Thursday, November 29, 2012

လူမိုက် (သိပ္ပံမောင်ဝ )

လူမိုက်ဆိုသောစကားမှာလူကောင်းလူလိမ္မာတို့၏နားတွင်အလွန်ပင်ခါး၏။လူမိုက်အချင်းချင်းတွင်ကားထိုစကားမှာဂုဏ်ပုဒ်ကြီးတစ်ခု ဖြစ်လေသည်။ထို့ကြောင့်ငါမိုက်တယ်ကွ။ငါ့ထက်မိုက်တဲ့လူရှိရင်ထွက်ခဲ့ကြ။ဗိုလ်မထားဘူးဟူ၍ဂုဏ်လုပ်ကာကြိမ်းပသောအသံများက မကြာမကြာ ကြားရဖူးလေသည် ။လူုမိုက်တို့၏အကြားတွင် ထူးထူးချွန်ချွန် မိုက်သော သူမှသာလျှင်ထင်ပေါ်၏။ဂုဏ်ရှိ၏။ကြီးပွား၏။ လူလိမ္မာတစ်ယောက်သည် လူမိုက်တို့၏ အလယ်တွင်အဘယ်မှာလျှင်တင့်တယ်နိုင်ပါအံ့နည်း ။ ယင်းလူမိုက်ဆိုသော ဂုဏ်ထူးကြီး၊ဘွဲ့ထူးကြီးကိုရရန်မှာလည်း လွယ်ကူသောအရာမဟုတ်ပေ ။ငါ မိုက်တယ်ဟူ၍လူတကာရှေ့တွင်  ကြွားမျှနှင့်ရုံနှင့် လူမိုက်ဘွဲ့ထူးကိုမရနိုင်။ဝေးလှသေး၏ ။လူမိုက်ဘွဲ့ထူးကိုရရန်ကား  သူတကာကို အကြောင်းမဲ့ သက်သက်ဆဲရေး ၀ံ့ရမည်။ရိုက်ပုတ်ဝံ့ရမည် ။ဓားဖြင့်ထိုးဝံ့ရမည်။ဆဲရေး၊ရိုက်ပုတ်၊ဓားဖြင့်ထိုးခြင်းတို့ကိုလည်းပြုလုပ်ဝံ့ရမည်။မိမိလည်းသူတကာ၏ အဆဲအထိုး၊အရိုက်၊အခုတ်တို့ကိုခံဝံ့ရမည်။ခံလည်းခံဝံ့ရမည်။အချူပ်ခံဝံ့၊တစ်ကျွန်းအပို့ခံဝံ့ရမည်။ခံလည်းခံဖူးရမည်။လူတစ်ယောက်အသက်ကို ပုရွက်ဆိတ်၏ အသက်လောက်မျှမထင်မှတ်ရ ။ ဆိုခဲ့ပြီးသောဂုဏ်ထူးများနှင့်ပြည့်စုံသောသူများသာလျှင်လူမိုက်ဘွဲ့ထူးကိုခံယူအသုံးပြုနိုင်လေသည်။အစိုးရကားပေးသောဘွဲ့ထူးများ ကား အစိုးရမင်း၏အမှု့တော်ကိုသက်စွန့်ကြိုးပမ်းကာထမ်းဆောင်သောကြောင့်ရသောဘွဲ့ထူးများဖြစ်ပေ၏။လူမိုက်ဘွဲ့ထူးကားမိမိ တို့ လူမိုက်အချင်းချင်းက  တစိမ့်စိမ့်တွေးကြောက်သောကြောင့်မပေးချင်ပေးချင်နှင့်ပေးလိုက်ရသောဘွဲ့ထူးကြီးဖြစ်လေသည် ။ ယင်းဘွဲ့ကိုရသောသူမှာစားရချောင်ပေပြီ။သောက်ရချောင်ပေပြီ။နေထိုင်ရချောင်ပေပြီ။အဘယ်ကြောင့်ပါနည်း။မိုက်ကြေးကိုတောင်း ၍ရသောကြောင့်ပေတည်း ။ယင်းမိုက်ကြေးမှာ အစိုးရကိုပေးသော ပြာတာကြေး၊အမြတ်တော်ကြေး၊အညွန့်တော်ကြေးတို့ထက်ပင်အကောက်ခံရလွယ်ကူပေသေး၏ ။အမြတ်တော်ကြေးတို့ကိုမပေးသေးဘဲ ဆိုင်းထားမည်ဆိုက ဆိုင်းထားနိုင်လေသည်။မိုက်ကြေးကိုမူကား အကြွေးထား၍မရပေ။ချက်ချင်းပေးရမည် ။
လူမိုက်ဘွဲ့ထူးကိုရထားသူတစ်ယောက်လက်ဖက်ရည်ဆိုင်ထဲသို့ဝင်သွားမည်ဆိုလျှင်ဟိုလူကလက်ဖက်ရည်သောက်ပါဦး၊သည်လူကလက်ဖက်ရည် သောက်ပါဦးနှင့် ဆူညံ၍နေလေပြီ ။ ထိုလူမိုက် လက်ဖက်ရည်သောက်ပြီးလျှင်ဆိုင်ထဲတွင်သုံးလေးခွန်းဆဲလိုက်သေး၏။လက်ဖက်ရည်ဆိုင်ရှင်ထံမှတစ်မူးတစ်မတ်စသည်ဖြင့်မိုက်ကြေးတောင်းလိုက်သေး၏။ထမင်းစားချိန်ကျပြန်လျှင်ကျွေးမည့်သူတွေက မရှား။ပုလိပ်များကပင်မိတ်ဖွဲ့၍ ထားကြရပေသည် ။ဤကားလူမိုက်ဘွဲ့ ကိုရထားသူတို့၏တန်ခိုးပေတည်း။
