Tuesday, December 24, 2013

ထဘီဖာလိုပါသေးရဲ့ ၊ တဘက် ဖာလိုပါသေးရဲ့၊ ဘီးနဲ့ မှန်လိုပါသေးရဲ့...... ( ရေးသူ-နေ၀င်းမြင့် )



                                                                  (၁)
ရွာက သူကြီးဟောင်း ကို တက် ရိုး က ဖလံ ကျင်းသူ မမြသင်နှင့် မင်္ဂလာဆောင်တော့ မယ်ဆိုတော့ သက် ကယ်တန်းတရွာလုံးက ရယ်လိုက် ကြတာ အုံးအုံးထလို့။တချို့ ကတော့ မရယ်နိုင်ကြဘူး ။ကိုယ့် ရွာက သူကြီးဟောင်းကိုသိပေမယ့်  ဖလံကျင်းသူ မမြသင် ကို တစ်ချို့ က မမြင်ဖူးကြဘူးကိုး ။ သက်ကယ်တန်းနဲ့
  ဖလံကျင်းဆိုတာ တစ်နယ်တော့ တစ်နယ်တည်း ပါ ပဲ ။ဒါပေမယ့် နည်းနည်းတော့ လှမ်းတယ် ။ နေ့ဝက်ခရီးလောက်သွားရတယ် ။

မမြသင် က သက်ကယ်တန်းက ရီးပေါက် စတို့ နဲ့ ဆွေရိပ် မျိုးရိပ် မကင်းတော့ သက်ကယ်ပစ် ချိန်ဆိုရင  သက်ကယ်ပစ်ဖို့ တစ်နှစ် တစ်ခေါက် ရောက် လာတက် တယ် ။ အသားဖြူဖြူ ၊မျက် နှာဝိုင်းဝိုင်း ကလေးနဲ့။ရှိ လှမှ အသက် နှစ် ဆယ်ကျော်ရင် တစ်နှစ်ပဲ ။ ရွာက သူ ကြီးဟောင်း  ကိုတက်ရိုးကတော့  အသက် ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ် သီသီ ဝေ့နေပြီ ။ ကညာပျိုနဲ့ ဇရာအိုရယ်လို့တောင် မဟုတ်တော့ ပါ ဘူး ။တစ်ချို့ က မြေး အဖိုးတဲ့ ၊တစ်ချို့ က နှမြောလို့ တဲ့ စုတ်တသပ်သပ်နဲ့။ "တစ်ချို့က က လည်း ဘ၀ အကြောင်းကို တော် ရဲ့ " တဲ့ ၊တစ်ချို့ ယောက်ျားတွေက တွေကတော့ မိန်းကလေးနှယ်  .. ကြိုက်စရာရှားလို့ တဲ့ကွာ ။  ချီး........ဆိုတဲ့ အာခံတွင်းသံကြီးနဲ့  ။


ဘာပဲ ဖြစ်ဖြစ်လေ ...ပဲ၊နှမ်းလေး ပေါ်တာနဲ့ မင်္ဂလာဆောင်တော့ မယ်ဆိုတာကတော့ သေချာနေပြီ ။ရီးပေါက်စက ပဲ ကမကထလုပ်ပြီး  မကွေးဘက် တက် လက်ဖက်လေး ဆေးလေးဝယ်လို့ ၊အိပ် ရာခမ်းနားလေးဝယ်လို့ ၊မမြသင်ဖို့ အ၀တ် အစားလေးဘာလေး ၀ယ်လို့ .....တစ်တိ တစ်တိ နဲ့ လုပ် နေကြပတဲ့ ။မမြသင် ဘက် က မိဘဆွေမျိုးများက လည်း သက်ကယ်တန်းကို လိုက် လာတာ နှစ်ခါတောင်ရှိပတဲ့ ။

                                                                ( ၂ )

သူကြီးဟောင်းကိုတက်ရိုးလို့သာပြောရတာဘကြီးတက်ရိုး၊ဒါမှမဟုတ်ဘိုးတက်ရိုးတောင်ဖြစ်နေပါပြီ။သျှောင်တစ်စောင်းကလေးနဲ့
ပိတ်ဖြူကလေး ကပိုကရို  ရစ်ပတ်ခွေထားတက်တာလည်းရှိရဲ့။  ကြာဆံချောင်းတွေလို   ဆံပင်ဖြူကျားကျားတွေက  ပိတ်စ
ခေါင်းပေါင်း  ပုဝါကြားက  ထွက်နေလိုက် တာ အမျှင် အမျှင် ထလို့ ။

