Sunday, October 13, 2013

သံဝေဂလင်္ကာ (၃)


ရှာခြင်း နှစ်မျိုး
မသေမှီမှာ တရားရှာ ၊သေခါ ကိုယ့်နောက်ပါ ။
မသေမှီမှာ စီးပွားရှာ ၊သေခါစွန့်ရာမှာ ။

အိုမယ် ၊နာမယ် ၊သေမယ်
  • ခန္ဓာပြိုကွဲ အိုမှာပဲ အိုရဲအောင်သာကြိုးစားပါ ။
  • ခန္ဓာပြိုကွဲ နာမှာပဲ နာရဲအောင်သာကြိုးစားပါ ။
  • ခန္ဓာပြိုကွဲ သေမှာပဲ သေရဲအောင်သာကြိုးစားပါ ။

အားကိုးစရာ
  • မိဘ လင်သား မယားဆွေညာ ၊
  • အားကိုးရာလား စဉ်းစားကြည့်ပါ ၊
  • သေမင်းရန်က မတားနိုင်ပါ ၊
  • မြတ်တရား အားထားအစစ်ပါ ၊
  • မြတ်တရား ကြိုးစားပွားကြပါ ။
ပညာရှိတို့သာ သိနိုင်ရာ
  • သံသစ်သားကြိုး နှောင်ဖွဲ့မျိုး မခိုင်မာဟု ဆိုကြသည်ပါလည်း
  • တဏှာစစ်စစ် ဖွဲ့တက်လှစ်သည် ဇနီးမယား သမီး ၊သားနှင့် ၊
  • လင်သား အိမ်ယာ အဖြာဖြာသာနှောင်ဖွဲ့တာမို့ ၊ အပါယ်ကျတာမို့
  • ငဲ့ကာဖင်နှေး ၊ချိန်မရွေးဘဲ အငဲ့စွန့်ခွာပြေးတော့လေ ။

အပြီးလုပ် မှ အလုပ်ပြီးသည်
၁။ အလုပ်တွေ ပြီးမှ တရားအားထုတ်မယ် ဆိုရင် အလုပ်က ဘယ်တော့ပြီးမှာလဲ ။
၂။ အိမ်အလုပ်ဆို တာ အိမ်ရှိနေသမျှ ရှုပ်နေဦးမှာပဲ ။
၃။ ရုံးအလုပ်ဆိုသည်မှာ ရုံးရှိနေသမျှ ရှုပ်နေဦးမှာပဲ ။
၎။ ကျောင်းအလုပ်ဆိုသည်မှာလည်း ကျောင်းရှိနေသမျှ ရှုပ်နေဦးမှာပဲ ။
၅။ အပူဆိုသည်မှာ ဟောဒီ ခန္ဓာကိုယ်ကြီးရှိနေသမျှ ရှိနေဦးမှာပဲ ။
၆။ အိမ်အလုပ်စတာတွေကို ဦးစားပေးလို့ဘယ်ဖြစ်မလဲ ။
၇။ ခန္ဓာကိုယ်ကြီးက ကိုယ့်အတွက် ဘယ့်တုန်းကများ အနားပေးဖူးပါသလဲ ။
၈။ ဇရာ ၊မရဏာတွေက လက်ဦးသွားရင် တစ်ဘ၀အလကားဖြစ်သွားမှာပေါ့ ။




အမြန်တန်ဆာဆင်ကြ
၁။ လက် ၏ တန်ဆာဟူသည် လက်စွပ် ၊လက်ကောက် နာရီ ကို မဆိုလို ၊စွန့်ကြဲပေးကမ်းခြင်းဒါန ကို ဆိုလိုသည် ။
၂။ ကိုယ် ၏ တန်ဆာဟူသည် ဆွဲကြိုး ၊ ရင်ထိုး ၊ဘယက်ကို မဆိုလို ၊ ကိုယ်ကျင့်သီလ စောင့်ထိန်းခြင်းကိုဆိုလိုသည် ။
၃။ နား ၏ တန်ဆာဟူသည် နားဆွဲ ၊နားကပ်  ကို မဆိုလို ၊ တရားနာခြင်း ၊ ဓမ္မဿဝန ကို ဆိုလိုသည် ။
၎။ စိတ် ၏ တန်ဆာဟူသည် စိတ်ကူးကြည်နူးမှု့ကို မဆိုလို ၊၀ိပဿနာတရား ဘာဝနာတရား အားထုတ်ခြင်းကို ဆိုလို  သည် ။
ဘ၀တန်ဘိုး
  • ဖြစ်ပျက်နှစ်ဖြာ မမြင်ပါဘဲ တစ်ရာအသက်ရှည်သည်ထက်လည်း ၊
  • ဖြစ်ပျက်နေဟန် ရုပ်နှင့် နာမ်ကို အမှန်မြင်လျှက် ညဏ်စဉ်ထက်၍ တရက်တာမျှ သက်ရှည်ရသော် လောက လူ့ရွာ ကောင်းမြတ်သာသည် ။
  • ဗုဒ္ဓမြတ်စွာ မိန့်ခွန်းတည်း ။

တန်ဖိုးကြီးလှ တခဏ
  • လက်ဖြောက်တစ်ချက် ၊ လျှပ်တစ်ပြက် ၊ မျက်စိတစ်မှိတ်တွင် ။
  • အက္ခရာတစ်လုံး ၊ ရွတ်နေတုန်း ၊ မဆုံးသေမီတွင် ။
  • ရုပ် နာမ်အစု ၊ ပြောင်းလဲမှု့ ၊ မှတ်ရှုပေးလိုက်လျှင် ။
  • ကောင်းမှု့အားလုံး ၊ လွှမ်း၍ဖုံး ၊ ထိပ်ဆုံးရောက်သူပင် ။
  • ကိုယ်မှာ ဖြစ်ဘိ ၊ နောက်စိတ်သိ ( ဖြစ်တိုင်းသိ ) သိတိုင်းအပူစင် ။
  • အပူစင်က ၊ ဖြစ်ပျက်ကြ  ၊ မုချအမှန်ဖြင် ။
  • အမှန်မြင်မှ ၊ ချမ်းသာရ ၊ ဒုက္ခလွတ်မည်ပင် ။

