Monday, November 19, 2012

နားသ မင်္ဂလာ (မင်းသုဝဏ် )


                                   
ဗျို့ ကိုသာ ၀ အပြင်ခဏထွက်ခဲ့စမ်းပါ ” ဟုအိမ်ရှေ့ မှောင်ရိပ်ထဲမှ အသံ တစ်ခုထွက်ပေါ်လာ၏ ။ ငွေဓားရ ကွက်သစ်ဆယ်အိမ်ခေါင်းမင်း
ဦးသာဝသည် ထရံ့တွင်ထောင်ထားသော လှံကိုယူ၍ ထွက်ခဲ့၏ ။ မန်ကျည်းပင်ရိပ်တွင် ပန်းထိမ်တန်း ဆယ်အိမ်ခေါင်းမင်း  ဦးရွှေလှ  ကိုတွေ့၍
“အမယ်လေးခေါင်မင်းရဲ့ ၊အလန့်တကြားနဲ့။အကာလညအခါကြီးမှာ ဘာများကိစ္စထူးထွေ လာပါလိမ့်မလဲ ”ဟုမေး၏ ။

“တခြားဟုတ်ပါရိုးလားဗျာ ၊နယ်ပိုင်မင်းက  လဆန်း၂ရက် တနင်္ဂနွေနေ့ မှာ သမီးအကြီးကလေးကို နားထွင်းမလို့ တဲ့    ”
 “မင်္ဂလာသတင်းကိုကြားရလို့ဝမ်းသာတယ်ဗျာ။ကောက်လှိုင်းတိုက်ချိန်ကပဲသားကလေးကိုကင်ပွန်းတပ် တယ်။
  ဒီတုန်းကပေါ့ ၊ကျူပ်နွား ပေါက်ကလေး ကို ရောင်းပြီး ငွေဖားကြီးတစ်လုံး လက်ဖွဲ့လိုက်တာ ။”
“မယ်ထူးကလည်းမမာဘူး ။ စပါးထွက်ကလည်း ဒီနှစ်ညံ့တာပဲ။ဒီကြားထဲ နယ်ပိုင်မင်းကို တလောက တစ်ခါ ကန်တော့ရပြန်ပြီ ။အခုတစ်ခါ…….”
‘ ခင်ဗျားအဲံဒါကြောင့် အခုလို ဆင်းရဲ တာ ။ရာဇာ ပဌာနမ်းတဲ့ဗျ ။မင်းပြီးရင်ပြီးတာပဲ။သူတို့သဘောကျ လို့  လုပ်ရင် ကြံ တိုင်းအောင် နိုင်တာပဲ မှတ်ထားပါ  ။ ’
ထိုအခါဦးလှရွှေသည်  အကြံအိုက် သည့်ဟန်ဖြင့် ခေါင်းကို ကုတ်ရင်း ‘ ခက်တာပဲဗျာ ’ ဟုညည်းလျက် ထွက် သွားလေသည် ။
                                 *
သောကြာ ၊စနေ နှစ်ရက် မျှသာ ကျန်တော့ သည် ။တနင်္ဂနွေနေ့ တွင် နားထွင်းပွဲ ကြီး ခမ်းခမ်းနားနား ကျင်းပတော့ အံ့ ။ဦးသာဝ သည်
မျိုးစပါး ငါးဆယ် ကို ပေါက်ဈေးနှင့်ရောင်း၍ ငွေဖလားကြီးတစ်လုံးကို ၀ယ်ပြီးလေပြီ ။ ဦးရွှေလှမှာ ကား ဘာကို မျှ မ၀ယ်ရသေး ။ဝယ်ထားစရာ
ငွေလည်းမရှိ ။အိမ်တွင် ဆန်၊ဆီ ၊  ဆေး ၊  ဆား အပြည့် အစုံရှိသော်လည်း ငွေမရှိ  ။ လယ်ခွန်တော်ချိန်ဆောင်ရန် ကို ပင် မည်သို့ ရှာကြံရ မည်
မသိသေး ။ချစ်တီးများကလည်းငွေထုတ်မပေး ။ ရှိ ရင်းစွဲကြွေး  အတွက်ပင်တဆူဆူလုပ်နေသေးသည် ။ လယ်ခွန်တော်အတွက်မှာ တစ်လ နှစ် လ
ဆိုင်းရက်ရှိသေးသည်။နောင်ခါလာနောင်ဈေးဟု ပစ်ထားနိုင်၏ ။ တနင်္ဂနွေနေ့ မေတ္တာရိ အခွန်တော်ကိစ္စမှာ  ရက်ရွှေ့ လို့ မရနိုင်ချေ ။
ရွှေရောင်းရမှာလည်းရွှေမရှိ ။ လှောင်ထားသောစပါးကလေးမှ ဖဲ့ရောင်းရမည် လည်း ဈေးကနည်းလွန်းသည် ။ပေါက်သမျှဈေးနျင့် ရောင်းပါ ဦးမည်
ဆိုဦးတော့ ၊ချက်ချင်းဝယ်မည့် သူ မရှိသေး  ။