သွားဆိုတာကလည်း ဘယ်တုန်းကမှ  တိုက်ခဲ့ပုံမရဘူး ၊နီညစ်ညစ်နဲ့ ။ကွမ်းသွားချေးတွေ တက်နေ တာလည်းရွံစရာကြီး ။
သည်ကြားထဲ သွားတွေက ကျိုးနေလိုက်သေးတယ် ။စိုက်သွားလေးကူထားလို့ ပါးချောင် နားချောင် တော့ သိပ်မကျလှသေးဘူး ။
အသားကတော့ တောသူတောင်သားပီပီ ညိုတဲ့ ဘက်ကျော်ပြီး မှောင်တဲ့ ဘက် ရောက်နေလို့  သူနဲ့ ရာထူးတူတဲ့ သူကြီးကတောင်  " သက်ကယ်တန်းသူကြီးက   နချီးပိုးထိုး "တဲ့ ။

သူ သူကြီးဘ၀တုန်းကတော့ ဘာအ ကြောင်းလဲ ။သူကြီးအာဏာ လက် တစ်ဆုပ်လောက်ပေမယ့်  ရွာမှာတော့ ဖိန့် ဖိန့်တုန် ထဲက ပဲ ။ ရွာဘုရားပွဲ တွေမှာ သူ များသူကြီးတွေလို နှစ်လုံးပြူးတွေ ဘာတွေ ကိုင် မနေ ပါ ဘူး ။ဝါးရင်းတုတ်ကြီးကြီး လက် တစ် ကိုင် လောက် ကို သူ့ အရပ် နဲ့ တိုင်းဖြတ်ပြီး  ကိုင်ထားရုံပဲ ။ သူ့ နောက် က ရာအိမ် မှုး ငမှုံ ကိုခေါ်ခဲ့ပြီး ပွဲ ခင်းတစ်ခင်းလို့လှည့်နေတော့ တာ ။

သက်ကယ်တန်းသူကြီး ကို တက်ရိုး ဆိုလိုတေည့  မူးတဲ့ လူတောင် အမူးပြေလောက် အောင် ကြောက် တယ် ။မိုက်လို့ ဆိုးလို့ များတော့ရိုက် စရာရှိ ရင် ကျွဲရိုက်   နွားရိုက် ပဲ  ။

လူတိုင်းတော့ အကြောင်းမဲ့ ရိုက် နှက် နေ တာ မဟုတ် ပါ ဘူး ။ တော်တော် ဆိုးမှ ပါ ။ သူပိုင် တဲ့ လယ်တွေ ချောင်းတွေ ဆို တာလ ည်း မပြော နဲ့ တော့။ အနောက်ကွင်း နတ်ကွန်းစင် ဘက် ကနေ လက်ညှိုးသာထိုးလိုက် ၊မြစ်နားတန်ကညို့ညို့အထိက 
သူ့ လယ်ချည်းပဲ ။မြေပဲ ခင်း နှမ်းခင်းဆို တာတော့ မမြင်ချင် အဆုံး ။

အရက် ကလေးလည်းကြိုက် တက် တယ် ။ ဒါကလည်းတမင်ကျင့်ထားရတာ ။ဝန်ထောက်တို့ ၊မြို့ ပိုင် တို့ လာရင် ဒါမှ အဆင်ပြေတာကိုး ။ ကတ်တော့ တော်တော် ၀ါ သနာကြီး တယ် ။  သူကြီးရင့်မာကြီးလုပ်ပြီး  နေ့လည် နေ့ခင်း ဈေးလည် ကောင် ကတ်သွားဆွဲချင်ဆွဲနေတက် တာ ။ ၀ါးရင်းတုတ်ကြီး တိုင် ဘေးထောင်ပြီး တစ်နေကုန် ထုံးခွဲ ကြေးကတ်ဆွဲ ကြတော့
သူ့မျက်နှာ ထုံးတွေ အစင်းလိုက် ပဲ ။

သူများမျက်နှာတွေ လည်းထုံးတွေ အချောင်းလိုက် ပဲ ။ညနေ မိုးချုပ် ကာနီး ကတ် ၀ိုင်းပြီးလို့ ပြန် လာရင် မျက် နှာသစ် လာတာ မဟုတ်ဘူး ။  ထုံးအကြောင်း   အရစ်ရစ်တွေနဲ့  သည် အတိုင်းအိမ်ပြန်လာတာ ။အိမ်ရောက်တော့မှ မျက်နှာသစ် တယ် ။ (သူကြီးဆိုတော့  လည်းမျက်နှာက  ထုံးတွေနဲ့   ရယ်စရာကြီးဖြစ်နေပေမယ့်  လမ်းတွေ့ တဲ့ လူက လည်းမရယ်ရဲ ဘူး ။

"ကနေ့ အဖေချည်းရှုံးတာပဲ သမီးရေ "ဆိုပြီးအိမ်ပေါ်တက် လာလို့ တော့ သမီးကြီး  (တတိယ သမီး ) မတင်ဥ က "အဖေ ကလည်းတော် ..သူကြီးလုပ်နေပြီး  မျက်နှာထုံးတွေနဲ့ ။မရှက် ဘူးလား" လို့ အမြဲပြောတက် တယ်။

" ဟ...သူကြီးဘာဖြစ်တုန်း ...သူကြီးလည်းလူပဲဟ  " ဆိုပြီး မျက်နှာသစ် တယ် ။ နောက် တစ်နေ့ နေ့ လည် ကတ်ဝိုင်းသွားမြဲ ပါ ပဲ ။တစ်ခါ တစ်လေ ကစားဖက် က နိုင် လို့ သူကြီးမျက် နှာထုံးမခွေရဲ ဘူးဆိုရင် ....

