အပေါင်းအဖော်နဲ့ နေခြင်းရဲ့ ဒုတိယအပြစ်က" မိမိရဲ့ အပေါင်းအဖော်က ချစ်စရာဖြစ်နေခဲ့ရင် ၊ဒါမှမဟုတ်မိမိကချစ်စရာပဲလို့နှလုံးသွင်းမိခဲ့ရင်ချစ်သွားတက်တယ် ”ဆိုတဲ့အပြစ်ပါပဲ ။
“မြင်ပါများရင် ကြင်နာသွားတယ် ”ဆိုတဲ့ စကားလိုပါပဲ။ အမြင်၊အကြား၊အသုံး၊အဆောင်၊အထိအတွေ့ဆိုတဲ့ ရောနှောခြင်းငါးမျိုးထဲက တစ်မျိုးမျိုးနဲ့ ဒါမှမဟုတ် တစ်မျိုးထက်ပိုတဲ့ ရောနှောခြင်းမျိုးနဲ့ ရောနှောဖန်များလာရင် ချစ်ခြင်းတရားဆိုတာ မွေးဖွားလာတက်စမြဲပါ။ တစ်ချို့ ဆို မြင်မြင်ချင်း၊ကြားကြားချင်း ချစ်သွားတက်ကြတာမျိုးတောင်ရှိပါတယ် ။
လူသားတိုင်းရဲ့ နှလုံးသားမှာ သံယောဇဉ် ဓာတ်ခံဆိုတာရှိပြီးသားပါ ။ အဲဒီ့ သံယောဇဉ်ဓာတ်ခံဟာ နွယ်နဲ့သဘောတူပါတယ် ။ နီးစပ်ရာကို ရစ်ပတ်တွယ်နှောင်တက်တာမျိုးပါ ။လူတစ်ယောက်ယောက်နဲ့ ပေါင်းဖော်ယှဉ်တွဲမှု့များလာရင်၊အထိအတွေ့များလာရင် အဲဒီလူကို သံယောဇဉ်နွယ်က ရစ်ပတ်လိုက်တော့မှာ သေချာပါတယ် ။
လူသားတွေရဲ့ စိတ်သန္တန်မှာ ဆားနဲ့တူတဲ့တဏှာဓာတ်ကလည်း ကိန်းအောင်းနေပြန်ပါတယ် ။ ဆားဟာ အချဉ်သီးနဲ့တွေ့ရင်ချက်ချင်းအရည်ပျော်သလို တဏှာဆိုတဲ့ ဆားဟာလည်း ချစ်စရာ အပေါင်းအဖော်၊ဒါမှမဟုတ် ချစ်စရာလို့ နှလုံးသွင်းမိတဲ့ အပေါင်းအဖော်ဆိုတဲ့ အချဉ်သီးနဲ့တွေ့ရင် ချစ်ခြင်းတရားဆိုတဲ့ အရည်တွေပျော်ကျရတော့တာပါပဲ ။
ချစ်ခြင်းဆိုတာ ဖြစ်လာခဲ့ရင် စိတ်ဟာ လောဘဆိုတဲ့ အစွန်းတစ်ဖက်ကို ရောက်သွားပါပြီင်္။
အပေါင်းအဖော်နဲ့ နေုခြင်းရဲ့ တတိယအပြစ်က မိမိရဲ့ အပေါင်းအဖော်က မုန်းစရာ ဖြစ်နေခဲ့ရင် ။ဒါမှမဟုတ် မိမိက မုန်းစရာပဲလို့ နှလုံးသွင်းမိခဲ့ရင် မုန်းသွားတက်တယ် ဆိုတဲ့အ ပြစ်ပါပဲ။
“လူအမျိုးမျိုး နတ် အထွေအထွေ”ဆိုတဲ့ စကားလိုပါပဲ ။ လူသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် စိတ်နေ သဘောထားခြင်း ၊အကျင့်စရိုက်လက္ခဏာခြင်း မတူညီကြပါဘူး ။တူပါတယ်လို့ ဆိုကြသူတာတောင် ထပ်တူထပ်မျှတော့ မဖြစ်နိုင်ပါဘူး ။ မတူညီသူတွေရဲ့ ပေါင်းဆုံခြင်းဟာ အမုန်းတရားတွေကို လမ်းဖွင့်ပေးနေမှာ သေချာပါတယ်။ ပြဿနာအမျိုးမျိုးကိုလည်း လက်ယပ် ခေါ်နေမှာ မလွဲပါဘူး ။
