Thursday, August 15, 2013

အမေ့ ခြေရာယူနည်း (ချစ်စံဝင်း)

 

အမေ့ခြေရာယူနည်းသည် ရှေးအခါက စစ်ကိုင်းတိုင်းအတွင်း၌ရှိခဲ့သော မြန်မာတို့၏ ရိုးရာထုံးစံတစ်ရပ်ဖြစ်၏။ ထိုဓလေ့ ထုံးစံကို စာပေဖြင့်စတင်မှတ်တမ်းတင်ခဲ့သူသည် စာရေးဆရာ မင်းသူရိန်ဖြစ်ပါ၏ ။ ဆရာ မင်းသူရိန်နှင့် ကျွန်တော်သည် လမ်းစဉ်သတင်းဂျာနယ်တွင် အတူတကွ အလုပ်လုပ်ခဲ့ဖူးပါ၏ ။ သူက သတင်းထောက်ကြီးဖြစ်၍ ကျွန်တော်က သတင်းထောက်ငယ်လေးဖြစ်ပါ၏ ။ ဆရာမင်းသူရိန်တွင်သူ့အမေခြေရာတစ်စုံရှိသည်။သူသည် အမေ့ခြေရာတစ်စုံကို မြတ်မြတ်နိုးနိုး သိမ်းဆည်းထားပြီး အမေ့ခြေရာယူခြင်းနှင့် ပတ်သတ်၍ဆရာက အောက်ပါအတိုင်းပြောပြပါ၏ ။

ဒီအလေ့အကျင့်က “ကျွန်တော်တို့စစ်ကိုင်းမှာ ရှိတယ် ။ကျွန်တော်ကိုယ်တိုင်လည်း အမေ့ခြေရာကိုယူထားတယ်။ယူတဲ့ ရည်ရွယ်ချက်ကတော့ အမေ့ဆီက အနိမ့်ဆုံး၊အောက်ဆုံးက ခြေမှုန့်ကို ခံယူကိုးကွယ်တဲ့သဘောပါပဲ ”ဟုဆိုသည်။မိသားစုတစ်စုတွင် မိဘများအသက်အရွယ်ကြီးရင့်လာပါက သားသမီးများသည် မိခင်နှင့် ဖခင်တို့၏ခြေရာများကို အသီးသီးတောင်းယူကြသည် ။သားသမီးတို့က မိဘခြေရာကို တောင်းခံသောအခါ မိဘတို့က “သြော်…ငါ့သားသမီးတို့တောင် ခြေရာတောင်းကြပါရောလား ဟုဆိုကာ ဇရာ၏သဘောတွေးတော်ပြီး ၀မ်းနည်းစကားပြောတက်ကြ၏ ။”

ထိုအခါ သားသမီးတို့က အမေတို့ အဖေတို့ အသက်ကြီးလို့ ခြေရာတောင်းတာမဟုတ်ပါဘူး။ကျွန်တော်တို့၊ကျွန်မတို ခရီးထွက်တဲ့အခါ အမေနဲ့အဖေကိုခွဲပြီး သွားကြရတော့ သွားတဲ့ခရီးမှာ အမေတို့ အဖေတို့ ကို ခေါ်မသွားနိုင်တောင်အမေ့ ခြေရာ၊အဖေ့ ခြေရာလေး ယူသွားတဲ့အခါ အမေနဲ့အတူ အဖေနဲ့အတူ ခရီးသွားသလို အန္တရယ်ကင်းအောင် ယူရတာပါ ဟုဆိုကာ ၀မ်းနည်းစကားကို ချေဖျက်ကြရ၏။

ထိုအခါ အဖေနှင့် အမေက ကဲ ..ဟုတ်ပါတယ် ၊အမေတို့အဖေတို့လည်း အသက်ကြီးပါပြီ ၊သားတို့ သမီးတို့ခြေရာယူဖို့ပြင်ဆင်ကြတော့ ဟု ခွင့်ပြုသောအခါ မိဘခြေရာခံယူပွဲကျင်းပရန် ပြင်ဆင်ကြ၏ ။မိစုံဖစုံရှိသူများက အမိ၊အဖ ခြေရာနှစ်စုံကိုယူ၍ အမေ သို့မဟုတ် အဖေကွယ်လွန်ဆုံးပါးသူတို့ကမူ အမေ့ခြေရာ (သို့) အဖေ့ခြေရာတစ်စုံကို သာ ယူကြရ၏ ။