ဝါးရုံတန်းရွာ ဦးထွားသည် လူမိုက်ဘွဲ့ထူးကို ရထားသူဖြစ်ပေသည် ။သူ၏နေရာကို မည်သူမျှမယူဝံ့သေး။ယူရန်ကြံပင်မကြံဝံ့ကြချေ။ဝါးရုံတန်းရွာ တစ်ဝိုက်တွင် ဦးထွားဆိုလျှင်သိမ့်သိမ့်တုန်အောင်ကြောက်ကြကုန်၏။သူနှင့်တုပ၍မည်သူမျှမိုက်ဝံ့ကြချေ။အသက်ကား၆၀ကျော်ပြီ။ အသားမည်းမည်း၊မျက်နှာပြဲပြဲ ၊နှာတံပေါ်ပေါ်၊အရပ်ပုပု ၊မျက်လုံးစူးစူး၊နဖူးမောက်မောက် ၊ဆံပင်တိုတို ။ဤမျှနှင့် သူ၏ပုံပန်းပေါ်လောက်ပြီ ။
အဘယ်သို့သောသတ္တိထူးကြောင့်ယင်းလူမိုက်ဘွဲ့ကိုဦးထွား ရပါသနည်း ။ဦးထွားငယ်ငယ် အသက်သုံးဆယ်အရွယ်တုန်းက နေ့လည်ကြောင်တောင်တွင် မောင်ဆောင်တို့ ညီအစ်ကိုနှစ်ယောက်အား ဆောင်ဓားဖြင့်ခုတ်သတ်ခဲ့ဘူးလေသည်။ထိုလူသတ်မှု့အတွက် တစ်ကျွန်းသို့ရောက်ခဲ့ဘူး၏ ။တစ်ကျွန်းမှလွတ်သည်မှာလည်း လေးငါးနှစ်ခန့်ကြာလေပြီ ။ယခုတိုင်မိုက်တုန်းပင် ။
တစ်ကျွန်းမှ ပြန်ရောက်သည့်နေ့မှ အစပြု၍ ရွာထဲတွင်ရှိသမျှသော သူတို့အား  လူ ဟူ၍ပင် မထင်။ထက်လှအောင်သွေးထားသောဆောင်ဓားတစ်လက် ကိုကိုင်ပြီးလျှင်   ငါ တစ်ကျွန်းပြန်ကွ ။ လူတစ်ယောက်ကိုခုတ်သတ်ဝံ့တဲ့ အကောင်။  တစ်ကျွန်းမှာ ငါ့သူငယ်ချင်း တွေအများကြီးရှိတယ် ။အခုပြန်သွားရပေမယ့် ကိစ္စမရှိဘူးကွဟုဆိုကာတစ်အိမ်တက်တအိမ်တင်းဂုဏ်ယူလျှက်နေပေ၏ ။တစ်ရွာလုံးမည်သူမျှ ဦးထွားအားမကြောက် မနေ၀ံ့တော့ပြီ ။ယခင်လူသတ်မှု့တွင် သက်သေခံခဲ့ကြသော သူတို့သည်လည်းကောင်း ၊သူတို့၏ဆွေမျိုးများသည် လည်ကောင်း မည်သို့ရောက်ကုန်ကြသည်မသိ ။ကြက်ပျောက်၊ငှက်ပျောက်ပျောက်ကုန်ကြလေပြီ ။ဦးထွားကားတန်ခိုးကြီးမားပါပေ၏ ။
ယင်း တစ်ကျွန်းပြန် ဘွဲ့ထူး၊လူမိုက် ဘွဲ့ထူးကြီးတို့သည် ဦးထွားအား ထမင်းကျွေး၍ ထားကြပေသည် ။ထမင်းချက် ချိန်ကျ၍ ဆနှ်မရှိ လျှင်အိမ်နားနီးချင်းတို့ထံတွင် ဆန်သွား၍ချေး၏ ။မပေးနေ ၀ံ့ကြ ။ပေးလိုက်ပြန်လည်းပြန်၍ ရမည်မဟုတ် ။ဤကားမိုက်ကြေးပင်ဖြစ်လေသည်။ဟင်းချက်စရာမရှိလျှင် အင်းသားကြီးဦးရွှေသောင်တို့ထံမှာ ငါးသွားတောင်းပြန်၏ ။မပေးမနေ၀ံ့ကြ ။ပေးကြရသည်သာတည်း ။ ဟင်းချိုချက်စရာမရှိပြန်ပါလျှင် ဆယ်အိမ်ခေါင်းဦးလူမောင်၏ သမီး ကလေး မယ်ထွေးက ဘူးသီးကိုလာ၍ ပို့ရှာ၏ ။
မိုက်ကြေးမပေးဘဲနေမိသူတို့ကားဒုက္ခတစ်မျိုးမျိုးနှင့်မုချတိုးပေလိမ့်မည်။အိမ်ရှေ့တွင်စိုက်ထားသောဘူးပင်များသော်လည်းအခုတ်
ခံရမည် ။လူသော်လည်း ပါးနား အရိုက်ခံရမည် ။
နွားသော်လည်း ပြန်ပေး အလုပ်ခံရမည် ။ မည်သူသည် ဦးထွားအား မကြောက်ဘဲ နေ၀ံ့ပါအံနည်း ။