“အစုရှိရင် အမှု့ ရှိတယ် ”ဆိုတဲ့ စကားလို အပေါင်းအဖ်ာနဲ့ ရောနှောနေထိုင်ခြင်းဆိုတာ ဖြစ်လာခဲ့ရင် ပြဿနာတစ်ခုမဟုတ် တစ်ခုကို အမြဲ ရင်ဆိုင်နေရမှာပါပဲ ။ စိတ်သဘောထားခြင်း မတိုက်ဆိုင်တဲ့ သူတွေ အကျင့်စရိုက်ခြင်း ကွဲပြားတဲ့ သူတွေ နဲ့ အတူနေရရင် ပြဿနာပိုများပါတယ် ။ပြဿနာဖြစ်တာနဲ့ အမျှ ပြဿနာရဲ့ နောက်မှာ အမုန်းတရားက ထက်ကြပ်မကွာ လိုက်ပါလာတော့မှာပါပဲ ။
တစ်ယောက်ကိုတစ်ယောက် နားလည်ခွင့်လွှတ်ခြင်းများစွာနဲ့ သိပ်ချစ်ကြတဲ့ သူတွေတောင် တစ်ချိန်မဟုတ်တစ်ချိန်မှာ ပြဿနာ တစ်ခုမဟုတ်တစ်ခု ထဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် မမြင်ချင် မကြားချင်လောက်အောင် မုန်းတီးသွားတက်ကြပါသေးတယ် ။ အစစ အရာရာ သတိကြီးစွာထားပြီး အသိညဏ်နဲ့ ဆင်ဆင်ခြင်ခြင်နေနိုင်ပါမှ ၊သည်းခံခြင်းတရားကို မြဲမြဲလက်ကိုင်ထားပြီး စောင့်ထိန်းနိုင်ပါမှ တန်ကာကျပါတယ် ။
အပေါင်းအဖော်နဲ့မွေ့ပျော်မှု့များခြင်းဟာ ပြဿနာကို သန္ဓေတည်စေပြီး အမုန်းတရားတွေကိုမွေးဖွားရှင်သန်စေနိုင်ပါတယ် ။
မုန်းခြင်းဆိုတာ ဖြစ်လာခဲ့ရင် စိတ်ဟာ ဒေါသဆိုတဲ့ အစွန်းတစ်ဖက်ကိုရောက်သွားပါပြီ ။
ချစ်ခြင်းဖြစ်တော့ လောဘအစွန်း ၊မုန်းခြင်းဖြစ်တော့ ဒေါသအစွန်း ၊ဒီလိုဆို ချစ်ခြင်းမုန်းဖြင်းဖြစ်နေတာဟာ အစွန်းလမ်းနှစ်ဖက်က လျှောက်နေတာနဲ့ အတူတူပဲပေါ့ ။
မြတ်စွာဘုရားရှင်က ဓမ္မစကြာဒေသနာတော်မှာ အစွန်းနှစ်ဖက်ကိုရှောင်ပြီးတော့ အလယ်လမ်းကနေ လျှောက်ရမယ်လို့ ညွှန်ကြားထားပါတယ် ။ကိုယ်က ချစ်ခြင်း မုန်းခြင်း တွေ ဖြစ်ပြီးတော့ အစွန်နှစ်ဖက် ကလျှောက်နေပြီဆိုရင် အလယ်လမ်းက လျှောက်ရမှ ရောက်နိုင်တဲ့ နိဗ္ဗာန်ဆိုတဲ့ လမ်းဆုံးပန်းတိုင်ကို မရောက်နိုင်တော့ပါဘူး ။
အစွန်းနှစ်ဖက်က လျှောက်နေပြီဆိုတော့မှ အစွန်းနှစ်ဖက်ရဲ့ ဟိုဖက်မှာ ချောက် (ဂျောက်) တွေ ပဲ ရှိတော့တယ်။