" ဟကောင်.......ခွေလကွာ ...သူကြီးမို့ ထုံးမခွေဘူးဆိုရင် ဘယ်တရားပါ့ မလဲကွ ။ကတ်ဆွဲ ရတာ ဘယ်အရ သာ ရှိ တော့မှာ လဲ  ။ လုပ် ပါ  ငါ့ ကောင် ရ ...ခွေပါ.....  "  လို့ ပြောပြီးမျက် နှာထိုးပေးတက်တ.ယ် ။

တကယ်တော့  ကို တက် ရိုးက သူ ကြီးရိုးမဟုတ်ဘူး ။ ပညာကတော့ အပြင် အောင်ခြင်း၊အတွင်းအောင်ခြင်းလောက် ပါ ပဲ ။
သူ့ အရင် သက် ကယ်တန်း သူကြီး က  ကိုကံရင် တဲ့ ။အဲ့ ဒီ့ တုန်းက ကိုးတက်ရိုးက သူကြီးရဲ့ ညာလက်ရုံး ။ သူကြီးကိုကံ ရင် မှာ သားမရှိဘူး  သမီးတွေချည်းမွေးထားတာ ။သူကြီးကိုကံရင် အသက် ကြီးတော့  သူ့ သမီးတွေထဲ က မကျင် လှကို ကိုတက်ရိုး
နဲ့ ပေးစားလိုက် တယ် ။ဒါဘာပွဲ တို့၊မင်းပွဲ တို့ မှာ ကို တက် ရိုး ကိုပွဲ ထုတ်တယ် ။

ကိုကံရင်သေတော့ သမက် ကို တက်ရိုး သူကြီးဖြစ်လာတာပါပဲ ။သူကြီးဖြစ်တဲ့နှစ်က ကို တက်ရိုးပိုက် ဆံ
တော်တော်ကုန် တယ် ။
မြို့ပိုင်တို့ ၊နယ်ပိုင် တို့ ရွာကိုကြွလာတော်မူ တယ် ဆိုရင်  ကို တက် ရိုး က အရိုး ခံမဟုတ် လား  ၊ဘာမှ မလုပ် တက် ဘူး ။ သူ့ မိန်းမ မကျင်လှက သူကြီးသမီးဆိုတော့ ဘာလုပ် ရ မလဲဆိုတာ သိတယ် ။ ဒီလို ဒီ လို လုပ် ပေါ့ ၊ဒီဟာ ဒီဟာ ကျွေးပေါ့ ။ဒါလေး  ဒါလေး ပေး    ပေါ့ဆို တော့မှ  သူကြီးပါးဝသွားတော့ တယ် ။
မကျင်လှနဲ့ က နှစ် အစိတ်လောက် ပေါင်းလိုက်ရတယ် ။ မကျင်လှ မီးရပ်သွေးဆုံးနဲ့ သေတော့   ကို တက်ရိုးကငါးဆယ်ကျော်ရုံ
ရှိသေးတယ် ။ အရွယ်ကောင်းတုန်း ။ သားနှစ်ယောက် ၊သမီးသုံးယောက် ကျန်ရစ်တယ် ။
   ငတင်တဲ့ ၊ငမှင် တဲ့ ၊မတင်ဥတဲ့ ၊ မကျင် နု  တဲ ၊မခင်ပုတဲ့


သားကြီးကို တင် က ခေတ်ပညာတက် တယ် ။   မကွေးမှာကျောင်းထားတယ်  ။   သူကြီးလည်းလုပ်ချင် ပုံမရတော့ သားလတ် ကိုမှင် ကို  နားသွင်းရတ.ယ် ။ သူကြီးလက်စွဲ လေးဘာလေးဖတ်ခိုင်း  ၊ရ ပ် အမှု့ ၊ရွာအမှုတွေ စစ်တော့ နားထောင်ခိုင်း ၊ သူကြီးအစည်းအဝေးလေးဘာလေးစာရင်း လုပ်ခိုင်း  နဲက သူကြီး ထရိန် နင်ပေးလာလိုက် တာ  ရွာက တော်ရုံကိစ္စ  ကို မှင် နဲ့ တင် ပြီးတယ် ။