မိဘနှစ်ပါးက ခြေရာယူခွင့် မပြုသေးပါက မိဘခြေရာယူပွဲကို မကျင်းပနိုင်ပါ။ မိဘခြေရာခံယူပွဲကို မိဘနှစ်ပါးက ခွင့်ပြုမှသာ ကျင်းပနိုင်ပါ၏ ။ တစ်ခါတစ်ရံ သားသမီးတို့က မိဘထံမှ ခြေရာတောင်းခံခြင်းမပြုသည့်တိုင် မိဘများက အမေတို့ အဖေတို့  အမေ့ခြေရာ၊အဖေ့ခြေရာပေးတော့မည် ။နေ့ကောင်းရက်သ ရွေးပေတော့ ဟု ပြောဆိုလျှင်လည်း အမေ့ ခြေရာခံယူပွဲကို ပြုလုပ်ကျင်းပရတက်၏ ။

အမေ့ခြေရာခံယူပွဲကို မိမိတို့ နေအိမ်တွင် ကျင်းပလေ့ရှိသလို မိမိတို့ကိုးကွယ်သည့် ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ကျင်းပတက်ကြသည် ။ထိုနေ့တွင် အလှုအတန်းကို မိမိတို့တက်နိုင်လျှင်တက်နိုင်သလို လှုဒါန်း၍ ကျင်းပကြ၏ ။ ပု့မှန်အတိုင်းကား အမေ့ခြေရာ ခံယူရေးကို ရည်စူး၍ နံနက်ပိုင်း ဆွမ်းကပ်ခြင်း၊ဆွမ်းပို့ခြင်း များပြုလုပ်ကြ၏ ။

အမေ့ခြေရာခံယူပွဲကျင်းပချိန်တွင် အိမ်နီးချင်းများ ၊အသိမိတ်ဆွေများ ၊အရပ်လူကြီးသူမများ အားလည်းဖိတ်ကြား၍ လက်ဖက်ရည် ၊မုန့် စသည်တို့ဖြင့် ဧည့်ခံတက်ကြ၏ ။ မိဘခြေရာပေးမည့်နေ့တွင် မိဘများကလည်း နံနက်စောစောက ပင် သီလဆောက်တည်ကြသည် ။ထို့နောက် ရေမိုးချိုး ၀တ်ကောင်းစားလှများကို ၀တ်ကာ အချို့လည်း သနပ်ခါးလိမ်း၊ပန်းပန်လျှက် အမေနှင့် အဖေကို ပွဲနေ ပွဲထိုင်သွားတော့မည့် အတိုင်း ပြင်ဆင်ပေးကြသည် ။

အမေ့ခြေရာခံယူပွဲတွင် သားသမီးတို့က မိမိတို့ တက်စွမ်းသမျှ ငွေကြေး၊ဆေးဝါး အ၀တ်အထည်၊အစားအသောက်၊ အုန်းပွဲ ၊ငှက်ပျောပွဲများကိုတည်ကာ အမေ့အား ကန်တော့ကြ၏ ။အမေက သားသမီးများ အသက်ရာကျော်ရှည်ရန် ဆုပေးသည်။အမေ့ခြေရာ ခံယူသည့်နေ့သည် မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်၏။ထိုပွဲသည် မိသားစုအတွင်း တစ်သက်တစ်ခါပြုလုပ်သောပွဲဖြစ်၍ ညီအစ်ကိုမောင်နှမများ ညီညီညွတ်ညွတ်ပြုလုပ်ရသောပွဲဖြစ်သည် ။