ရွာ၌ ပွဲခံသော အခါတွင် လည်း ဦးထွားမပါလျှင်မပြီး ။ဦးထွားထံလာ၍ တိုင် ပင် ကြရ၏ ။ဦးထွားက အငှားခိုင်းသော ပွဲကို ငှားကြရလေသည်။ ရုပ်သေးဆိုလျှင် ရုပ်သေး ၊ဇာတ်ဆိုလျှင် ဇာတ် အငြိမ့်ဆိုလျှင်အငြိမ့် ။ဦးထွား၏ အလို ကိုမလွန်ဆန်ဝံနိုင်ကြပေ။

တစ်ခါတုန်းက ဦးထွား အငှားခိုင်းသောပွဲ ကို မငှားမိသောကြောင့် ပွဲထွက်၍မျှမကြာသေးမီ ဦးထွားပွဲထဲဝင်ကာ ဆိုင်းတွေကိုဓားဖြင့်
ထိုးဖောက်သောကြောင့်ပွဲပျက်ခဲ့၏ ။မည်သူမျှ မလှုပ်ဝံ့ချေ ။ဤ ရွာတွင်ဦးထွားမှ တစ်ပါး အခြားလူမိုက်မရှိ ။ သူသာလျှင် လူမိုက် ။
သူသာလျှင် တစ်ကျွန်းပြန်ဖြစ် လေသည် ။