မကျင်လှ ဆုံးပြီးလို့ လေးနှစ်လောက်ကြာတော့  ကိုတက်ရိုး မိန်းမ ထပ်ယူတယ် ။ သက်ကယ်တန်းကပါပဲ ။ ဆွေကြီးမျိုးကြီး
ထဲကပါ ။  မငြိမ်း တဲ့ ။ မငြိမ်းက အပျို စစ်စစ် တော့ မဟုတ်တော့ ဘူး ။ မုဆိုးမ ။သူ့ အရင်ယောက်ျားက အပေါင်ဆိုင် ဖွင့်ထားတဲ့ တရုတ်ကိုကျင်မှိန်  ။ရွှေလေး ငွေလေးနဲ့ ချမ်းချမ်းသာသာပါပဲ ။ ကိုကျင်မှိန်နဲ့ ကလေးမရဘူး ။ အပေါင်ဆိုင် တရုတ် ဆုံးတော့ ကျီားကည့်ကြောင် ကြည့် ဖြစ်နေတုန်း  သူကြီး ကို တက်ရိုးက ကောက်ယူလိုက်တာ ။

အပေါင်ဆိုင် တရုတ်နကြ  ကလေးမမွေးတဲ့ မငြိမ်းက  သူကြီး   ကိုတက်ရိုးနဲ့   ကျ တော့  မွေးလိုက် တာမှ   ရှင်မွေးလွန်း
ဖြစ်ကရောပဲ ။  ဆယ့် တစ်ယောက် တောင်  (ဒါတောင် ကြားထဲ က  နှစ်ယောက် ပျက်ကျသေးတယ် ) ။ ကိုတက်ရိုး ရဲ့ အရင် မယား က ရ တဲ့ သားသမီးတွေနဲ့ က  အဆင် မပြေ တော့ ၀ိုင်းထဲမှာပဲ အိမ်သက်သက်ဆောက်ပြီးထားတယ် ။

အရင် မယား က သားသမီးတွေနဲ့ မငြိမ်းနဲ့သာ အဆင်မပြေတာ ၊ကလေးတွေချင်းကျတော့ အဆင်ကို ပြေလို့ ။ ချစ်ကြတယ်။
ကို တက်ရိုး ကလည်း မငြိမ်းမို့  မျက်နှာသာမပေးဘူး ။ အရင်သာူသမီးတွေမို့ လို့လည်း ဦးစားမပေးဘူး ၊မျှမျှ တတပဲ ။
ြဲခံဝိုင်းကြီးထဲ စပါးကျီ  ပဲကျီ ကြီးကြီးဆောက်ပြီး ရ လာတဲ့ စပါး   ပဲ   နှမ်းလှောင်ထားတာပဲ။    မျိုးချန်ထားစရာရှိတာ
ချန် ၊ရောင်းစရာရှိတာရောင်း ၊ စားဖို့ သိမ်းတာသိမ်းနဲ့ ရသမျှ တစု တစည်းတည်း  ထားတာပါပဲ ။

ကို တက်ရိုး အသက် ခြောက်ဆယ်တော်တော်ကျော်လာတော့   သူကြီးအလုပ်စိတ်ကုန်လာတယ်  ။ အသက် ကလည်းရလာပြီ ။
လယ်တွေ ချောင်းတွေက လည်းရှိသေးတယ် ။ ရွာကိစ္စတိုင်းကို ထစ်ခနဲဆို သူမသွားနိုင်တာလည်းပါတယ် ။ဆိုင်ရာဆိုင်ရာနဲ့
ညှိနှိုင်းပေးကမ်းပြီး  သူ့ သားငမှင် ကိုသူကြီးရာထူးအပ်ပြီး  သူက နားတယ်  ။

သျှောင်တစ်စောင်းနဲ့ သူကြီးဦးတက်ရိုးနေရာမှာ  ဘိုကေနောက် မြင့် နဲ့  သူကြီး ဦးမှင် ပြောင်းလဲတာက လွဲရင်သက်ကယ်တန်း
ရွာက သူကြီးအပြောင်းအလဲကို  သိတောင် မသိလိုက်ကြဘူး ။ တစ်နေ့ လုပ်မှ တစ်နေက စားရတဲ့  ရွာကလေးမှာ သူကြီး
အပြောင်းအလဲ ကို သိပ် ဂရုစိုက်နေကြတာလည်းမဟုတ်ပါဘူး  ။

တစ်နေ့ ငမှင် သူကြီိးဖြစ်မယ် ဆိုတာ ကြိုသိနေကြတော့လည်း  အသွားမပျက် ၊အစားမပျက်ပါ ပဲ ။ကိုမှင် သူကြီးဖြစ်လို့ မှ မကြာသေးဘူး ၊သူ့ အဖေ သူကြီးဟောင်း ကို တက်ရိုးရဲ့ နောက်မယား မငြိမ်းသေပြန်ရော ။ မငြိမ်းသေ တော့ သူကြီးဟောင်း
ကို တက်ရိုး က ခုနှစ်ဆယ်ကို သုံးနှစ်စွန်းနေ ပြီ ။ လယ်လေး ကိုင်လေးလည်း ကွပ်ကဲရသေးတယ် ။ရပ်မှု့ ရွာမှု့ က တစ်ဖက် ၊
ညီ အစ်ကို မောင်နှမ တွေ အရေး က တစ် ဖက် နဲ့ ဂျင်ခြေကို  လည်လို့ ။