အမေ့ခြေရာခံယူပွဲတွင် မိဘနှစ်ပါးအား မြင့်မြတ်ရာတွင် ထိုင်စေ၍ သားသမီးတို့က  လက်အုပ်ချီမိုးကာ အမေနှင့် အဖေခင်ဗျား ကျွန်တော် ကျွန်မတို့သည် အမေနှင့်အဖေအားရိုသေစွာကန်တော့ပါသည် ။အမေနှင့်အဖေတို့က မိဘ မေတ္တာ ဓာတ်ပါဝင်သော ခြေရာအစုံကို ကျွန်တော် ကျွန်မတို့ အသက်ထက်ဆုံးဆည်းကပ်ကိုးကွယ်ရန် ခြေရာပေးပါ အမေခင်ဗျား ။အဖေ့ခြေရာကို ကိုးကွယ်ရန်ခြေရာပေးပါ ခင်ဗျား ဟု တောင်းခံရ၏။

ထိုအခါ မိဘများက သားသမီးတို့အား မိဘများသည် ဤသား ၊ဤသမီးတို့အား မည်သို့ ပြုစုလာခဲ့သည်။ဖ၀ါးလက်နှစ်လုံး၊ပခုံးလက်နမှစ်သစ်မှ ပြုစုစောင့်ရှောက်လာခဲ့ပုံများကိုပြောပြရင်း ဆုံးမစကားများကိုလည်း ဆိုကြသည်။ လောကအကြောင်း ၊ဓမ္မအကြောင်း ဆုံးမ စကားများအပြင်ဆက်လျှောက်ရမည့် ဘ၀ခရီးလမ်းအတွက် သတိပေးစကားများကိုလည်းပြောဆိုကာ ညီအစ်ကိုမောင်နှမများရှိပါက သားသမီးများချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိကြရန် အဆုံးအမပြုကြ၏ ။

ထို့နောက်သားသမီးတို့က မိဘနှစ်ပါးး၏ ခြေထောက်များကို ဇလုံအင်တုံ၊ယွန်းဗန်းများခံကာ သန့်စင်အောင် ကိုယ်တိုင်ပွတ်တိုက်၍ ရေဆေးပေးကြသည် ။ ခြေထောက်ကို ရေဆေးပြီးနောက်  စင်ကြယ်သော အ၀တ်ဖြင့် ခြေထောက်အစုံကိုခြောက်အောင် ပွတ်တိုက်ပေး၏ ။ထို့နောက် ကြိုတင်၍ ကိယ်တိုင်ထောင်းထားသော(သို့) ဈေးမှ ၀ယ်လာသော သန့ှ်ရင်းသည့် နနွင်းကို ပန်းကန်ထဲတွင် ထည့်၍ မပျစ်မကျဲ အရည်ဖော်ရသည်။ဖျော်ထားသော နနွင်းရည် မပျစ်မကျဲ ကို သားသမီးတို့ကလက်ဖြင့်ယူ၍ အမေ့ခြေဖ၀ါး၊ အဖေ့ခြေဖ၀ါးကို သုတ်လိမ်းပေးသည် ။ နနွင်းမခြောက်မီ သစ်သားပြား (သို့) စက္ကူကတ်ထူတစ်ခုခုပေါ်တွင် ပိတ်ဖြူတစ်စကိုခင်းသည်။မိဘတို့က ယင်းပိတ်ဖြူပေါ်တွင် အမေ့ခြေရာ ၊အဖေ့ခြေရာ တင်လာ၏ ။

ထိုခြေရာကို သားသမီးတို့က အသက်ထက်ဆုံး သိမ်းဆည်းထားကြ၏ ။ကာလကြာရှည်ပါက နနွင်းများ အရောင်မှိန် ပျောက်ကွယ်သွားတက်၍ အမေ့ခြေရာကို ခဲကြောင်းလေးဖြင့်လိုက်၍ ခဲကြောင်းလေးတစ်လျှောက် ရွှေချည်ထိုးခြင်း ၊အပ်ချည်အဖြူဖြင့် သီထားခြင်းဖြင့် ဘယ်သောအခါမှ မပျောက်ပျက်ဘဲ သားသမီးတို့ အမြဲကိုးကွယ်နိုင်သည့် မိဘတို့၏ ခြေရာကို ရရှိကြပါ၏ ။ အမေ့ခြေရာကို မှန်ဘောင်သွင်း၍ ကိုးကွယ်မှု့ပြုသလိုအချို့ကလည်း သေတ္တာတွင်ထည့်၍ သိမ်းဆည်းကာ ခရီးသွားပါက ယူဆောင်သွားကြ၏ ။