လက်ဖွဲ့ ပစ္စည်းအတွက် စိတ်နောက်ရ သည့် အထဲတွင်  အ၀တ်အစားအတွက် စိတ်ညစ်ရပြန်သည်။နောက်  ဆုံးဝတ်စုံ တစ်စုံ ၀ယ်ခဲ့သည်မှာ ငါးနှစ်မျှ
ကြာခဲ့ပြီ ။ယခုအခါ သစ်သစ်လွင်လွင် မရှိတော့ချေ။သက္ကလတ်ဆန်းအင်္ကျီသည်  တံတောင်ဆစ်မှ အပြင်လေအေးကို ရှုရှိက် ယူငင်လေပြီ ။
ထားဝယ်လုံချည်ကား အောက်အစနားတွင် ခွေးသွားစိတ် သဏ္ဌန်ကိုဆောင်လေပြီ ။ဘုံဘိုင်ရေဖိနပ်နှင့်ဂျပန်ခေါင်းပေါင်းတို့မှာမူ   အမွှးအစမျှ
မကျန်တော့ပြီ ။ဘုရားသွား ကျောင်းတက်လျင်လည်း သူတို့။သုမင်္ဂလာ ၊ဒုမင်္ဂလာကိစ္စတို့တွင်လည်းသူတို့။ထိုသက္ကလတ်ဆန်းအင်္ကျီနှင့်ထားဝယ်
လုံချည်တို့သည်သခင့်တွင်ကျေးဇူးသစ္စာတည်စွာအမှု့တော်ထမ်းခဲ့လေပြီ။သို့သော်လည်းဟောင်းနွမ်းစုတ်ပြတ်နေပြီဖြစ်သောကြောင့်  ရှေးက ကဲ့သို့
မျက်နှာမကြီးတော့ချေ ။

ဦးရွှေလှသည် အ၀တ်နွမ်းများကို မြင်ယောင်၍ ယခုအခါ မျက်နှာငယ်ပုံကို တွေးတောမိ၏ ။ ယခင် နယ်ပိုင်မင်းသားကလေးကိုကင်ပွန်းတပ်စဉ်က
အ၀တ်အစားနုံသောကြောင့်လယ်သူကြီးဆယ်အိမ်ခေါင်းမင်း ဦးရွှေလှမှာပြာတာဖိုးရွှေတို့ဝိုင်းတွင်သိမ်ငယ်စွာထိုင်ခဲ့ရ၏။လက်ဖွဲ့ ပစ္စည်း ညံ့လေသော
ကြောင့်လည်းမင်းကတော်၏နှုတ်ဆက်ခြင်းကို မခံခဲ့ရ ။ယခုနားထွင်းပွဲတွင် ယခင်ကကဲ့ သို့ ရာဇက္ကနြေ္ဒ ပျက်ရာဦးတော့မှာလား ၊လူကြံရင်ခံနိုင်ရိုးလား
ဟူသော မျက်နှာထားဖြင့် မြို့တွင်းသို့ ထွက်သွား၏ ။

“ဘယ်နဲ့လဲ ကိုချစ်ထွေး ၊နယ်ပိုင်မင်းရဲ့ပွဲမှာ ဘာများလက်ဖွဲ့မယ်ကြံသလဲ။လွှထောင်ကြီးဆိုတော့ရွှေဒင်္ဂါးအောက်ကိုလျှိုလို့ နေရာကျမယ်မထင်ဘူး ။”
“အင်း နယ်ပိုင် မင်းမှာတောလခစားမို့ ငွေရှားတာကို ကိုယ်ထိလက်ရောက်သိသေးဟန်မတူဘူး ။”
“ကျူပ်တို့ ဆင်းရဲသားမှာဖြင့် ရွှေဒင်္ဂါးဝေးလို့ ငွေဒင်္ဂါးတစ်ပြား တစ်ကျပ်ကိုတောင် နပ်စေ့အောင်မမြင်ရပါဘူးဗျာ။ ကိုရွှေလှကော ဘာများစိတ်ကူးထားသလဲ ။”
“လွှထောင်မင်းတို့တောင်ညည်းနေမှပဲ ကျူပ်တို့တော့ ဘာပြောစရာရှိတော့မလဲ ။ပွဲနေ့ ကျရင် ကျူပ်တို့ငယ်ငယ်တုန်းကလို ချိုင်းကြားထဲမှာ ကြက်သွန်ညှပ်ပြီး
ရေချိုးချင်တော့တာပ။ဲ ကြက်သွန်ငွေ့နဲ့ကိုယ်တွေပူလာရင် ဖျားတယ်လို့ရမယ်ရှာပြီးပွဲကိုမ သွားဘဲနေတာပေါ့ ။အခုဖြင့်  အ၀ှာပြောသလိုမျိုး  ပေးစရာလည်းငွေမရှိ  ၊
ပြေးစရာလည်းမြေမရှိ ဖြစ်နေတာပဲဗျာ ။”