ီိ ညီအစ်ကို မောင်နှ မတွေ ကို အိမ်စောင့်ချသင့် သူချ ၊ကျောင်းထားဖိုက မြို့ ကို ပို့ သင့် တဲ့ သူ ပို့ ၊ လယ်ထဲကိုင်းထဲ ဆင်းခိုင်းတဲ့ သူဆင်းခိုင်း လုပ်နေတုန်းမှာပဲ  သူကြိးဟောင်းကိုတက်ရိုး က ပုတီးကလေးလည်ပင်းဆွဲပြီး  ဘုန်းကြီးကျောင်း
သွားသွားနေတာ နေ့ တိုင်း ။


ဘုန်းကြီးကျောင်းသွားတဲ့လမ်းခရီးမှာ ရီးပေါက်စတို့ သက်ကယ်ပစ်တဲ့ တဲကြီးရှိတယ် ။ ဟိုရွာ  သည်ရွာက မိန်းကလေး
တော်တော်များများ  ရီးပေါက်စတို့ အိမ်မှာနေရင်း သက်ကယ်ပျစ်ကြတယ် ။အဲ့ဒီ ထဲမှာ ဖလံကျင်းက မမြသင်လည်းပါတယ် ။

"အိမ်ရှေ့ ဖြတ်ဖြတ်သွားတဲ့  သူကြီးဟောင်း  ကိုတက်ရိုးကို  ရီးပေါက်စကအိမ်များလည်းဝင်ပါဦးသူကြီးရဲ့......၀င်ကောင်းပါတယ်"

ဘာညာဆိုတော့ သူကြီးလည်းဝင်ဖြစ်ရော ။ဝင်ရင်းဝင်ရင်းကပဲ  သူကြီးဟောင်းကို တက်ရိုး မိန်းမလိုချင်လာရော ။ဒါကို ရီိးပေါက်စက သိတယ် ။

ရီးပေါက်စ က ဒါကို တင် သိတာမဟုတ်ဘူး ။  သူကြီးဟောင်းရဲ့ လယ်တွေ ချောင်းတွေကို လည်းသိတယ် ။အရင်မယားတွေက ကျန်ခဲ့ တြဲ့ကံဆစ်လက်ကောက်တွေ ပန်းတစ်လိမ် နန်းတစ်လိမ် ဘယက်တွေ ၊အမ်စီကြိုးတွေကို လည်းသိတယ် ။သေတ္တာနဲ့ နှစ်လုံးလောက် ကျန်ရစ်ခဲ့တဲ့ ထဘီတွေ အ၀တ်အစားတွေ ကိုလည်း သိတော့   မမြသင်လေးနဲ့ အောင်သွယ်တယ် ။ အောင်သွယ်ခလေး စားလိုက် နားလေးချလိုက်နဲ့ နှစ်နှစ်လောက်ကြာတော့  မင်္ဂလာဆောင်ဖို့ ရက်သတ်တဲ့ အထိဖြစ်လာတယ်။
ပထမတော့ မမြသင် က ငြင်းတယ် ။ ၊ခုနှစ်အိုကြား ရှစ်အိုကြားကြီးမယူချင်ပေါင်တဲ့ ။

နောက်တော့ ရီးပေါက်စ ကလည်း အပို့ကောင်း ၊မမြသင်မိဘများကလည်း  သည်သတင်းကြားတော့ တွန်း ၊ကြာတော့ မမြသင်  " အင်း  " လိုက်ရတယ်ဆိုပါတော့ ။

အဲ့ဒီမှာတင် သူကြီးဟောင်းကို တက်ရိုးနဲ့ ဖလံကျင်းသူ မမြသင မင်္ဂလာဆောင်တော့ မယ် ဆိုတဲ့ သတင်းထွက် လာလိုက်တာ ပျားတူအုံ တုတ်နဲ့ထိုးလိုက် သလိုပဲ ။
                  

                                                                       (၃)

မင်္ဂလာဆောင်မယ့် အကြိုညက မဏ္ဍပ်ထဲမှာ အောက်လင်းဓာတ်မီးတွေဆိုတာ ထိန်လို့ ။မကွေးကို တက် ငှားတာ ဓာတ်မီးဖိုးကချည်း တစ်ရာလောက်ကျတယ် ။ချက်တဲ့ လူက ချက် ပြုတ်တဲ့ လူက ပြုတ်ပေါ့ ။သူကြီးကိုမှင် မျက်နှာနဲ့ ဟိုရွာ သည်ရွာက  လာပို့ တဲ့ ၀က် တို့ ကြက်တို့ ဆိုတာ  ဖောချင်းပဲ  ။  အရက် ဆိုတာတော့ မပြောနဲ့ တော့ ။ ပလတ် စတစ် ပုံးကြီးတွေနဲ့ တည်ထားတာ  ၊သောက်စမ်း .......ကြိုက် သလောက် သောက် ။

ရွာက တီးဝိုင်း က လည်း ရသမျှ သီချင်းလေးတွေ နဲ့ ဧည့်ခံလို့။သူကြီးဟောင်း ကို တက်ရိုးကတော့ တစ်ခါမှ ထုတ်မပေါင်းဘူးတဲ့
ပန်းနုသွေး မင်္ဂလာရောင် ခေါင်းပေါင်းနှစ်ပတ်ကျော့လေးနဲ့  တကယ့် ကာလသားလေးကျနေတော့တာ ။လည်ကတုံးအင်္ကျီ လျှာဖတ်လတ်မှာ  ရွှေသီးဆို တာ  တစ်လုံးတစ် လုံးကို မန်ကျည်းစေ့လောက်ရှိတယ် ။တစ်ချက်မှ လည်း က္ကနြေ္ဒ မရဘူး ။
ရပ်မိရပ်ဖ တွေထိုင်တဲ့ လူကြီး ၀ိုင်းပဲ ၀င်ထိုင်ရတော့ မလိုလို  ၊    ကာလသားတီးဝိုင်းထဲ ၀င်ပြီး  ' မေတ္တာ သတ္တော
အနန္တော..မြတ်ရှင်စော ဟော ကြားကာ့ ရယ် ..... '
...ပဲ      ဟဲရ တော့ မလိုလိုနဲ့  ။

သူကြီးကိုမှင် က ဖအေ သတို့ သားကြီးကို ကြည့်ရင်းကပြုံးပြုံး ကြီး ။မငြိမ်းနဲ့ ရတဲ့ ကလေးတွေ ကလည်း သူတိုက အဖေ အိုကြီးအိုမကို ကြည့်ပြီး ရှက်တဲ့ သူက ရှက် လို့ ၊မူတဲ့ သူ က မူးလို့၊ပျော်တဲ့သူက ပျော်လို့ ။ မမြသင် ကိုတော့ မတွေ့ ရဘူး ။
ရှက်လို့ပဲလား  ။  ညွတ်နေအောင်ဆင်ထားတဲ့ ရွှေ တွေနဲ့ မနေ တက် မထိုင်တက် ဖြစ်နေလို့လား မသိဘူး  ၊မဏ္ဍပ် ထဲ  တစ်ခါ မှ မလာဘူး ။ တချို့ ကလည်း   ရီးပေါက်စ တို့ အိမ်မှာငိုနေလိုက် တာရှိုက်ကြီး ငင်ကြီး တဲ့ ။ တစ်ချို့  ကလည်း   မဟုတ် ပါ ဘူးတဲ့။  သင်းကြူ ကြူပေါင်ဒါလေး လိမ်းလိုက်  ၊သီချင်းလေးညည်းလိုက် နဲ့ ပါ တဲ့ ။

ခက်တာက မမြသင်ရဲ့ အဖေနဲ့ အမေနဲ့ ပါပဲ ။ သူကြီးဟောင်းရဲ့ ယောက္ခမသာ ပြောရတယ် ၊ သမက် က သူတို့ ထက် ကြီးနေတော့ ' သား ' ပဲခေါ်ရမှာလား ၊  'မောင်တက်ရိုး  ' ခေါ်ရမှာလား ၊  '  သူကြီး  ' လို့ လွယ်လွယ်ခေါ်ရမှာလား မဝေခွဲ တက်ဘူးဖြစ်နေတယ် ။    ကိုတက်ရိုးကလည်း    ယောက္ခမ တွေ    ကိုခေါ်ရင်    '
ဒီ မယ်  '   တဲ့  ။

နောက်တစ်နေ့ မိုးလင်းလို့ ဘုန်းကြီးကျောင်းမင်္ဂလာဆွမ်းအုပ် ပို့ပြီးတာနဲ့ ။ရွာက ရွာမိရွာဖတွေ ထမင်းကျွေးဖိုက စီ စဉ်တယ်။
ထမင်းမကျွေးခင် ဟို ဘက်ဒီ ဘက် ဆွေမျိုး မိဘတွေ ၊လူကြီးသူမတွေ ခေါင်းရင်း  ဘက် တန်းစီထိုင်ပြီး သတို့ သမီး -သတို့သား
မင်္ဂလာစကားပြောမယ်လုပ်တော့ မမြသက်နဲ့ ကိုတက်ရိုးက  ပီဘိ ကျုံ့ကျုံ့ ကလေးထိုင်လို့   ။