မြန်မာတို့သည်အမေ၏ထဘီစ၊အင်္ကျီ ၊အဘိုးအဘွားတို့၏ အံသွားစည်တို့ကို ဆောင်တက်သော အကျင်ရှိ၏ ။အမေ့ခြေရာ ယခြင်းသည်လည်း ထိုကဲ့သို့ပင်ဖြစ်ပါ၏ ။ဗုဒ္ဓဘာသာဝင်များသည်မြတ်စွာဘုရား၏ခြေတော်ရာကို ကိုးကွယ်မှု့ပြုကြလေရာ ဘုရားနှင့် တစ်ဂိုဏ်းတည်းဖြစ်သော မိဘတို့၏ခြေရာကိုလည်းအလားတူ ကိုးကွယ်မှု့ပြုခြင်းဖြစ်ပါ၏ ။

အမေ့ခြေရာ ၊အဖေ့ခြေရာ ကို ယူရာတွင် ကိုးကွယ်ဆည်းကပ်မှု့အပြင် အမေ့ခြေရာကိုမီအောင်၊အဖေ့ခြေရာကိုမီအောင် မိမိတို့ဘ၀ကိုလည်းတည်ဆောက်ကြဟု အဓိဌာန်ပြုခြင်းလည်းဖြစ်ပါ၏။တစ်ဖန် အမေ့ခြေရာ အဖေ့ခြေရာကိုဆောင်ထားခြင်းဖြင့် အမေနှင့်အဖေသည် မိမိနှင့်အတူ ရှိနေသည်ဟု မှတ်ယူကာ မိဘများ၏ ဆု့းမစကားများ ၊သတိပေးစကားများကို ပြန်လည်မှတ်မိနေခြင်းဖြင့် မကောင်းမှု့များကို မပြုလုပ်မိက အဖေ့သား ၊အမေ့သမီး ပီသစွာ လူ့လောကအလယ်တွင် အသက်ထက်ဆုံး နေထိုင်သွားနိုင်ရေးအတွက်လည်း သတိပေး အဆောင်တစ်ရပ်ဖြစ်ပါသည်။

အမေ့ခြေရာခံယူခြင်းသည် ကမ္ဘာတွင်ပင်မရှိဘဲ မြန်မာတို့၏ ဘုရား ၊တရား သံဃာ၊မိဘ ၊ဆရာ စသည့် အနန္တော ၊အနန္တငါးပါးကို ကိုးကွယ်သည့် ဓလေ့စရိုက်မှ ပေါက်ဖွားလာခြင်းဖြစ်ပါ၏ ။ ထိုဓလေ့စရိုက်ကို ဆရာမင်းသူရိန်ကအစပျိုး၍ ကျွန်တော်က စာအုပ်တစ်အုပ်အဖြစ်ရေးသားခဲ့ပြီး  အမေ့ခြေရာ ဟူသော ရုပ်ရှင်ကို ရိုက်ကူးရာမှ ထိုဓလေ့ထုံးစံသည် ပိုမို ခိုင်မာသော အလ့အကျင့် တစ်ရပ် ဖြစ်ခဲ့ပါ၏ ။

အမေ့ခြေရာကိုတောင်းခံသော သားသမီးတို့သည် အနည်းဆုံး ရပ်ပြစ်ရှစ်ပါး၊ရန်သူမျိုး ငါးပါးမှ ကင်းဝေး၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် အန္တရယ်ကင်းသော အဖြစ်ကို ရရှိသူများ ဖြစ်ကြပါစေ ကုန်သတည်း ။     ။

                                                                                                                    ချစ်စံဝင်း

No comments: