ကျွန်မရဲ့စာအုပ်စင်အဟောင်းလေးပါ |
ဒါလည်း အသစ်မလုပ်နိုင်သေးတဲ့ ကျွန်မရဲ့ စာအုပ်စင် အဟောင်း လေးပါ ပဲ ။ နှစ်တွေ ကြာညောင်းပြီး ပျက်စီးနေတဲ့ ကျွန်မစာအုပ် စင်လေးပေါ့ :) |
အမှန်တော့ ဒီ
ပိုစ်လေးက ကျွန်မ ရဲ့ စာအုပ်စာရင်း စုစည်းမှု့လေးတစ်ခုကို တင်ထားရုံပါပဲ ။ စပြီး
တင်ထား တုန်းက စိတ်ဝင်စားမယ် လို့တောင် မထင်ခဲ့မိပါဘူး ။blogger dashboard ထဲက
post stats ထဲမှာကြည့်တော့မှ ဒီဘလောဂ့်လေးထဲကို စာလာဖတ်သူတော်တော်များများ ဒီ
ပိုစ့် လေးကို ၀င်ကြည့်ကြ တာသိရတယ် ။ကျွန်မ ရဲ့ စာအုပ်စာရင်းစုစည်းမှု့သက်သက်ပါပဲ ။
ဒီထဲမှာ ကျွန်မစုဆောင်းထားတဲ့ ပုံပြင်စာအုပ်တွေတော့ မပါပါဘူး ။ ကျွန်မ စာကြမ်းပိုး
မဟုတ်ပါဘူး ။ပုံမှန် စာဖတ်ဝါသနာပါသူတစ်ယောက်ပါပဲ ။
သူ့အချိန်နဲ့သူအချိန်လေးသတ်မှတ်ပြီး စာဖတ်ဖြစ်ပါတယ် ။ ကျွန်မ ရဲ့ နေ့စဉ်ဘ၀မှာ
ဘယ်လောက်ပဲအလုပ်များများ အားတဲ့ အချိန်မှာတော့ စာဖတ်ပါတယ် ။ ကျွန်မ
အနှစ်သက်ဆုံးက စာဖတ်တာနဲ့ အင်္ဂလိပ် Classicသီချင်းတွေ နားထောင်တာပါပဲ ။ကျွန်မ
သီချင်းနားမထောင်တဲ့ နေ့ ၊စာမဖတ်တဲ့ နေ့လို့ မရှိပါဘူး ။ ရှင်သန်နေထိုင်ရတဲ့ ဘ၀မှာ
အကျိုးရှိစေမယ့် ၊ဗဟုသုတ ရစေမယ့် စာပေလေးတွေကိုတော့ ရှာဖွေဖတ်ဖြစ်ပါတယ် ။
ဟိုးတုန်းကတော့
ကျွန်မရဲ့စာအုပ်တွေကို နီးစပ်ရာ ဖတ်ချင်တဲ့သူတွေဆို ငှားဖြစ်တယ် ။ဒါပေမယ့်
လူတွေကလည်း လူတွေ ရှင့် ။ စာအုပ်ကို တန်ဖိုးထားရမှန်းမသိကြဘူး ။ ငှားပြီး
ပေးချင်မှပေးတယ် ။ ၇ အုပ်ငှားလိုက် ၄အုပ်လောက်ပဲ ပြန်ပေးချင်ပေးတယ် ။ တစ်ခါတစ်လေ
ကိုယ့်စာအုပ်ကိုယ်တောင် အမုန်းခံပြီး ပြန်တောင်းရတာတွေရှိတယ် ။
စာဖတ်ရင်လည်း စာအုပ်ထဲက စာရွက်တွေကို ခေါက်တာမျိုးတွေ ကျွန်မ မကြိုက် ။ဖတ်လက်စ စာရွက် နေရာကို မှတ်ချင်ရင် စာရွက်၊ဒါမှမဟုတ် ကတ်ထူ တစ်ခုခုနှင့် ညှပ်ထားလိုက်ရင် စာအုပ်ပျက်ဆီးမှု့သက်သာတာပေါ့ရှင် ။ပုံပြင်စာအုပ်လေးတွေ ဆို ကျွန်မ သိမ်းထားတာ ၁၃နှစ်ရှိပြီ ။ စာရွက် ၀ါတာကလွဲပြီး တစ်ခြားပျက်ဆီးမှု့ မရှိဘူး ။ကျွန်မ က စာအုပ်နဲ့ ပတ်သတ်ရင်အရမ်း တန်ဖိုးထားတယ် ။

ကျွန်မ
၁၀တန်းဖြေပြီး ပုံပြင်စာအုပ်တွေနဲ့ စာ စ ဖတ်ဖြစ်ခဲ့တာပါ ။ နယ်မှာဆိုတော့ရွေးချယ်စရာစာအုပ်သိပ်မရှိပါဘူး။တရားစာအုပ်တွေနဲ့ပုံပြင်စာအုပ်တွေနဲ့ပေါ့
။ ပုံပြင်စာအုပ်အုပ် ၃၀ေ လာက်ဖတ်ပြီးတဲ့ အချိန်ကျွန်မ စာဖတ်ရတာ အရမ်းကြိုက်
သွားပါတယ် ။ နောက်တော့ဆရာတော် ဦးဇောတိက နဲ့အရှင် ဆန္ဒဓိက
ရဲ့စာအုပ်တွေထပ်ဖတ်တယ်။နောက်ပြီး အဘိုးရဲ့ အိမ်မှာစာအုပ် ကောင်းလေးတွေရှိတော့ယူဖတ်ဖြစ်တယ်။
နောက်ပိုင်း.. တက္ကသိုလ်တက်ဖြစ်တော့ရန်ကုန်၊လှည်းတန်း
ပြည်လမ်းအဆောင်မှာနေဖြစ်တဲ့အချိန် မှာ စာပိုဖတ်ဖြစ်သွားတယ် ။ကျောင်းပိတ်ရက်ဆို စာအုပ်
ဆိုင်ပဲသွားဖြစ်နေတာ ။ ၀ယ်တာ မ၀ယ်တာထက် စာအုပ်ဆိုင်မှာ စာသွားမြည်းတာပေါ့လေ။
အဆောင်က အခန်းထဲမှာလည်း စာဖတ်ဝါသနာပါသူက ကျွန်မနဲ့ ပြည်မြို့ က
နိုင်ငံခြားဘာသာတက္ကသိုလ်တက်နေတဲ့ သူငယ်ချင်းရယ် နှစ်ယောက်ပဲ စာဖတ်ဝါသနာပါတယ်
။ စာအုပ်သွားဝယ်ရင် တစ်ခြားသူကို ကျွန်မ ခေါ်သွားခဲတယ် ။တစ်ယောက်တည်းသွားရင်သွား
။မသွားရင် ပြည်မြို့က သူငယ်ချင်းနဲ့ နှစ်ယောက်သွားတယ် ။ ကျွန်မ တို့ စာအုပ်ရွေးတာ
နဲ့ စာမြည်းတာက တကယ်ကြာကိုး ။ စာအုပ်ဆိုင် တစ်ဆိုင်ဝင်ရင် အနည်းဆုံး
တစ်နာရီလောက် ဇိမ်နဲ့ စာအုပ်မွှေတော့တာကိုး ။တစ်ခါတစ်လေ စာမြည်းတာ
များသွားရင် နှစ်နာရီကြာတယ် ။
မိန်းကလေးဆောင်
ဆိုတော့ စာအုပ် ပိုစုံတယ် ။ဟိုစာအုပ်ကောင်းတယ် ၊ဒီစာအုပ်ကောင်းတယ်ပေါ့ ။စာ စ ဖတ်စဉ်တုန်းကတော့
စာ မရွေးတက်တော့ ငှားသမျှ အကုန်ဖတ် တာပေါ့ ။ နောတော့ဆရာဖေမြင့် စာအုပ်တွေ
ဖတ်ဖြစ်တယ်။ တစ်ဆင့်ခြင်းပေါလေ့ ။ ဘယ်အရာမဆို တစ်ဆင့်ခြင်း တက် ရတာပေါ့ လေ ။
စာဖတ်ရာမှတင်မဟုတ်ဘူး အင်္ဂလိပ်သီချင်းနားထောင်ရာမှာလည်းဒီလိုပဲပေါ့ ။
ကျွန်မယူထားတာ အင်္ဂလိပ်စာ ဆိုတော့ အင်္ဂလိပ်သီချင်းလေးတွေ နားထောင်ချင်တယ် ။အဲ့ဒီအချိန် အဆောင်မှာသီချင်းနားထောင်ချင်ရင် ကတ်ဆက်ထဲကို ကတ်ဆတ်ခွေတွေပြီး နားထောင်ကြတယ် ။ပထမနှစ်တုန်းက စပြီး နားထောင်ဖြစ်တာက Westlife ၊နောက်တော့ Easy listening Love Songs လေးတွေ ၊နောက်တော့ တစ်ခြားသီချင်းတွေ နားထောင်လို့ရလာတယ် ။ သီချင်းတစ်ပုဒ်ရဲ့ အဓိပ္ပာယ် ခံစားလို့ ရလာတယ် ။ စာဖတ်တာမှာလည်း ဒီလိုပါပဲ ။ အစမှာတော့ ကိုယ် ဘယ်လို အကြောင်းအရာမျိုးကို ၀ါသနာပါလဲ သေချာမသိဘူး ။ ဘယ် လို စာပေမျိုးက ကောင်းတယ် ဆိုတာ မသိဘူး ။ ဘ၀မှာ နေထိုင်တက်အောင် ၊ စာထဲက အသိညဏ်တွေပေးတာ ဘယ်လိုစာပေမျိုး ဆို တာ ကိုယ်မရွေးချယ်တက်ခဲ့ဘူး ။နောက်ပိုင်းစာဖတ်ရင့် လာရင် ၊
စာပေကောင်းလေးတွေကို ဖတ်တာများလာရင် ကိုယ်နဲ့ သင့်တော်တဲ့ အကျိုးရှိစေမယ့် ၊ အသုံးဝင်စေမယ့် စာကို ရွေးချယ် တက်လာမှာတော့ မယုံမရှိကြပါနဲ့ ။

စာဖတ်ဝါသနာပါစ
လူတစ်ယောက်အတွက်တော့ စာအုပ်ရွေးချယ်မှု့ မှန်ဖို့တော့လိုတာပေါ့ ။ စာတော့ ဖတ်ပါရဲ့
။ အပျော်ဖတ် ၊အနှစ်မရှိတဲ့အချစ်ဝတ္ထုမျိုး တွေဖတ် အလကားပေါ့ ။
အချိန်ကုန်တာပဲရှိပါလိမ့်မယ် ။ ဆရာဖေမြင့် ရဲ့ စာအုပ်တွေ
ဖတ်လိုက်ရတော့ ကျွန်မ စိတ်ဓာတ် တွေ တက်ကြွ ခိုင်မာလာတယ်။ ရင့်ကျက်လာတယ်
။ ကျွန်မတို့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်က ငှားဖတ်ခဲ့တဲ့
(သူလိုလူ) စာအုပ်ကို တော့ ကျွန်မ အ ကြိုက်ဆုံးပဲ ။
ပထမဆုံးထုတ်တဲ့ စာအုပ်ကြီး ။ စာအုပ်ကလည်းအထူကြီး နောက်မှာလည်း အင်္ဂလိပ်လိုလည်းပါတယ်
။
အရမ်းကောင်းတဲ့စာအုပ်တစ်အုပ် ပေါ့လေ ။ ကျွန်မ တက်နေတာလည်း အင်္ဂလိပ်စာဆိုတော့ ဆရာမောင်သိန်းလွင် ရဲ့ မြန်မာအင်္ဂလိပ်နှစ်မျိုးပါတဲ့ စာအုပ်လေးတွေ ထပ် ဖတ်ဖြစ်တယ် ။ နောက်ပိုင်းတော့ စာအုပ် အစုံဖတ်လာတယ် ။ ဒီထက်ပိုမြင့်တဲ့ စာအုပ်တွေ ဖတ်လာနိုင်ပြီ။
စာဖတ်တဲ့ အခါ စာအုပ်ရွေးတက်လာတယ် ။

ခုချိန်ထိ ကျွန်မ
အပျော် ဖတ် ပေါ့ပျက်ပျက် ၀တ္ထုတွေ မဖတ်ဘူး ။ စာအုပ်တစ်အုပ်ကိုဖတ်ပြီး
အချိန်ကုန်ရကျိုးလည်းနပ်ပြီးဘ၀အတွက် အကျိုးရှိစေမယ့် အတွေးအမြင် တစ်ခုရစေမယ့်
စာကိုသာကျွန်မ ဖတ်တယ် ။ ဒီလိုနဲ့ အဆောင်က အခန်းထဲမှာလည်း
စာအုပ်တွေအများကြီးဆိုတော့ သူငယ်ချင်းတွေ.. ဂျူနီယာကျတဲ့ ညီမလေးတွေကော က
စာအုပ်လာ ငှား ကြတယ်။တစ်ပိုင်တစ်နိုင်လေးရှိတဲ့ စာအုပ်လေးတွေ
ကို မျှဝေ တပေါ့လေ ။ အဲ့ဒီအချိန်က လည်း ခုလို e book ခေတ်မစားသေးဘူး ။
သူများတွေက အ၀တ်အစားစုတယ် ။ ကျွန်မ က စာအုပ်စုတယ် ။ ပိတ်ရက်တွေဆို အဆောင်သူ တွေ အတွဲလေးတွေ ကိုယ်ဆီ နဲ့ အင်းလျား ကန်ဘောင်တို့ရုပ်ရှင် ရုံတွေဘာတွေ သွားကြတယ် ။( ပြောရင်း အဆောင်သူဘ၀ကို သတိရလာပြီ ။ကျွန်မတို့ အဆောင်က အဆောင်သူတွေ က ချောချောသန့်သန့်လေးတွေချည်းပဲရှင့် ။ပြည်လမ်းမှာတော့ နာမည်ကြီးအဆောင်ပေါ့ ) အင်းလျား ကန်ဘောင်ဆို တာ ကျွန်မတို့ အဆောင်နဲ့ နီးနီးလေးကိုး။ ပြည်လမ်းတည့်တည့် ၅မိနစ်လောက်လျှောက်ရင် ရောက်ပြီကိုး ။ ကျွန်မကတော့ ပိတ်ရက်ဆို စာအုပ်ဆိုင်သွားရတာကြိုက်တယ် ။
ဆူးလေဘုရားလမ်းက အင်းဝစာအုပ်တိုက် တို့...စာပေလောက
တို့ ရှိတုန်းပဲ ။ စာအုပ်ဆိုင် ထဲဝင် သွား ရင်ရတဲ့ စာအုပ် အနံ့လေးတွေ ၊ အစီအရီတင်ထားတဲ့ စာအုပ်စင်ပေါ်က စာအုပ်လေးတွေကို အရမ်းသဘောကျပါတယ် ။ ကျွန်မ မှာ အင်္ကျီ အ၀တ်အစားထက် စာအုပ် ပိုင်ဆိုင်မှု့ က ပိုများပါတယ် ။

အိမ်တိုင်းလိုလို
ချိတ်ကြတဲ့ ဘွဲ့ ဓာတ်ပုံမျိုး ကျွန်မ အိမ်မှာ မချိတ် ပါ ဘူး ။ စာအုပ်
စင် ပဲ ကျွန်မ ဦးစားပေး ဖြစ်ပါ တယ် ။ ရ ရှိ ခဲ့ တဲ့ ဘွဲ့ က ပေးတဲ့
အတက် ပညာ ထက် စာအုပ်တွေကပေးတဲ့ အသိပညာ က ကျွန်မ ဘ၀ ၊ ဆက်ဆံရ တဲ့
ပတ်ဝန်းကျင်မှာ အများကြီး အထောက်အကူ ပြု ခဲ့ပါ တယ် ။ ကျွန်မ အသိညဏ်ရင့်
ကျက်လာအောင် ၊
ပြောရဲ ဆိုရဲ ရှိလာအောင် စာအုပ်တွေကကျွန်မ ကို လမ်းညွန်ပေးခဲ့
လို့ ကျွန်မ အနှစ်သက် ဆုံးနဲ့ တန်ဖိုးအထားဆုံးအရာတွေဖြစ်နေတာပါ ပဲ။
စုဆောင်းချင်တဲ့ စာအုပ်တွေ ကတော့ အများကြီးပါပဲ။ ဒါပေမယ့်
စာအုပ်တွေက ဈေးကြီးတော့ အချို့ စာအုပ်တွေကိုတော့မ၀ယ်နိုင် ဘူးလေ ။ စုဆောင်းထားတဲ့ စာအုပ်တွေကတော့ အုပ်ရေ ၄၀၀နီးပါးပဲရှိပါသေးတယ် ။ ဖတ်ခဲ့ တဲ့ စာအုပ်တွေက တော့ အများကြီးပါ ပဲ ။