မမြသင် ကတော့ စံပယ်ပါင့်တွေ ဝေနေအောင်ပန်ထားတယ် ။ မျက်နှာက လည်း    ပန်းသွေးထနေလိုက်တာ   ရဲလို့ ။
ခေါင်းကလည်း ငုံ့ ထားလိုက် တာ   ဇက်ကျိုးတာကာမှ   လှုပ်လိမ့်ဦးမယ် ။ မိန်း မ သုံးယောက်နဲ့  မင်္ဂလာဆောင်ဖူးသွားပြီ ဖြစ်တဲ့ ကိုတက်ရိုးကတော့ ၇ှိုးတိုးရှန့်တန့်တော့ မဖြစ်ဘူး ။ ဒါပေမယ့် ရှက်တော့လည်း ရှက်တာပါ ပဲ ။သူ့ သဘောအတိုင်းဆို
မင်္ဂလာဆောင်ဖို့ စိတ်မကူးဘူး ၊  သည်အတိုင်းပေါင်းလိုက်ရုံတွက်ထားတာ  ။ဒါပေမယ့်မမြသင် ဘက် က လက် မခံဘူး ။သူ့ သမီး   အပျိုနုနုထွတ်ထွတ်ကို မင်္ဂလာဆောင်ယူရမယ် ဆိုလို့သာကိုး  ။

မမြသင်ရဲ့ ရပ်မိရပ်ဖနဲ့မိဘနှစ်ပါးတွေ၊သူ့သားသူကြီးကိုမှင်တို့ခေါင်းရင်းခန်း နေရာဝင်ယူတော့    လာသမျှ    ဧည့်သည်တွေ
ကလည်း  အထူးအဆန်းဖြစ်လို့ ။ ငြိမ်လို့ ....ပြုံးကြလို့ ....ဒါပေမယ့်  မင်္ဂလာစကားကို ဘယ် သူက စပြောမယ်ဆိုတာ ညှိမထားတော့   တိတ်ဆိတ်နေ    လိုက် တာ အကြာကြီး  ။တစ်အောင့်နေမှ ရွာက စက်ပိုင် ဥိးဘရှင် က

"မောင်မှင် .....မင်းက   ရွာသူကြီးပဲ ။မင်းက စပြောကွာ  "  တဲ့ ။

ကိုမှင် က ဘယ်လိုမှ မျှော်လင့်ထားတာ  မဟုတ်ဘူး ။ သူစကားပြောရမယ် လို့ လည်းမထင်ဘူး ။ပြောလည်းမပြောသင့်ဘူး လို့
တွက်ထားတာကိုး ။ဒါကြောင့်  ဦးဘရှင် က ပြောခိုင်းတော့ တွန်က သွားတယ် ။

"ဟာ.......မဟုတ်တာ .......ဘကြီးရှင်ပဲ ပြောပါဗျာ"  ။

"အေးပါ......တို့ လည်း  ပြောမှာပါ ။ဟိုဘက်ဒီဘက် မိဘ များကလည်းပြောရမှာလေ ။မင်းက   မင်းအဖေ ဘက် က လူကြီးတစ်ယောက် အနေနဲ့ရော  ရွာက သူကြီးအနေ နဲ့ ပါ  မင်းစပြောမှ တင့် တယ်မှာပေါ့  "

အဲ့ ဒီ့တော့မှ ရွာက လူတွေလည်းစိတ်ဝင်စားလာကြတယ် ။ ကိုမှင် က သူ့ အဖေ သူတို့ သား ကို ဘယ်လိုပြောမှာ ပါ လိမ့်ပေါ့ ။
ကိုမှင်ကတော့   ချွေးတွေ  သံတွေတောင် ထွက်လာတယ် လို့ ထင်တယ် ။သူ့ရှေ့ က ဖလားစုံ ကွမ်းအစ်ကြီးထဲက  ကွမ်းသီးတစ်ဖက် ကောက်ဝါးထည့်ပြီး အကြာကြီးနေတော့မှ


"အဟမ်း "   .....
ချောင်းမဟန်ကချင်ဘဲ ဟန့်တော့ လူတေတွက တဝေါဝေါ စကားပြောနေကြတာ  ငြိမ်သွားတယ် ။

အဖေနဲ့...   အဲ......အဖေနဲ့ပေါ့လေ .......  မမြသင်နဲ့........

ကိုမှင် က ဆက်ပြောလို့ မရ သလို   ရပ်သွားတယ်။ကွမ်းသီးတစ်ဖက် ထပ် နှိုက်တယ် ။ ၀ါးတယ် ။မဆီမဆိုင် ရေနွေးကြမ်းတစ်ပန်းကန် ငှဲ့ တယ် ။

"အဖေနဲ့  မမြသင်နဲ့ ဘာသာဘာဝ ထိမ်းမြားကြလို့ မင်္ဂလာစကားပြောပါ ဆိုတော့  ကျွန်တော် တို့ ဗုဒ္ဓဘာသာမှာရှိတယ် ။
ပုဆိုးတန်းတင် အကြင်လင်မယားတဲ့.....အဟမ်း..အရှေက ခုနှစ်အိမ် ...အနောက် ခုနှစ်အိမ်သိကြလို့   မြန်မာ့ထုံးစံကန်တော့ပွဲနဲ့
ကွမ်း ဆေး  လက်ဖက်နဲ့ ဧည့်ခံလို့ လင်မယား အရာမြောက်ပြီ ဆိုတာနဲ့........"

