မြတ်စွာ ဘုရားရှင်က 'မသေခင်သုတ္တန်' လို့ အမည်ရတဲ့ ' "ပုရာဘေဒသုတ္တန်" မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘဝ အရည်အသွေး တွေကို တစ်စုတဝေးတည်း ဟောကြား ထားပါတယ် ။
မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့် မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး ဘဝအရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချူပ်ပြီး ပြောပြ ချင်ပါတယ် ။
မသေခင်မှာ တဏှာကင်းအောင်ကြိုးစားရပါမယ် ။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ် ။ အစွန်း ထွက် တဲ့ တဏှာ မျိုး ၊ လွန်ကဲ ဖော်ပြန်တဲ့ တဏှာမျိုး လုံးဝ မ ဖြစ်အောင် သတိနဲ့ ထိန်းသိမ်း နိုင်ရပါမယ် ။
ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း ၊ ဖြစ်မလာသေးတဲ့ အနာ ဂတ် အကြောင်း တွေကို မလိုအပ်ပဲ တွေးတောနေပြီး စိတ် ပင်ပန်း မနေသင့်ပါဘူး ။ မသေခင် ကိုယ်တကယ် ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏ လေးမှာပဲ စိတ်ကိုတည့်တည့်ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကော်းအဆုံး ဖြစ်အောင် လုပ်ရပါမယ် ။
မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ် ။ ထစ်ခနဲရှိ ဒေါသထွက် တာမျိုး ၊ ကိုယ်မကျေနပ်တဲ့ လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေ ဖို့ ကြိုးစားတာမျိုး မလုပ် သင့် ပါဘူး။ သူလည်း တစ်နေ့ သေ ၊ ကိုယ်လည်း တစ်နေ့သေမယ့် ကိစ္စ ၊ ဘာလို့ ဒေါသ ထွက်နေဦးမှာလဲ ။
နေရာတစ်ကာမှာ စိတ် ပူပန်တက်တဲ့ သူလည်း မဖြစ်သင့်ပါဘူး ။ တိုတောင်းလှတဲ့ ဘဝလေးကို စိတ်ပူ လောင်မှု့တွေနဲ့ ဘာလို့အချိန်ဖြုန်းပစ်မှာလဲ ။ စိတ်အေးအေး ၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိ သောမနသိကာရ ထားတက်ဖို့အရေးကြီးပါတယ် ။
ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ၊ မရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ၊ ကြွားတက်ဝါတက် ၊ ဂုဏ်ပြိုင်တက်တာမျိုးလည်း ရှောင် ကြဉ်ရပါမယ် ။ ကိုယ်လုပ်တာ ၊ ကိုယ်ပိုင်တာ လူတစ်ကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့် အတွက် ဘာများအကျိုးပြုနိုင်မှာမို့လဲ ။
လုပ်သင့်တာ မလုပ်ခဲ့မိလေခြင်း ၊မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်းလို့ နောင်တရ စိတ်ပူပန်နေတာမျိုး လည်း မဖြစ်သင့်ပါဘူး ။ အသိမှန် ၊သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ် ၊မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘဝဟာ ကျေနပ်စရာကောင်းနေပါပြီ ။
နှုတ်စောင့်စည်းသူ၊ စကားကို ညဏ်နဲ့ ချင့်ချိန်ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ ၊ အကျိုးမဲ့ စကား တွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေရှိမလာနိုင်သလို မသေ ခင် ကိုယ့်ဘဝလည်း ကျက်သရေရှိမလာနိုင်ပါဘူး ။
မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး။ ကုန်သွား တဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု့အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတက်ရပါမယ် ။
ကိုယ့်ရဲ့လက်ရှိဘဝကိုမကျေနပ်ဘဲ မရေရာမသေချာတဲ့ အနာဂတ်ဘဝကို ပုံဖော်တပ်မက် နေတာ မျိုး လည်း လုံးဝမဖြစ်သင့်ပါဘူး ။ ကိုယ်နဲ့ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘဝကို ကျေကျေနပ်နပ်လက်ခံပြီး နေ တက်အောင်နေရပါမယ် ။ ပစ္စုပ္ပန်ဘဝကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘဝတွေကို လည်း စိတ်နာနေလို့အပိုပါပဲ ။
ကံ ၊ ကံ ရဲ့အကျိုးမရှိ ၊ ရှေးဘဝ၊နောက်ဘဝ မရှိ အစရှိတဲ့ အယူမှားမိစ္ဆာ ဒိဌိတွေလည်း ကင်းရှင်း နေ ရ ပါမယ် ။ အယူမှားရင် အလုပ်မှားမယ် ။ အလုပ်မှားရင် တရားလည်းမှားပြီး ပစ္စုပ္ပန်မှာရော ၊သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရပါလိမ့်မယ် ။