ရွာ၏နယ်နမိတ်အတွင်း၌ ကျွန်းနုပေါ်လာလျှင် သူကြီးမင်းနှင့် သမာဓိတို့က ရွာသားတို့အား မြေ ကိုခွဲဝေပေးလေး၇ှိကြကုန်၏။
မကျေနပ်သူတို့က ဦးထွားထံအယူခံဝင်ကြ လေပြီ။ဦးထွားလည်းမိမိဆောင်ဓားကို ကိုင်ကာယင်းမြေနုရှိရာသို့အယူခံဝင်သူတို့နှင့်
ထွက်ခဲ့၏ ။


ရောက်လျှင်ထိုသူတို့အားမိမိတို့ကြိုက်ရာမြေကိုယူကြဟုပေးခဲ့လေသည်။လူမိုက်၊တစ်ကျွန်းပြန်တည်းဟူသောဘွဲ့နှစ်ဘွဲ့ပိုင်ရှင်ဦးထွား၏
စီမံချက်ကိုမည်သူလွန်ဆန်ဝံ့ပါမည်နည်း။မည်သည့်ရုံးသို့သွား၍အယူခံဝံပါအံ့နည်း။ တစ်ချက်လွှတ်အမိန့်ကိုရထားသော
ဦးထွားပေတည်း။သူကြီးမင်းလည်းဦးထွားအားခပ်ကြောက်ကြောက်ပင်။ဦးထွားနှင့်အလိုက်သင့်သာလျှင်ပေါင်းသင်းကာနေလေည်။
ယနေ့ မိမိအာဏာကိုပြလျှင် မနက်ဖြန် မိမိ၏ကိုယ်နှင့် ဦးခေါင်းတို့မှာ အိုးစား  ကွဲတော့မည်။ သို့ကြောင့်လည်း   ဦးထွားအား
အလိုက် အထိုက် ပေါင်းသင်း ဆက်ဆံခြင်း  ကိုပြုနေပေသည် ။ရွာသူရွာသားတို့မှာ ဦးထွားအား သူကြီးမင်းထက်ပင်ပိုမို၍
ရိုသေကြ ၏ ။ကြောက်ရွံ့ကြ၏ ။သူခိုးပေါက်စ၊ လူမိုက်ပေါက်စ ၊ဓားပြပေါက်စကလေးတို့အား အခါပေးလုပ်နေသည်မှာ
ဦးထွားပင်ဖြစ်လေသည်။ခိုးရာပါပစ္စည်း၊တိုက်ရာပါပစ္စည်းများကိုထုခွဲပေးနေသည်မှာလည်းဦးထွားပင်မဟုတ် ပါလော။
လုပ်သေနတ်များကိုလည်းထိုသူခိုးပေါက်စ၊လူမိုက်ပေါက်စ ၊ဓားပြပေါက်စ တို့အား ရှာကြံ ပေးသေး၏ ။ ခိုးရာပါပစ္စည်း ၊
တိုက်ရာပါ ပစ္စည်းများ  ၊  ဦးထွား၏လက်ထဲသို့ရောက်သွားလျှင် အမှု့များမပေါ်တော့ပြီ ။ အဘယ်သို့ထုခွဲလိုက်သည်မသိ။
ပုလိပ်များလာရောက်စုံစမ်းသောအခါ သူကပင် သူလျှိုလုပ်ကာ သတင်းပေးလိုက်သေး၏ ။ မကြာမီ ဦးထွားအမြင်ကပ်သောသူများ
လက်ထိပ်များနှင့် ပါသွားကြရလေသည် ။ နာမည်ကြီးလည်း ကြီးလောက်ပေသည်။ ဦးထွားနှင့်ဆွေမျိုးတော်စပ်သောသူတို့မှာလည်း
ဦးထွား၏ အရှိန်ကြောင့် အစားရချောင် ၊အနေရချောင်ရုံမျှမက  မျက်နှာကြီးလျှက်နေကြကုန်၏ ။ မည်သူမျှ သူတို့အားရန်မစ၀ံ့ ။