ကျွန်မက ကျွန်မပိုင်ဆိုင်တဲ့စာအုပ်လေးတွေကို တော့ စနစ်တကျ စာအုပ်စာရင်းလေးလုပ် ပြီး သိမ်းထားတက်ပါ တယ် ။ ဘ၀မှာ ကျွန်မ
တန်ဖိုးအထားဆုံးကလည်းစာအုပ်တွေပါပဲ။

တက္ကသိုလ်
ကျောင်းပိတ် ပြီဆိုရင် အဆောင်ကနေ ကျောင်းသူတွေ
နယ်ပြန်တာများတော့အဲ့ဒီ့အချိန်မျိုးဆို အဆောင်ကို သူခိုး အမြဲဝင်ပါ
တယ် ။ကျွန်မ တို့ အဆောင်က နာမည်ကြီးအဆောင် ။ ရှေ့က
ကြည့်တော့ ၀င်းတံခါးကြီး နှစ်ထပ်နဲ့ ။ အရှိန်အ၀ါက တော့ကြီးပါ့ ။ သူခိုးကလည်း ဘေးခြံက အမြဲပတ်ဝင်တယ် ။ အဆောင်ဘေးမှာက လူမနေတဲ့ ခြံလွတ်ကြီးရှိသကိုး ။ ရှေ့တံခါးပိတ်တာလောက်တော့ သူခိုးကအေးဆေးပဲ ။ ဘေးခြံ ကနေ ပျော်ပျော်ကြီးဝင်ပြီး အဆောင်သူတွေရဲ့ ထဘီတွေကိုပျော်ပျော်ကြီး ခိုးတဲ့ သူခိုးကိုး ။
😁တက္ကသိုလ် ကျောင်းပိတ်ရက် ပြန်မယ် ဆိုရင် ကျွန်မရဲ့ စာအုပ် တွေ ကို သူခိုး ခိုးမှာစိုးလို့ ပီနံအိတ်ကြီး ၂ ထုပ် နဲ့ စာအုပ်တွေကို နယ်ပြန်သယ်တက်ပါ တယ်။ ဟုတ်တယ် လေ။ မတော်တဆ ခိုးစရာမရှိလို့ ရှိတာခိုးမယ်ဆိုပြီး ကျွန်မ စာအုပ်တွေ မပြီး အဟောင်းတန်းမှာ သွားရောင်းနေရင် အခက်ကိုး ။
[ ကျွန်မများ ကြံဖန်ပြီးအတွေးခေါင်တာပြောပါတယ် ။ :) ]😁
နှစ်ကြီးလာလို့ မသယ်ဖြစ်တဲ့ semester ဆို သေတ္တာထဲစာအုပ်တွေ ထည့် ၊သော့ခတ်ပြီး ခုတင်အောက်ထိုးပြီးမှ ကျွန်မ နယ်ကို စိတ်ချလက်ချ ၊စိတ်အေးလက်အေး ပြန်နိုင်ပါတယ် ။ အိမ်က တော့ "နင့် စာ အုပ် တွေဒီလောက်လေးတာဘယ်သူကခိုးမှာလဲ"လို့ အမြဲပြောပါတယ် ။ အခု ပြန်တွေး ကြည့်တော့ ဟုတ်တော့လည်း ဟုတ်တယ် ။ ကျွန်မ စိတ်ထဲ မှာ တော့ စာ အုပ် ထက် အဖိုးတန် တာ ဘာမှ မရှိ ဘူး ကိုး ။

စာတွေဖတ်တော့
စာအုပ်တွေထဲက ဘာ အသိ တွေ ရသလဲ ဆိုတော့ အတွေးအခေါ်အယူအဆတွေမှန်ကန်လာတယ်။
ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုမှန်မှန်ကန် ချနိုင်လာလို့မိဘ ကလည်း ကိုယ့်ကို
ယုံကြည်တယ် ။ အရာရာမှာ အမှား အမှန်ခွဲ ခြားလာနိုင်တယ် ။ ထက်ထက်မြက်မြက်