လမ်းနှစ်သွယ်
ခန္ဓာခေါ်ရာ လိုက်ခဲ့ပါ ၊သုဿာန်လမ်းဆုံးသည် ။
ညဏ်ခေါ်ရာတွင် လိုက်ခဲ့လျှင် ၊ နိဗ္ဗာန်လမ်းဆုံးသည် ။

ခဏ ( ၄ ) ပါး
  • ဘုရားပွင့်ရာ ချိန်အခါ သင့်မှာမလွန်စေနှင့် ။
  • သာသနာထွန်းရာ ဒေသဟာ သင့်မှာ မလွန်စေနှင့် ။
  • သမ္မအယူ ရထားသူ သင့်မူ မလွန်စေနှင့် ။
  • အာယာတနခြောက်ဖြာ မချို့ရာ ခွင့်ခါမလွန်စေနှင့် ။
  • ခဏလွန်သွား အပါယ်လား တွေ့ငြားအပူနှင့် ။

ချိန်ခါရှိတုန်း စုပါလေ
အထုပ်ကလေး တပြင်ပြင် စိတ်ကူးမျိုးစုံဝင် အထုပ်ရှင်မှာ သေလို့သွား ကျန်တဲ့သူတွေ ဝေလို့စား အထုပ်ရှင်မှာ အလကား ဘာကမှာလဲ ပါမသွား သေရွာကျတော့ အပါယ်သွား နိဗ္ဗာန်ရောက်ဖို့ အခက်သား ။
ကုသိုလ် ပုည ပြုမှတော် အဲဒါ အဖော်နော် ၊အဖော်ပါမှ စိတ်မှအေး ဘ၀ဖန်ခါ ရိက္ခာဆေး ၊ရုပ် နာမ်နှစ်ဖြာ ဒုက္ခပေး သက်တမ်းလေးက အတိုလေး အိုနာသေက မကင်းသေး ၊နိဗ္ဗာန်ရောက်မှ ဒုက္ခဝေး ။
ပစ္စည်းဥစ္စာ အဖြာဖြာသည် ငါပိုင်ဥစ္စာ သမုတ်ပါလဲ ၊ ငါ ပိုင် မဟုတ်ချေ ။ခန္ဓာကြွေပျောက် သေပြီးနောက်ဝယ် ကိုယ့်နောက်မပါ အိမ်ဂေဟာ ၌ စုပုံလျှက်ကျန်နေရစ်၏ ။
ဆွေမျိုး မိဘ အ၀၀သည် ချစ်ကြသော်လဲ မလွဲမသွေ ကွဲရပေမည် ။ သေရာ ကိုယ့်နောက် တစ်ယောက်မပါ ငိုယိုကာဖြင့် မြှုပ်ရာ သင်္ချိုင်း မြေလုပ်တိုင်းမှာ မဆိုင်းမတွေ ပြန်လေကြ၏ ။
ကိုယ်တိုင်စီမံ ကုသိုလ်ကံသာ မကွာကိုယ့်နောက် တစ်ကောက်ကောက်ပဲ လိုက်တက်မြဲမို့ ကိုယ့်ဖို့ဥစ္စာ ကိုယ်တိုင်ရှာ ချိန်ခါရှိ တုန်း စုပါလေ ။
ဝဋ် ၏ သားကောင်   
အို ဘယ့်လူသား ငမိုက်သား သင်ကား အ၀ိဇ္ဇာ ၊ ပိတ်ဖုံးကာ၍ ငါးဖြာအာရုံ ဒုက္ခပုံကို အကုန်မမြင် အကောင်းထင်ကာ ခင်မင်တပ်မက် တွယ်တာဖက်လျှက် အောက်ထက်သံသာ ၊စုန်ဆန်ကာဖြင့်  တဏှာလက်သယ် ထင်တိုင်းဖြခယ်၍ အေးတယ်မရှိ ဆင်းရဲဘိသည် ၀ဋ၏သားကောင်လုံးလုံးတည်း ။
ဝဋ် ၏သားကောင် ဒုက္ခဘောင်မှ လွတ်အောင် ရုန်း၍ ချမ်းသာတွေ့ဖို့ မမေ့ရုပ်နာမ် ဖြစ်ပျက်ဟန်ကို အမှန် ညဏ်ညှိ ဖြစ်တိုင်းသိလော့။ ၀ီရိယနှစ်တန် ရှို့မြိုက်တန်ဖြင့် ဆယ်တန်ကိလေ လောင်ကျွမ်းကြေအောင် မသေမနာ မအိုပါခင် တက်သုတ်နှင်လျက် ဆောလျင်မြန်စွာ ရှို့မြိုက်ပါလော့ ၊ နောင်ခါကာလ ချိန်လွန်ရဟု နောင်တ  တကြီး သင်မညည်းလင့် ၊ဇနီးမယား ၊သမီး ၊သားနှင့် လင်သား အိမ်ယာ အဖြာဖြာ ကို ငဲ့ကာဖင့်နှေး အချိန်ရွေးက သေဘေးသင့်ကို ဦးလိမ့်တည်း ။          
ကိုယ်စိတ်နှစ်ဖြာကျန်းမာအေးချမ်းကြပါစေ ။
မနှင်း