Sunday, January 12, 2014

ဗန်းမော် ဆရာတော် ရွတ်ဆိုပွားများသော ဘုန်းကံမြင့်ပြီး လာဘ်ရွှင်စေမည့် ဘုရားဂုဏ်တော် ( မနှင်း )


ကျွန်မ အခုရေးမယ့် ဆောင်းပါးလေးရဲ့ အဓိပ္ပာယ်ကို သေချာလေးဖတ်စေချင်ပါတယ် ။ ဆိုလိုချက်ကို အဓိပ္ပာယ်ကောက် လွဲမှားသွားမှာ စိုးလို့ပါ ။ အခု ဘုရားဂုဏ်တော် ၁၃ပါး ဟာ ဟာ  ဟိုးယခင် ရသေ့ကြီးဦးခန္တီနှင့် ၀ါးချက်မင်းကြောင်း ဆရာတော်တို့ ပညာဖလှယ်ကြရင်း  ရသေ့ကြီးကလည်း မန္တာန်ရွတ်မယ် ။ တစ်နာရီအတွင်းလှုမည့်သူအ လိုလိုပေါ်လာစေရမယ့် ဆိုပြီး မန္တာန် တစ်ခုရွတ်ပါတယ် ။ တစ်နာရီ အတွင်းမှာဘဲ ရသေ့ကြီးကို  ရွှေဒင်္ဂါး ၁၀၈ ပြား လာလှုသွားခဲ့ပါတယ် ။ ၀ါးချက်မင်းကျောင်းဆရာတော် ကလည်း  ဂါထာတစ်ပုဒ်ရွတ်ပြီး တစ်နာရီ အတွင်းမှာပဲ အလှုရှင်ရောက်ရှိလာပြီး ဆရာတော်ကို လှုဒါန်းသွားခဲ့ပါတယ် တဲ့ ။ အဲ့ဒီ့ အချိန်ကျတော့ မှ  ရသေ့ကြီး နဲ့ ဆရာတော် ဘယ်ဂါထာကို ရွတ်ပါလဲ လို့ အချင်းချင်းမေးကြတော့မှ ရသေ့ကြီးရော ၊ ၀ါးချက်မင်းကျောင်းဆရာတော် ရော ရွတ်တဲ့ ဂါထာက ယခု တင်တဲ့ ဘုရားဂုတဏ်တော် ၁၃ပါး ဂါထာပဲ ဖြစ်ပါတယ် ။ အခုခေတ်မှာတော့ ဗန်းမော် ဆရာတော် ရွတ်ဆို ပွားများသော ဘုရားဂုဏ်တော် ဖြစ်ကြောင်းလည်း သိရပါတယ် ။ ဗန်းမော် ဆရာတော် ကျောင်းတိုက်သစ်ဆောက်မယ်ဆိုတော့ ယခု ဘုရားဂုဏ်တော် ကို နေ့စဉ် ရွတ်ဆိုပွားများခဲ့တာ  တိုက်သစ်ဆောက်ဖို့ အလှုရှင်များပေါ်ပေါက်လာခဲ့ပါတယ်တဲ့ ။ နောက်တော့ လာဘ်လာဘ တွေ ရွှင်တယ် ။ ဘုန်းတန်ခိုးကြီးတယ် ။ အန္တရယ်ကင်းတယ် ။ အလှုရှင်ဒကာတွေ များလာလွန်း တော့ တရားလုပ်ချိန်မရှိသလောက်ဖြစ်လာတော့ ဆရာတော် က တစ်နေ့ကို အခေါက်ရေ ၅၀ ပဲရွတ်ဆိုပွား များတော့တယ် လို့ ဆိုကြပါတယ် ။
ကျွန်မ က တော်ရုံဂါထာကိုလည်း ကျွန်မ ဘလော့ဂ်မှာ မတင်ပါဘူး ။  အထူးသဖြင့် ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်နေတဲ့ ဂါထာတွေကို လည်း ကျွန်မ လုံးဝမရွတ်ပါဘူး ။ ဒါပေမယ့် ဘုရားဂုဏ်တော် ၉ပါးကိုတော့ အမြဲရွတ်ဆိုပွားများပါတယ် ။ အခုဟာကတော့ ဘုရားဂုဏ်တော် ၁၃ပါး ဂါထာပါ ။ တကယ်တော့ ဘုရားဂုဏ်တော်ဟာ ကြီးကျယ် မြင့်မြတ်လှပါတယ် ။ အချို့ လူတွေရှိပါတယ် ။ တရားမှတ်နေပြီ ၊တရားလုပ်နေပြီ ဆိုရင် ဘုရားဂုဏ်တော်တွေ ၊ပရိတ်ပဌာန်းတွေ ရွတ်ဆိုပွားများခြင်းမရှိတော့တာတွေ ရှိတက်ကြပါတယ် ။ တကယ်တော့ ဗန်းမော်ဆရာကြီး မိန့်သလို အထူးသဖြင့် ကျွန်မတို့ လူပုဂ္ဂိုလ်တွေပေါ့နော်  လောကကြီးထဲမှာနေသရွေ့ အဓိကအားဖြင့်တော့ ဘုရားဂုဏ်တော် ၊ မေတ္တာသုတ် ၊ပဌာန်းတရားတော်တို့ထဲက တစ်ခုခုကို နေ့စဉ်ရွတ်ဖတ်သင့်ပါတယ် ။ ဆရာတော် မိန့်သလို ရဟန်းတွေမှာ က သိပ်အကြောင်းမဟုတ်ဘူး ။သင်္ကန်းသုံးစုံနှင့် သပိတ်ရှိနေရင် အလှုဒကာအမြဲရှိနေတယ် ။ ဒါပေမယ့် လူပုဂ္ဂိုလ်တွေမှာက အဲ့လို မဟုတ်ဘူး ။ တောထွက်ပြီးတရားမလုပ်နိုင်သေးဘူး ။ စီးပွားရှာရတယ် ။ စီးပွားတစ်ဖက်နဲ့ တရားလုပ်ရတယ် ။ လောကီ အကျိုးစီးပွား တိုးတက်မှ လည်း တရားဘက်ကို စိတ်ဖြောင့်ဖြောင့် လုပ်နိုင်မယ် ။ အဲ့ဒီ့အတွက် ဘုရားဂုဏ်တော်တွေက လောကီအကျိုးမှာတင် ဘုန်းကံမြင့်စေတယ် ။ စီးပွားလာဘ်လာဘတိုးစေတယ် ။ လောကုတ္တရာ အကျိုးမှာလည်း တရားထူးကို မြန်မြန်ရစေနိုင်တဲ့အကျိုးတရားတွေရှိပါတယ် ။
 စင်္ကာပူက သူငယ်ချင်းတစ်ယောက်ပြောသလို မနှင်း တရားတွေဒီလောက်လုပ်နေတာကို ဘာလို့ ပုတီးစိပ်နေရသေးလဲ လို့မေးတယ် ။ ကျွန်မ ဘုရားဂုဏ်တော်ကို ပွားတဲ့အခါ မှတ်ဖို့သာ စိပ်ပုတီးကို သုံးတာပါ ။ ကျွန်မ ဗုဒ္ဓဘာသာ နဲ့ ဆန့်ကျင်နေတဲ့ ဂါထာတွေကို ရွတ်ဆိုပြီးစိပ်တဲ့ ပုတီးသမား မဟုတ်ပါဘူး ။ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်ကို ပွားများတဲ့အခါမှာလည်း ကိုယ်ရွတ်ဆိုတဲ့ ဘုရားဂုဏ်တော်ရဲ့ အနက်အဓိပ္ပာယ်ကိုသာ အာရုံပြုတာပါ ။ကျွန်မစိတ်ပုတီးကို အာရုံပြုပြီးရွတ်ဆိုတာ မဟုတ်ပါဘူး ။ နောက်ပြီး တရားမမှတ်ခင်လည်း ဘုရားဂုဏ်တော်ကိုပွားပြီးမှ တရားမှတ်ပါတယ် ။တရားမမှတ်ခင် ဘုရားဂုဏ်တော်ကို ပွားရတော့ စိတ်ကြည်လင်တယ် ။ ဘုရားရှင် ရဲ့ကျေးဇူးတော် တွေကို ပိုပြီးကြည်ညိုရတယ် ။ တကယ်တော့ မြတ်စွာဘုရားရှင်ရဲ့ တန်ခိုးတော်တွေ ၊ ဂုဏ်တော်တွေကို ညွှန်းဆိုရင် ၁၃ ပါးလည်း မကပါဘူး ။ မရေမတွက်နိုင်အောင် ကြီးကျယ်မြင့်မြတ်လှပါတယ် ။ ကျွန်မ တို့ ဗုဒ္ဓဘာသာ ဖြစ်ရတာကို ဂုဏ်ယူကြစမ်းပါ ။ ဗုဒ္ဓဘာသာမှာသာရရှိနိုင်တဲ့ အနှစ်တရားတွေကို ကောင်းကောင်းကြီး အနှစ်ထုတ်သူနည်းလှပါတယ် ။ ဗုဒ္ဓဘာသာဖြစ်ရကျိုးနပ်အောင်လည်း ကြိုးစားအားထုတ်ကြပါ ။
ဗုဒ္ဓဘာသာဝင်အများစု ဟာ ဂုဏ်တော်ပွားတဲ့အခါမှာ အနက်အဓိပ္ပာယ်ကို သိပြီး ပွားသူ နည်းပါးတယ် ။ ဘုရားဂုဏ်တော် ၉ ပါးကို ပွားသည်ဖြစ်စေ ၊ ယခု ဂုဏ်တော် ၁၃ ပါးကို ပွားသည် ဖြစ်စေ  အနက်အဓိပ္ပာယ် ကို သိပြီးမှ ရွတ်ဆိုပွားများတာက ပိုမိုထိရောက်ပါတယ် ။ ပိုပြီးအကျိုးအာနိသင်ရှိပါတယ် ။
ဗန်းမော်ဆရာတော်ကြီး မိန့်သလို ပဲ အစွန်းနှစ်ဖက်မရောက်စေနဲ့ ဆိုသလိုပါပဲ ။ တရားမှတ်နေလို့၊ တရားထိုင်နေတဲ့လူမို့လို့ ဘုရားဂုဏ်တော်တွေ ၊ ပရိတ် ၊ပဌာန်းတရားတော်တွေ မရွတ်တော့ဘူးလို့ မဖြစ်သင့်ပါဘူး ။ တရားလည်းလုပ် ၊ ဘုရားဂုဏ်တော်ကိုလည်းပွားများမယ်ဆိုရင် အချိန်ခဏအတွင်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်နိုင်မှာပါ  ။   ။

             ဗန်းမော်ဆရာတော် ရွတ်ဆိုပွားများသောဘုရား ဂုဏ်တော် ၁၃ပါး
အရဟံ  ၊   ဗဟိ  အန္တဇယံ  ၊  သုဂတံ  ၊
အ -   မိတံ  ၊   ၀ိရဇံ   ၊    လလိတံ   ၊
အ  -  တုလံ ၊   စရဏံ   ၊  တိ -   ဘ၀ူပဿမံ  ၊
ယမကံ   ၊   သု   ခ   ဒံ  ၊    သရဏံ   ၊
ပဏာ မာမိ      ဇိနံ     ။

ဂုဏ်တော်ကို ရွတ်ဆိုပွားများတဲ့အခါမှာ အသံထွက် မှန်ဖို့ အရေးကြီးပါတယ် ။ အသံထွက်မမှန်ရင် အဓိပ္ပာယ်လွဲသွားနိုင်ပါတယ် ။ အသံဆက်ဆိုရမယ့် နေရာတွေမှာ spacebar ခြားမထားပါဘူး ။ ( - ) ခြားပြီးရေးထားတဲ့ စာလုံးတွေ နဲ့ spacebar ခြားပြီး ရေးထားတဲ့ စာလုံးတွေက တစ်သံစီ ရွတ်ဆိုရမှာပါ ။  လလိတံ ဆိုတဲ့ အသံကို  ဆက်ပြီး ဆိုရမှာပါ ။ လာ---- လိတံ လို့ အသံလေးနဲ့ မဖတ်ရပါဘူး ။ လလိတံ လို့လျှာအာခေါင် ထိတဲ့ အသံပေါ့နဲ့ပဲ ဖတ်ရမှာ ဖြစ်ပါတယ် ။ သု ခ ဒံ မှာလည်း  သု ---- ခ------ ဒံ ခွဲပြီးဖတ်ရမှာပါ ။