ဘာချောက်တွေလဲ လို့တော့ မမေးနဲ့ ။ငရဲ ၊တိရိစ္ဆာန် ၊ပြိတ္တာ ၊အသူရကာယ် လို့ခေါ်တဲ့ အပါယ်လေးပါးချောက် ၊ပဋိသန္ဓေ ၊ အို ၊နာ ၊သေလို့ခေါ်တဲ့ ဇာတိ ၊ဇရာ ၊ ဗျာဓိ၊မရဏချောက် အဲဒီချောက်တွေထဲကို ကျလိမ့်မယ် ။
အဲဒါတွေအသာထား ။လောလောဆယ်ကျမယ့်ချောက်တွေကတော့ သောက ၊ပရိဒေ၀ ၊ဒုက္ခ၊ဒေါမနဿ ၊ဥပါယာသ လို့ခေါ်တဲ့ ချောက်တွေပဲ ။စိုးရိမ်ပူဆွေးခြင်း ၊ငိုကြွေးခြင်း ၊ကိုယ်ဆင်းရဲခြင်း ၊စိတ်ဆင်းရဲခြင်း ၊ပြင်းထန်စွာပူပန်ခြင်းလို့ခေါ်တဲ့ ချောက်တွေထဲကို တော့ ခုလောလောဆယ် ကျမှာ သေချာတယ် ။
ဒါကြောင့် ချစ်ခြင်း မုန်းခြင်းတွေကို ဖြစ်စေတက်တဲ့ အပေါင်းအဖော်နဲ့ ရောနှောခြင်းကို ရှောင်ကြဉ်ပြီးတော့ တစ်ယောက်တည်းနေပါ ။
“ချစ်တဲ့သူတွေနဲ့လည်း ဘယ်တော့မှ မပေါင်းဖော်ကြနဲ့ ၊မုန်းတဲ့သူတွေနဲ့လည်းဘယ်တော့မှ မပေါင်းဖော်ကြနဲ့ ။ ချစ်တဲ့ သူတွေကု မမြင်ရရင် ဆင်းရဲတယ် ၊မုန်းတဲ့သူတွေကု မြင်ရရင် ဆင်းရဲတယ် ”လို့ အဓိပ္ပာယ် သက်ရောက်တဲ့ တရားဂါထာတစ်ပုဒ်ကို မြတ်စွာဘုရားရှင်က ခုလို မိန့်ကြားတော်မူခဲ့ပါတယ် ။
“မာ ပိယေဟိ သမာဂဥ္ဆိ ၊
အပ္ပိယေဟိ ကုဒါစနံ
ပိယာနံအဒဿနံ ဒုက္ခံ ၊
အပ္ပိယာနဉ္စ ဒဿနံ ။”
ဆိုလိုတာကတော့ ဘယ်သူ့ကိုမှလည်း မချစ်နဲ့ ၊ဘယ်သူ့ကိုမှလည်းမုန်းနဲ့ လို့ ဆိုလိုပါတယ် ။ချစ်ရတဲ့သူရှိရင် အဲဒီချစ်ရတဲ့သူတွေနဲ့ ခွဲခွာရတဲ့ အခါ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတက်ပါတယ် ။မုန်းရတဲ့ သူရှိရင် အဲဒီ မုန်းရတဲ့သူတွေနဲ့ တွေ့ဆုံရတဲ့အခါ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတက်ပါတယ် ။
ဘယ်သူ့ကိုမှ မချစ်ရင်တော့ ပိယောဟိ ၀ိပ္ပယောဂ ဒုက္ခေ (ချစ်သူကွဲဆင်းရဲ) ဆိုတာ လုံးဝ မရှိနိုင်တော့သလို ဘယ်သူ့ကိုမှ မမုန်းရင်တော့ အပ္ပိယေဟိ သမ္မယောဂဒုက္ခ (မုန်းသူတွဲ့ဆင်းရဲ) ဆိုတာလည်း လုံးဝ မရှိနိုင်တော့ပါဘူး ။
- ချစ်ရတာလည်း ဒုက္ခ
- မုန်းရတာလည်း ဒုက္ခပါပဲ ။
- ချစ်သူကိုမတွေ့ရရင်
- စိတ်ပူလောင်ရသလို
- မုန်းသူကို မြင်ရလည်း
- စိတ်ဆင်းရဲရပါတယ်
* * * * *
No comments:
Post a Comment