ဟိုလူကခေါ်ချင် ၊သည်လူကခေါ်ချင် ။ဟိုအိမ်က ကျွေးချင် ၊သည်အိမ်ကကျွေးချင်နှင့်ပင်  ဦးထွား၏လူမိုက်အရောင် ကြောင့်
့် တစ်ဆွေလုံး တစ်မျိုးလုံးပါးပြောင်နေ ကြလေပြီ ။ ဦးထွား၏ မယားကြီး မရွှေစာမှာ  ဦးထွားတစ်ကျွန်းမှ မပြန်ရခင်ကပင် သေခဲ့၏။
သမီး ရွှေပုံ ၊ရွှေစုံတို့သာ ကျန်ခဲ့ကြလေသည်။ သူတို့မှာလည်း အိုးတွေ အိမ်တွေနှင့်ဖြစ်ကုန်ကြပြီ ။ ညှိုးညှိုးငယ်ငယ်နှင့်
နေထိုင်ကြရရှာကုန် ၏။ ဦးထွားတစ်ကျွန်းမှပြန်ရောက်သည့်နေ့မှ အစပြု၍ သူတို့ တစ်တွေမှာလည်း စီးပွားလမ်းဖြောင့်ကြပြီးလျှင် 
ရွှေတွေ ငွေတွေနှင့်ြ့ဖစ်နေကုန်ကြ၏ ။ (သြော် မတရားသောအလုပ်များ တယ် စီးပွားလမ်းဖြောင့်ပါလား ကရို။)

ဦးထွားတစ်ကျွန်းမှပြန်ရောက်၍မကြာမီပင်မယားတစ်ယောက်ကိုယူပြန်၏ ။ အသက်ကား၄၀နီးပါး။အမည်ကားဒေါ်ဆင့်။
သမီးကလေး  မြစိန်ဆိုသူလည်း ပါလာလေသည်။   မြစိန်မှာ    သနားကမား။  အသက်ကား၁၆နှစ်သာရှိသေး၏။ ဦးထွားမှာသည်
ယုန်မြင်၍ သည်ချူံထွင်ခြင်းဖြစ်လေသည် ။ဒေါ်ဆင့် နှင့်ညား၍ လေးလမျှ မကြာမီပင် မြစိန် ကလေးကို သိမ်းပိုက် လိုက်ပြန်၏ ။
ဒေါ်ဆင့် ကလည်းကျေကျေနပ်နပ် ၊မြစိန်ကလည်းကျေကျေနပ်နပ် ၊ဦးထွားကလည်း  ကျေကျေနပ်နပ် ။သူတို့သုံးဦးသားမှာ
အင်မတန်မှပျော်ရွှင်နေကြလေသည်။ မကြာမီ အတွင်းမှာပင် မြစိန်၏ လက်တွင် ရွှေ လက်ကောက်တွေ အပြည့်ရောက်နေပေပြီ ။
မြစိန် ကုသိုလ် ကောင်းတာပဲဟု အိမ်နီးနားချင်းတွေက  တီးတိုးပြောကြားသေးသည် ။(လောကကြီး ပျက်စီးလေပြီ တကား )။

ယခုအခါတွင်ကားဒေါ်ဆင့်တွင်၂နှစ်ခွဲခန့်သားကလေးတစ်ယောက၊်မြစိန်တွင်၂နှစ်အရွယ်သမီးကလေးတစ်ယောက်၊တွဲလောင်း
တွဲလောင်းနှင့်ဖြစ်နေကြပေပြီ။ပျော်လည်းပျော်ကြ၏။ကျေလည်း ကျေနပ်ကြ၏ ။ သမီးနှင့် မအေ တစ်လင်တည်း
ယူထားသောကြောင့်စကားများရန်အကြောင်းမမြင် ။ မိမိတို့၏ လင်မှာလည်းနှယ်နှယ် မဟုတ် ။ဘွဲ့ထူးဂုဏ်ထူးကြီးတွေနှင့်လင်ပေ။

ဒေါ် ဆင့်တို့ သားအမိစိတ်တွင် ပျော်ရွှင်၍ မဆုံးပြီ ။ ( တော်လည်းတော်ကြပါပေရဲ့ ) ။တရံခါသော် မြစိန်သည် မောင်ဖိုးဝ
စိုက်ထားသောပဲခင်းမှ  ပဲလွန်းများကိုဆွတ်ကာရောင်းစား၏ ။မောင်ဖိုးဝ က အဘယ်မှာလျှင် ခံနိုင်ပါ မည်နည်း ။ မိမိ၏ ပဲများကို  
မတရားဆွတ်ခူးခြင်းမပြုရန် ပြောဆိုဘိ၏ ။ လူမိုက်ကြီးကတော် အမျက်တော် ရှလေပြီ ။ ချက်ချင်းပင် မောင်ဖိုးဝ၏ စကားမှာ
ဦးထွား၏နားသို့ ပေါက်၍သွား၏ ။ ဦးထွား၏ မျက်စောင်းကားအကြောင်းသုံးပါးကို ရွေးလေ့မရှိ ။ချက်ချင်းပင် မိမိ၏
မယားနှစ်ယောက် သမီးရွှေပုံ ၊ ရွှေစုံ ၊ တို့ကို ပါ ခေါ်ကာ  မောင်ဖိုးဝ၏ မြေပေါ် သို့ရောက်လာကြကုန်၏ ။