ကိလေသာဖြစ်မယ့်ကိစ္စ ၊ အကုသိုလ်ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ် ။ ကိလေသာစိတ် မဖြစ်ရဲ ၊ အကုသိုလ်စိတ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ ။
ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝမပြုလုပ်ရပါဘူး။ အံ့ဖွယ်ထူးဆန်းတွေ လိမ်ညာဖန်တီးပြပြီး နာမည်ကြီးလာဘ်ပေါ ပရိတ်သတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့မသေခင်ဘဝကို အမည်းရောင်ဆိုနေတာပါပဲ ။
လူသားတွေရဲ့ မသေခင်ဘဝကို အရုပ်ဆိုးအကျည်းတန်စေတဲ့ ၊ မနာလို ၊ဝန်တိုမှု့ ( ဣသာ၊မစ္ဆရိယ) ကို လည်း တွန်းလှန်နိုင်ရပါမယ် ။ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ် ၊ ကိုယ့်လို ပြည့်စုံမှာ ဝန်တိုတဲ့စိ လွှမ်းမိုး နေတဲ့သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ ။
ကိုယ်အပြုအမူကြမ်းတမ်းသူ ၊ နှုတ်အပြောအဆိုကြမ်းတမ်းသူ ၊ စိတ်နေသဘောထား ကြမ်းတမ်းသူ မဖြစ် စေရပါဘူး ။ ကိုယ်ကျင့်တရား မကောင်းသူ( သီလမရှိသူ )ကို ပတ်ဝန်းကျင်ကရွံရှာ စက်ဆုပ် တက်ကြ ပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရားပျက်သူ မဖြစ်ပါစေနဲ့ ။
ချစ်ခင်နေသူအချင်းချင်း ၊အဆင်ပြေနေသူအချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါ စေနဲ့ ။ သူ့ရေစက်နဲ့သူ ၊ သူ့အကြောင်းဆက်နဲ့သူ ၊ ချစ်ကြခင်ကြ အဆင်ပြေနေကြတာကို မနာလို ဝန်တို ဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့သူလောက် ကျက်သရေယုတ်တဲ့သူ လောကမှာ မရှိတော့ ပါ ဘူး။
မျက်စိ ၊ နား၊ နှာ ၊လျှာ ၊ ကိုယ်၊ စိတ် လို့ခေါ်တဲ့ တံခါးခြောက်ပေါက်ကနေ အဆင်း ၊အသံ၊ အနံ့၊အရသာ ၊ အထိအတွေ့ ၊သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာ လာဘ အစရှိတဲ့ ကိလေသာ ရေအလျဉ်တွေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်။ မြင်-မြင်ကာမျှ ၊ ကြား -ကြား ကာမျှ နဲ့ပြီးအောင် သတိပဌာန်တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု့ ရပ်တန့်သွား မှာပါ ။
မာနလွန်ကဲပြီး အောက်ခြေလွတ် ဘင်မြင့်နေတဲ့သူလည်း မဖြစ်စေရပါဘူး ။ မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ ။ ပစ္စည်း ၊ရုပ်ရည် ၊ပညာ ၊အာဏာ ၊သူများထက် သာတယ်လို့ထင်နေတဲ့ 'အထင်' ကြီးတာပါ။ အထင်ဟာ အထင်ပါပဲ ။ တကယ် မဟုတ်ပါဘူး ။
မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ညဏ်ပညာကြီးမားသူ ဖြစ်အောင် ကြိုးစားနေရပါမယ်။ လောကီ ညဏ်သာမက လောကုတ္တရာညဏ်ပါရမှ လူ့ဘဝ ဖြစ်ရကျိုးနပ်ပါတယ် ။
ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတက်တဲ့သူလည်းမဖြစ်စေရပါဘူး ။ သိသင့်သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး ၊သူတစ်ပါးပြောတာ ယုံနေရုံလောက်နဲ့မပြီးဘဲ ကိုယ်တိုင်သိ ၊ ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ် ။
ဒါန ၊သီလ ၊ သမထ ၊ ဝိပဿနာ ကုသိုလ်ကောင်းမှု့တွေပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ် နဲ့မပြုလုပ်ရပါဘူး ။ လူမှု့ရေး လာဘ်လာဘ လို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမှု့ ၊ စီးပွားရာထူးတိုးတက်မှု့ ၊ သံသရာကောင်းစားမှု့တွေကို လုံးဝမမျှော်ကိုးဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့စိတ် ၊ သတ္တဝါ အများ ကောင်းစားစေလိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ် ။ အကောင်း အဆိုး လောကဓံ အမျိုးမျိုးနဲ့တွေ့ ကြုံလာတဲ့ အခါမှာလည်း စိတ်မတက် ၊ စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ် ။
