ကျော်က မြန် မာနိုင် ငံ သို့ ရောက်ရှိ ခဲ့ သော   Scott  O' Connor  စကော့  အို ကော် နာ ရေးသားသော
"  မန္တ လေးနှင့် အခြားမြို့ များ  " စာအုပ်ထဲတွင် " မန္တ လေး၌ အထင်ရှားဆုံးမှာ ဗုဒ္ဓ ဓမ္မ ကို ကျောက် ထက် အက္ခရာတင်
ထားသော  ကုသိုလ် တော်ရင် ပြင် ဖြစ် ပါ သည် ။ ယင်း သည်  ကမ္ဘာ ပေါ်၌ အကြီးဆုံး သော ဓမ္မကျမ်းစာ  စာအုပ် ကြီးဖြစ်
ပါ သတည်း "  ဟုရေးသားထား သည် ။ ယင်းသည်  လူသူ မရွေးအား  အချိန် မရွေး လွတ်လွတ် လပ်လပ်  ဖွင့်လှစ် ပေးထား
သော လူထု စာကြည့် တိုက်ကြီး ပင် ဖြစ် ပါ သည် ။
စာကြည့် တိုက် ဆို သည် မှာ စာ အုပ် များ ကို မပျောက် မပျက် အောင် ထိန်းသိမ်းထားသော ဂိုဒေါင် တစ် ခု မဟုတ် ပေ ။
 ထို့ အတူ  စာကြည့် တိုက်မှုး ဆို သည် မှာ လည်း စာ အုပ် များ ကို  မပျောက် မပျက် အောင် သာ ထိန်းသိမ်းစောင့်ရှောက်
နေသော ဂိုဒေါင် မှုး မဟုတ်ပေ ။ စာကြည့် တိုက် သည် အများပြည် သူ တို့ ၏ ပညာဗဟုသု တ ကို အတက် နိုင် ဆုံး ဖြည့်
ဆည်းပေးရာ ၊ဖြန့် ဖြူးပေးရာဌာန ဖြစ်ရ မည့် အပြင်  စာကြည့် တိုက် မှုးသည် လည်း အများပြည် သူ တို့ ၏ ပညာဗဟုသုတ
 ပြည့်ဝရာ ပြည့်ဝကြောင်း ကို အတက် နိုင် ဆုံး  ဖြန့် ဖြူး  ကူညီ ပေးရ မည့် သူ သာ ဖြစ်ရ ပေ မည် ။ ၂၀ ရာစု ခေတ် တွင်
စာကြည့် တိုက် ဟူ သည်  စာအုပ် များကို သာ စုဆောင်းထိန်းသိမ်းရ သောဌာ န မဟုတ်တော့ ပေ ။ ကမ္ဘာ့ ထင်ရှားသော 
စာကြည့် တိုက် ကြီးများတွင် စုဆောင်းသိမ်းဆည်းထားသော ပစ္စည်းများမှာ  စာ အုပ် တစ်မျိုး တည်းမ ဟုတ်တော့ ။စာအုပ်
များ အပြင်  ( Incunabula ) ခေါ်  ခရစ်နှစ်  ၁၅၀၀  မတိုင် မီ က စာများ ၊ လက်ရေးစာ တို စာစ များ ၊ ဒင်္ဂါးများ၊တံဆိပ် များ
ဂီတ သင်္ကေ တများ ၊မြေ ပုံရုပ်  ပုံ ကားချပ် များ  ၊ စာချူပ် စာ တမ်းများ ၊ဓာတ်ပုံ များ ၊ဓာတ်ပြားများ ၊ ရုပ် ရှင် ကားလိပ် များ
 ပိုစတာများ ၊ ဆင်းတုပုံများ  ၊မော်ကွန်းများ ၊မိုက်ကရို ဖလင်  ၊မိုက်ကရိုကပ်  စသည် များ ၊ မျက် မမြင် စာများ ၊ စသည်
အထိ ပင်စုံ လင် စွာ စုဆောင်းသိမ်းဆည်းထားကြ သည် ။
ရုရှားနှင့်  အနောက် ဥရော ပ တခွင်ရှိစာကြည့် တိုက် များတွင် နှစ် ပေါင်းများစွာ ကျင် လည်ခဲ့ သူ  " လီ နင် " သည်
စာကြည့် တိုက် အကြောင်းအတော် သိရှိ ခဲ့ သည် ။  ၁၉၁၃ ခုနှစ် " နယူးယောက် ပြည့် သူ့ စာကြည့် တိုက် များ၏  ၁၉၁၁
အစီ ရင် ခံ စာ" စာ အုပ် ကို ဖတ် ပြီးနောက်  သူ သည်  ပြည် သူ တို့ ၏ ပညာရေး အတွက်   "ကျွနုပ် တို့ ဘာတွေ လုပ်