အနက်အဓိပ္ပာယ်
  • အရဟံ         = ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ  ရှိခိုးပါ၏ ။
  • ဗဟိအန္တဇယံ  = အတွင်းအပ ရန်အပေါင်းကို အောင်မြင်တော်မူသော မြတ်စွာဘုရားအားပဏမာမိ-ရှိခိုးပါ၏ ။
  • သုဂတံ         = ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရားအား ပဏာမာမိ ရှိခိုးပါ ၏ ။
  • အ - မိတံ      =  မနှိုင်းယှဉ်နိုင်သော တန်ခိုး ပြာဋိဟ် တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအားပဏမာမိရှိခိုးပါ၏ ။
  • ၀ိရဇံ           = ကိလေသာ ရန်အပေါင်းကို အောင်မြင်တော်မူသော မြတ်စွာဘုရားအား ပဏမာမိ ရှိခိုးပါ ၏။
  • လလိတံ       = တင့်တယ် သပ္ပာယ်တော် မူသော မြတ်စွာဘုရားအား  ပဏမာမိ ရှိခိုးပါ၏ ။
  • အ-  တုလံ    = အတုမရှိ မြင့်မြတ်သော ဂုဏ်တော် အနန္တနှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရားအား ပဏာမာမိ  ရှိခိုးပါ၏ ။
  • စရဏံ         = အကျင့် စရဏ ၁၅ပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ပဏာမိ ရှိခိုးပါ ၏ ။
  • တိ - ဘ၀ူပဿမံ = ဘုံသုံးပါး ၌ ကိလေသာ ရန် အပေါင်း ကို ငြိမ်းအေးစေနိုင်သော မြတ်စွာ ဘုရားအား ပဏမာမိ ရှိခိုးပါ၏ ။
  • ယမကံ          = ရေမီး အစုံစုံ တန်ခိုး ပြဋိဟာ တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ပဏမာမိ ရှိ ခိုးပါ၏ ။
  • သု  ခ  ဒံ          =  ချမ်းသာခြင်း အပေါင်းကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားအား ပဏမာမိ ရှိခိုးပါ ၏ ။
  • သရဏံ            = ကိုးကွယ်ရာ ၊ အားထားရာ မူထိုက်သော မြတ်စွာဘုရားအား ပဏမာမိ ရှိခိုးပါ၏ ။
  • ဇိ နံ                = မာန် ငါးပါးကို အောင်မြင်တော် မူသော မြတ်စွာဘုရားကို ပဏာမာမိ ရှိခိုးပါ၏ ။

တစ်နေ့ကို အနည်းဆုံး ၁၀၈ ခေါက်လောက်တော့ ရွတ်ဆိုပွားများသင့်တယ် လို့ဆိုပါတယ် ။ တက် နိုင်ရင် တော့ ၂၁၆ ခေါက်ပေါ့လေ ။ တကယ်ကို ပဲ ထူးခြားတဲ့ အကျိုးတရားတွေကို ရရှိလာပါတယ် ။ အကျိုး လိုတဲ့ စိတ်နဲ့ မဟုတ်ပဲ ဘုရား ရဲ့ ဂုဏ်တော်ကိုယုံကြည် ကြည်ညိုစွာ နဲ့ပဲ ရွတ်ဆိုပွားများပါ ။

ကိုယ်စိတ်နှစ်ဖြာကျန်းမာအေးချမ်းကြပါစေရှင် ။
ဘ၀ခရီးလမ်းမှာ အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေ ။
မနှင်း