ကိုမှင် က ငှဲ့ ထားတဲ့  ရေနွေးကြမ်းပန်းကန်ကိုယူပြီး ရွှတ်ခနဲသောက်တယ် ။သူကြီးဟောင်း  ကိုတက်ရိုးကတော့ သှူု့သား ကိုမှင် ကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ် ။ လူတွေက ရယ်ချင်ပေမယ့်  မရယ်ပဲ တင်းထားရတဲ့ ရုပ်တွေနဲ့ ။ကိုမှင် ကလည်း
သူ့ စကားအမြီးအမောက်မတည့်တာ  သူ့ဟာ သူသိတယ် ။ ဘာဆက်ပြောရမှန်း  လည်းမသိဘူး ။ ခဏနေတော့မှ........

"ဒီတော့ ကာ...မယားဝတ္တရားတဲ့.......ငါးပါးနဲ့တူတယ် ........အဲဒါရှိတယ် ။အဖေကလည်း လင့်ဝတ္တရားငါးပါးနဲ့အညီ   တစ်ဦးကို
တစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့နော်ဗျာ ....ရသမျှဥစ္စာလည်း  တူအမျှ  ၊  ရသမျှ ကုသိုလ်လည်း  တူသမျှဆိုသလို....အဲ ဆိုသလို ........ မမြသင်ကလည်း  ကိုယ်လင်သားကို   လင်သားလို ၊အစ်ကိုလို  .....အဖေလိုဆက်ဆံ ရမယ် ...အဖေလည်းဒီလိုပဲနော် ။   အဖေလည်း    ခါတိုင်းလို မိုက်နဲ့တော့ .... "

သူကြီးဟောင်း  ကိုတက်ရိုးက  သူ့ သားကိုမှင်ပြောနေတာတွေကုဒေါသပဲဖြစ်နေလို့လား။ စိတ်ပဲ မကောင်းလို့လားမသိဘူး ။
မျက်လုံးကြီးတွေ ကလည်ုးပြူးလို့ ။

"မိုက်နဲ့ဆိုတာ က အဖေ ကတ်လည်းဖြတ်တော့ ။အရက်လည်းဖြတ်တော့ ။အသက်ကလည်းနားထင်ဆောင့်နေပြီ "  ။

ကိုတက်ရိုးက  သူ့ သားကိုမှင်ရဲ့ မင်္ဂလာစကားမှာ ကတ်တွေရော ၊အရက်တွေရော ၊မမိုက်နဲ့ တေတာ့ရော ပါ လာတဲ့ အထိက ဘာမှ မပြောသေးဘူး ၊ အသက်နားထင်စောင့်နေပြီဆိုရော

"ဟေ့ကောင်....ငမှင်...ခွေးသား..တော်တော့ကွာ "တဲ့ ။

အော်လိုက်တာ မင်္ဂလာပွဲလာကြတဲ့လူတွေဆိုတာ  အုံးခနဲ ထရယ်တာ ပတ်တုတ်ယူရတယ် ။

                                                                    (၄)
အရင်မယားနှစ်ယောက်  ယူခဲ့တုန်းက မယားတွေသာသေခဲ့တဲ့ သူကြီးဟောင်း ကိုတက်ရိုးမမြသင်နဲ့ညားလို့ခြောက်လလောက် 
လည်းကြာရော သည်တစ်ခါသေတာ သူကိုယ်တိုင်ဖြစ်သွားတော့တယ် ။

အဲ့ဒီ့တုန်းက မူလကိုယ်ခံစွမ်းအားလျော့နည်းကျဆင်းတဲ့ ရောဂါ ဆိုတာလည်းမပေါ်သေးပါဘဲနဲ့သူကြီးဟောင်းကိုတက်ရိုးကတော့
တပိန်ပိန် တလိမ်လိမ်နဲ့လုံးပါးပါးပြီး  သေသွားတာ ။ဘာရောဂါရယ်လို့ မည်မည်ရရ လည်း မရှိဘူး ။

သူကြီးဟောင်း ကိုတက်ရိုး ခုနှစ်ဆယ်ကျော်လို့ သေသွားတာက သတင်းမဟုတ်ပေမယ့် ။ကျန်ရစ်ခဲ့တဲ့ မမြသင်ကတော့ ကိုယ်ဝန်နှစ်လ ကျန်ရစ်ခဲ့တယ်ဆိုတာကမှ သတင်းဖြစ်နေတော့ ရွာကလူတွေက  " ဟယ်.....ဟုတ်ပါ့မလား......" ပေါ့  ။

မဖြစ်နိုင်ပါဘူးပေါ့ ။
သူကြီးဟောင်း  သေပြီးလို့   ၊ မကြာပါဘူး ၊မမြသင် ဗိုက်ကလေး စူလာတော့မှ လူတွေက

"ဟုတ်ပါ့တော် ...သူကြီးဟောင်း ကိုတက်တိုးတို့များ သေခါနီးတောင် ခုနှစ်ထွေကလေးနဲ့   "       တဲ့....  ။             ။့


                                              *                   *                     *








Blogged with the Flock Browser