ကိုင် နိုင် မည် နည်း "  ဟူ သော ဆောင်းပါး ကို ရေးသားခဲ့ သည် ။  ထို ဆောင်း ပါး ထဲ တွင်  ပြည့် သူ့ စာကြည့် တိုက်
တစ်ခု ၏  အောင် မြင် မှု့ ၊ဂုဏ် ယူ ၀ံ့ကြွားမှု့ တို့ သည်  ထို စာကြည့် တိုက် တွင် မည် မျှ ရှားပါးသော စာအုပ် များကို
စုဆောင်းထားရှိနိုင်မှုက အပေး တွင်  မူမတည်  ။ ၁၆ ရာစု က စာ အုပ် များ (သို့ )  ၁၀ ရာစု က လက် ရေးစာ များ ကို
စုဆောင်းနိင် မှု့ မှာ သိပ်  အရေးမကြီး  ၊ပြည် သူများ ကြား သို့  စာ အုပ် မည် မျှ အထိ  ပြန့် နှံ့ ငှားရမ်းနိုင် သလဲ ၊ စာကြည့်
တိုက် သို့  စာဖတ် ပရိတ် သတ်  အသစ် များ  မည်မျှ များများ ထိ လာရောက် ကြ သလဲ ။ လူ တစ်ယောက် ယောက် ထံ သို့
 အိမ် တစ် အိမ် သို့  မည်မျှ အထိ လျှင် မြန် စွာ  စာ အုပ် ဖြန့် ဖြူးပေးနိုင် သလဲ ၊ကလေးမည် မျှ ကို  စာ ကြည့် တိုက် သို့
လာချင် အောင် ဆွဲ ဆောင်သိမ်းသွင်းနိုင် ခဲ့ သလဲ  ၊ကလေးများ  စာကြည့် တိုက် ကို အသုံး ချ လာနိုင် အောင် ဘယ်လို လုပ်
ပေး နိုင် သလဲ  စ သည် တို့ က သာ အရေးကြီး သည် ဟု ရေးသားခဲ့ သည်  ။
မြန်မာနိုင် ငံ တွင် အမျိုး သားစာကြည့် တိုက် ၊တက္ကသိုလ် စာကြည့် တိုက် ၊အထူး စာကြည့် တိုက် များရှိသည် ။ အမျိုးသား
စာကြည့် တိုက်မှာ  ဘားနဒ် စာကြည့် တိုက်အမွေ ကို ဆက် ခံ သော စာကြည့် တိုက် ဖြစ် သည် ။ ၁၈၈၃  ဖေ ဖော် ၀ါရီ
၂၁ ရက် နေ့ မှ စဖွင့်ေ သာ ဘားနာ့ဒ်  စာကြည့် တိုက် သည် အခမဲ့ စာကြည့် တိုက် အဖြစ် ၆၉ နှစ် တည် တံ့ခြဲ့ပြီး  ၁၉၅၂
 ခုနှစ်တွင် မှ ၎င်း စာကြည့် တိုက် ကို  အမျိုး သား စာ ကြည့် တိုက် အသွင် ပြောင်းလှစ်ခဲ့ ခြင်းဖြစ်သည် ။ မြန်မာ့  စာ ပေ ၊
မြန်မာ့ ယဉ်ကျေးမှု့  ၊မြန်မာ ပြည် အကြောင်းနှင့် ပတ် သက်ေ သာ စာ အုပ် စာ တမ်းများ ကိုအ ထူးပြု စုဆောင်းထားရှိသည်။
သိုက သော် အကြောင်း အမျိုး မျိုးကြောင့် အမျိုးသား စာကြည့် တိုက် ကို ပိတ် ထား သည် မှာ  နှစ် နှစ် ခန့် ပင် ရှိချေပြီ ။
တက္ကသိုလ် ကောလိပ် အသီးသီးတွင်  စာကြည့် တိုက် များရှိ ကြ သည် ။ တက္ကသိုလ်များ ဗဟို စာကြည့် တိုက် ကား  ပင်မ
 တက္ကသိုလ် စာကြည့် တိုက်ကြီး ဖြစ် သည် ။ မြန် မာနိုင် ငံ အပါ အ၀င်  အရှေ့ တိုင်း ယဉ်ကျေးမှု့ နှင့်  စာပေများ ကို အထူး
ပြု စုဆောင်းထားရှိသည် ။ မြန် မာပြည် တွင်  ယခု  လက် ရှိ အကြီးဆုံးနှင့်  စာ အုပ် စာ တမ်း အစုံ လင် ဆုံး စာကြည့် တိုက်
ကြီး လည်း ဖြစ် သည် ။  အထူး စာကြည့် တိုက် များအနေနှင့် ကား ကမ္ဘာံ ဗုဒ္ဓ တက္ကသိုလ် စာကြည့် တိုက် ၊တပ်မတော် မော်
ကွန်းတိုက် ၊ ဆေးသုတေသန စာကြည့် တိုက် ၊ ပညာရေး သုတေ သန စာကြည့် တိုက်  ၊ လက် တွေ့ သုတေသန အဖွဲ့