သက်ရှိ သက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကိုအကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရပါဘူး ။ တဏှာတစ်ခုခု ရဲ့နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ ၊ မကောင်းမှု့ ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်းနိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ် တွေရဲ့ အရည်အချင်းတစ်ခုပါပဲ ။
အစားအသောက်နဲ့ ပတ်သတ်ပြီးတော့လည်း ဒါမစားရ မနေနိုင် ၊ ဒါ မသောက်ရ မနေနိုင်တမ်းတ စွဲမက်မောမှု့ ကင်းရှင်းရပါမယ် ။ ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ် ။
ကိုယ့်အပြုအမူ ဖြစ်သမျှ ၊စိတ် အနေအထား ဖြစ်သမျှကို အမြဲသတိကပ် ရှု့မှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံ ကောင်း ဆိုး အမျိုးမျိုးကို မချစ်မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှု့နိုင်တဲ့ သူ ဖြစ်ရပါ မယ် ။
ကိုယ့် အထက်လူ နဲ့ နှိုင်းယှဉ်တဲ့ မာန ၊ ကိုယ့်တန်းတူ လူ နဲ့ နှိုင်းယှဉ်တဲ့ မာန ၊ ကိုယ့်အောက်တန်းလူနဲ့ နှိုင်းယှဉ်တဲ့ မာန ၊ မာန သုံးမျိုးလည်း ကင်းရှင်းရပါမယ် ။
သေပြီးရင် အသက်ကောင် ၊ ဝိညာဉ်ကောင်လေး နောက်ဘဝ လိုက်တယ်ဆိုတဲ့ သဿတဒိဋ္ဌိ ၊ သေပြီး ပြတ်တယ် ၊ ဘာမှမဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ ၊ဒီ ဒိဋ္ဌိ နှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိ နှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့်အလုပ်တွေ ကမောက်ကမဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ် ။
ကိုယ်နဲ့ ပတ်သတ်ဆက်စပ်တဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ ၊ အိမ် ၊ မြေ ၊ စတဲ့ သက်မဲ့ အရာ ဝတ္ထုတွေကို ငါ့သား ငါ့သမီး ၊ငါ့ အိမ် ၊ငါ့မြေ ဆိုပြီး ငါစွဲကြီးကြီး ၊ ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထား တဲ့ စိတ်မျိုး ကင်းရှင်းရပါမယ် ။
ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ် ၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ် ။
ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှား စွပ် လာရင်လည်း မတူန်မလှုပ် သည်းခံနိုင်ရပါမယ် ။
"တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှ မရှိပါလား" ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ် ။ အဲဒီအသိစွဲစွဲ မြဲမြဲရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန် တော့ပါဘူး ။ ရှိပြီးတာ မရှိလို့လည်း မဆူညံ တော့ ပါဘူး ။
ချစ်ခြင်း ၊ မုန်းခြင်းစတဲ့ ကိလေသာ ကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာလုပ်တဲ့ အဂတိ လိုက်စား မှု့လည်း ကင်းရှင်းရပါမယ် ။ အဂတိ ရဲ့ လားရာဟာ ဒုဂ္ဂတိ ပါ ။
လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာလုပ် ၊ လုပ်သင့် လုပ်ထိုက်တာ မလုပ်ဖြစ် နေကြ တာဟာ အရင်းခံကတော့ "ကိလေသာ " ပါပဲ ။ ကိလေသာ ခေါင်းပါးလာတဲ့အမျှ မလုပ်သင့် မလုပ်ထိုက် တာတွေလည်း ရှောင်ကြဉ်နိုင်လာပါလိမ့်မယ် ။ လုပ်သင့် လုပ်ထိုက်တွေလည်း ဆောင်ငင်နိုင် လာပါ လိမ့်မယ် ။
မလုပ်သင့်တာအားလုံး အကြွင်းမဲ့ရှောင်နိုင်ပြီး လုပ်သင့်တာအားလုံးအကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘဝ လွတ်မြောက်မှု့ကိုရပါပြီ ။ သေခြင်းတရားက အပြီးတိုင်လွတ်မြောက်ပါပြီ ။ ထပ်တလဲလဲ တသေသေတည်းသေနေရတဲ့ အဖြစ်ဆိုး ၊ ဒုက္ခဆိုးတွေက ထာဝရလွတ်မြောက်ပါပြီ ။ အနှိုင်းမဲ့ နိဗ္ဗာန် မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ ။
ဒါကြောင့်မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး ၊ ပဓာန အကျဆုံးကတော့ " ကိလေ သာ ခေါင်းပါးရေးအလုပ် " ၊ " ကိလေသာ အမြစ်ပြတ်ရေး အလုပ် " ပါပဲ ။( အရှင်ဆန္ဒာဓိက )
သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်မြောက်ရာ လမ်းမှန်ကို တွေ့နိုင်ကြပါစေရှင် ။
မနှင်း
#
No comments:
Post a Comment