ပြောရဲဆိုရဲရှိလာတယ် ။ဒါကြောင့်လူငယ်တွေကိုလည်း စာဖတ်စေချင်ပါတယ် ။ အထူးသဖြင့်
ဓမ္မစာပေတွေ ၊ စိတ်ကို သိပ်ပြီး တည်ငြိမ် အေးချမ်းစေတယ် ၊ရင့်ကျက်စေတယ် ။
ကျွန်မ ငယ်ပေမယ့်တရားထိုင်တယ် ။ တရားသွားထိုင်နေကျ ရိပ်သာကဆရာတော်တွေ၊သီလရှင်တွေ ၊ယောဂီတွေ ဆို ရိပ်သာကို လူငယ်တွေ တရားလာမှတ်ရင် အာပေး ချီးကျူးကြတယ်။ ဒါကြောင့် တစ်ခြားလူငယ်တွေကို လည်း တန်ဖိုးရှိတဲ့ လူငယ်လေးတွေဖြစ်စေချင်တယ် ။
ပတ်ဝန်းကျင်မှာဘာသာရေး အယူအဆမမှန်တဲ့ မိသားစုတွေကို အယူအဆမှန်အောင် တကယ့်ဗုဒ္ဓဘာသာဝင်ဖြစ်အောင်ပြင်ပေးတယ် ။
( ပြင်ချင်တဲ့ စိတ်ရှိတဲ့ အိမ်တွေကိုပေါ့နော်)။
စာလည်းဖတ် ၊ဘာသာရေးလည်း လုပ်တော့ မိသားစုထဲမှာ
အငယ်ဆုံးဖြစ်ပေမယ့် ကျွန်မကိုမိသားစု၊ဆွေမျိုးတွေအားလုံးက
ငယ်ပေမယ့် လေးစားကြတယ် ။
ပတ်ဝန်းကျင်ကလည်း လေးစားကြတယ်။
အသက်အရွယ်ထက် ၊အပြင်ပန်း အဆင့်အတန်း တွေထက် ၊စိတ်နေစိတ်ထား စိတ်အဆင့်အတန်းမြင့်လာရင် သင်ဟာငယ်ရွယ်ပေမယ့်သင့်ပတ်ဝန်းကျင်တစ်ခုလုံးကသင့်ကို လေးစားစရာပုဂ္ဂိုလ်တစ်ယောက် အဖြစ် လက်ခံလာနိုင်လောက်အောင်ကိုပဲ စာဖတ်ခြင်းက သင့်ဘ၀ကို ပြောင်းလဲ စေနိုင်ပါတယ် ။ ဒါကြောင့်စာအုပ်တွေကကျွန်မ အတွက်တော့ ရွှေတွေ လိုပါပဲ ။ စာဖတ်ခြင်းရဲ့ တန်ဖိုးကို ကောင်း ကောင်းသိသွားလို့ပါ ။

စုဆောင်းထားတဲ့ ရိုးရိုးစာအုပ်များ
|
တစ်ချို့ စာဖတ်ဝါသနာပါသူတွေ ကျွန်မဆီကို e- book လှမ်းတောင်းကြတာတွေ ရှိပါတယ် ။ အချို့တောင်းတဲ့ e-book တွေကိုလက်လှမ်းမှီသလောက် ရှာပြီး ပို့ပေးဖြစ်ပေမယ့် အချို့ရှားပါးစာအုပ်တွေ မှာ e-book မရှိတဲ့အတွက် ပို့မပေးနိုင်ခဲ့တဲ့ စာဖတ်ပုဂ္ဂိုလ်များကို ကျွန်မ အားနာရပါတယ် ။ ပို့မပေးနိုင်တဲ့ စာအုပ်တွေအတွက် စိတ်မရှိကြပါနဲ့ လို့ ကျွန်မ ကြိုပြီး တောင်းပန်ထားချင်ပါတယ် ။
စုဆောင်းထားတဲ့ English e-book များ
|
စုဆောင်းထားသော Myanmar E –books များ
|
ကိုယ်စိတ်နှစ်ဖြာကျန်းမာအေးချမ်းကြပါစေ ရှင် ။
မနှင်း