စာကြည့် တိုက် ၊စက် မှု့ ပညာ ဗဟို ပြန် ကြားရေးဌာန  စာကြည့် တိုက်  စသည် တို့ ဖြစ် သည် ။ ယင်း စာကြည့် တိုက်
များမှာ  သက် ဆိုင်ရာ ဘာ သာရပ် တစ်ခုခု ကို  အထူးပြု ဦးစားပေး စု ဆောင်းကာ လူ တစ်စု  ပညာရှင်  တစ် စု အတွက်
 သီးသန့် အသုံးပြု ခွင့်ပေး သော စာကြည့် တိုက် များဖြစ်သည် ။ ပြည် သူ့ စာကြည့် တိုက် များ အနေ နှင့် ကား  ၁၉၅၆ခုနှစ်
မှ စ၍ ဖွင့် လှစ်သော  စာပေဗိ မာန် ပြည့် သူ့ စာကြည့် တိုက် သည်  အထင်ရှားဆုံးဖြစ် သည် ။ ပြည် နယ် ၊ တိုင်း ၊မြို့ နယ်
အသီးသီးတွင်  ပြန်ကြားရေးစာကြည့် တိုက် များ လည်းရှိသည် ။ ကလေး စာကြည့် တိုက် များကား  မြန် မာနိုင် ငံ တွင်မရှိ
သလောက် ဖြစ် သည် ။  ၁၉၅၆ ခုနှစ် တွင်  စာပေဗိ မာန် မှ ကလေး စာကြည့် တိုက်  ဖွင့်လှစ် ခဲ့ သော်လည်း  ၁၉၅၉ ခုနှစ်
တွင် အကြောင်း မညီ ညွတ်သဖြင့် ရပ် ဆိုင်းခဲ့ ရ သည် ။
ယနေ့ မြန် မာနိုင် ငံ တွင်  စာတက် မြောက် သူ ဦးရေ မှာ တစ်နေ့ တခြား တိုးတက် လာနေပြီ ဖြစ် သည် ။ သို့ သော် စာ
ဖတ် တက် သူ နှုန်းကို စာကြည့် တိုက် များပေါက်ဖွားနှုန်းက အလှင် မှီအောင် မလိုက် နိုင်ပါချေ ။ ပုဂ္ဂုလိ က စာ အုပ်
အငှားဆိုင် လေးများကား ရပ် ကွက် တိုင်း ၊မြို့ ရွာ တိုင်းတွင်  မှိုလိုပေါက် အောင် ပေါ် ထွန်း လာကြ သည် ။ စာ အုပ်
အဖိုးနှုန်း ချိုသာစွာဖြင့် ငှားရမ်း ပေးနေသော  ထို စာအုပ် ငှားဆိုင်လေးများ ကို လည်း  စာကြည့် တိုက် များ စာရင်းတွင်
ထည့် သွင်း၍ ရ နိုင် ပါ သည် ။ ထို ဆိုင် က လေးများ သည် လည်း  တန် ရာတန်ကြေး  အဖိုးအခ ယူ ကာ ပညာ ဖြန့် ဖြူး
ပေးနေ သော စာကြည့် တိုက် အသေးစား ကလေးများ ပင် ဖြစ် သည် ။ စနစ် တကျ  ပညာဗဟု သုတ ပေးနိုင် မည့်စာအုပ်
ရွေးချယ်ရေးနှင့် စနစ်တကျ ဖြန့် ဖြူး ငှားရေး အပိုင်းများတွင် ကား  အားနည်းနေကြ သည် ကား ငြင်း ဆိုဘွယ် မလိုပေ ။
ရန် ကုန်မြို့ တွင်  လူဦးရေ ၁၇ သိန်း အတွက် အရက် ဆိုင် များစွာရှိသော်လည်း  အများပြည် သူ အကျိုး ရှိ စွာ အသုံးချနိုင်
သော  အစိုးရ စာကြည့် တိုက် ပေါင်းမှာ  ရှစ် ခု သာရှိ ကြောင်း ၁၉၆၈ ခုနှစ် က တင် ပြ ဆွေးနွေးခဲ့ ကြ သည် ။ အရက်
သောက် သူများ၍  အရက် ဆိုင် များ သည် ဟု ဆိုနိုင် သော် လည်း  စာဖတ် သူ နည်း၍ စာကြည့် တိုက် နည်း သည် ဟု ကား
 ဆိုနိုင် မည် မဟုတ်ပါ ချေ ။      ။
                                                                                                                         ဟိန်းလတ်