လက်ထဲတွင် လည်းဆောင်ဓားကြီးတပြောင်ပြောင်  တလက်လက်နှင့် နေလေသည် ။ လက်ထဲတွင်လည်းဆောင်ဓားကြီးမှာ
တပြောင်ပြောင် တလက်လက်နှင့် နေလေသည် ။ မောင်ဖိုးဝတို့ ကား အဘယ်မှာလျှင် ဦးထွားနှင်တုဖက်ဝံ့ကြပါအံ့နည်း ။
မောင်ဖိုးဝ စိုက်၍ထားသော ပဲပင်များကို ဖျက်စိးလိုက်ကြလေသည် ။ မောင်ဖိုး ၀ တို့မှာ ကြည့်၍သာ  နေကြရ ရှာပေ၏ ။ ဤမျှနှင့်
ဦးထွားမကျေနပ်သေး ။ မောင်ဖိုးဝအားဆောင်ဓားကြီးဖြင့် ခုတ်ရန် လိုက်သေး၏ ။ မောင်ဖိုးဝ သေပြေး ရှင်ပြေး ပြေးရလေသည် ။
နောက်တစ်နေ့တွင် လျှောက်လွှာ တစ်စောင်ကိုကိုင် ကာ  မောင်လူအေး၏ရုံးသို့ မောင်ဖိုးဝ ရောက်လာ၏ ။ များမကြာမီ  ထိုအမှု့
ကို မောင်လူအေး ၀ါးရုံတန်း   ရွာ၌  သွား၍ စစ်ဆေးလေသည် ။ သက်သေ အများ   မောင်ဖိုးဝ ဘက်မှ ထွက် ကြ ကုန်၏ ။
ထိုသူတို့ ကား  ဦးထွားကိုချုပ် ထားတော့မှ  အဟုတ် အမှန် ကို ထွက် ၀ံ့ကြလေသည် ။ အကယ်၍ သာ  ဦးထွားအား  မချုပ် ထားမူ
ကား အဘယ်သူ သည် မောင်ဖိုးဝ ဘက်မှ သက်သေ လိုက်ဝံ့ ပါ အံ့ နည်း ။သူအားချုပ် ထားသော ကြောင့် မလုပ်နိုင်သော်လည်း
ဦးထွား  မှာ မာန်စောင် တတင်းတင်း ၊မျက်စောင်းတခဲခဲ နှင့် နေ၏ ။ ဦးထွားကံခေသောကြောင့် လားမသိ ။ မည်သူမျှ
ဦးထွားဘက်မှ သက်သေ မထွက် ကြချေ ။ ဦးထွားမှာ လူမိုက်တို့၏ စံပျော်ရာ နန်းတော် သို့မြန်းရ လေတော့မည် ။ မသွားမီ
ကလေးမှာပင်  ထောင်ကို ငါ မကြောက်ဘူး။ထောင်ကို မကြောက် လို့ လူမိုက် လုပ်နေ တာပေါ့ ။တစ်ကျွန်းက တောင်ပြန်လာတဲ့ 
လူပဲ  ဟူ၍ မိမိ၏ ဂုဏ်ထူးများကို ချီးကျူးလျှက် နေတော့ သတည်း ။ဤလူမျိုးကို ဆုံးမနိုင်သော ဥပဒေ ၊ဆုံးမနိုင် သော တရားတို့
သည် အဘယ်မှာ ရှိ ကြ ပါ သနည်း။ သိ လိုလှ၏ ။            ။

( ၁၂၉၆ ဒုတိယ၀ါဆိုလ)