ထိုခဏတွင် လွှထောင် ကတော်ကြီးထွက် လာသည် ။“ကိုရွှေလှရဲ့ဒီလောက်ကြီးစိတ်ပူမနေစမ်းပါနဲ့။တလောကမင်းကတော်နဲ့တွေ့တော့ဆံစု
ကောင်းကောင်းတစ်ခူုရှာပေးစမ်းပါတဲ့ ။၊အခုပွဲမှာ ဆံစုတစ်စင်းလောက် လက်ဖွဲ့ လိုက်ပါလား ။”ရှင့်မယားကြီးသေမယ့်အကြိမ် ဖျားတုန်းက ဖြတ်ထားတဲ့
ဆံစုဟာရှိသေးတယ် မဟုတ်လား။အဲဒီဆံစုဟာအင်မတန်ကောင်းတာပေါ့။ရှည်လည်းရှည်ရဲ့၊အရောင်လည်းကောင်းရဲ့၊ကြမ်းလည်းမကြမ်းဘူး။”
“သူ့ ကို သာ လက်ဖွဲ့လိုက်ရင်ကိုရွှေလှတို့မျက်နှာကြီးဦးမှာပေါ့ ။”“အေး..အေး….မယ်မြပြောမှသတိရတယ်ကောင်းလိုက်တယ်အကြံနှယ်ကွာ။
ဒါကြောင့်ယောကျာ်းကိုစေသော် မပြီးနိုင် ၊မိန်းမ ကိုစေသော်မခံနိုင် ”လို့ ရှေးပညာရှိများ ဆုံးမတာပဲ ဟုပြော၍ ကျေနပ်သော ပြုံးခြင်းမျိုးကို ပြုံးလျှက်
 ရွာမကျောင်းဆီ ထွက်သွားလေသည် ။“ဒါနဲ့ စကားမစပ် ကျက်သရေတိုက် အခန်းသော့ ကို ဘယ်သူကိုင် သလဲ ဦးသူတော်ရဲ့ ။ ”
“ကျူပ်ကိုင်တာပေါ့ ၊ဘာကိစ္စရှိလို့လဲ ခေါင်မင်းရဲ့ ။တစ်နေ့ က ကန်လာကာလိပ် ပျောက်သွားတဲ့ အမှု့နဲ့ ပတ်သက် လို့လား။ကျက်သရေတိုက်ထဲ
က ပျောက်သွားတာမဟုတ်ပါဘူး ။” ဦးပဉ္စင်းတစ်ပါးရဲ့….
 “ဒီကိစ္စ အတွက် မဟုတ်ပါဘူး။ကျူပ်တိုးတိုးပြောမယ်။အလှုပွဲတစ်ခုကိုသွားချင်လို့အ၀တ်အစားတစ်စုံ လိုချင်နေတယ် ။”“တို့သူကြီး ဦးအောင် မင်း
အနိစ္စရောက်သွားတော့မင်းကတော်ကြီး က လှုလိုက်တဲ့ပုဆိုးတွေ ၊အင်္ကျီတွေဟာ ရုပ်စုံသေတ္တာထဲမှာရှိတယ် ။ ညကို ဦးသူ တော်ထုတ်ပေးနိုင် ပါ့ မလား။
ကျေးဇူးမမေ့ ပါ ဘူးဗျ  ။”“အို..ရမှာပေါ့ဗျာ  ၊တခြားလူခြင်းမှတ်လို့ပဲ။ရပါစေမယ် ၊ကိစ္စပြီးတော့သာ ပြည့်ပြည့်စုံစုံပြန်ပေးပါ ။” “ဒါနဲ့ ခေါင်မင်းရဲ့ ဂမုန်းရှင်
သူငယ်ပင်တွေဟာ အတော်ပွားနေရော့ပေါ့ ”“မပွားပါဘူးဗျာ၊တစ်ချို့သေတောင်သေကုန်သေးတယ်။သြော်…ဦးသူတော်ဖို့တစ်ပင်ယူခဲ့ဦးမယ်။” ညတော့ ညတော့…….

တနင်္ဂနွေ နေ့ နံနက် ၁၀ နာရီလောက်တွင် မင်းပိုင်းရပ်ကွက် သည်ပွဲထိုင်လာသော မင်းပရိသတ်ဖြင့်ရှုပ်ထွေးလျက်ရှိ၏ ။နှစ်လုံးပြူးသေနတ်ကြီးများကို ထမ်း၍
ဖိနပ်ပေါက်သဖြင့် ထော့ကျိုးထော့ကျိုးနှင့် လာကြသော ရွာသူကြီး အချို့ကား အထင်ရှား အပေါ်လွင်ဆုံးသော ပုဂ္ဂိုလ်များ ဖြစ်လေသည် ။
မိန်းမ ၊ယောကျာ်း ၊အပျို၊  အအို ၊  အယဉ် ၊အရိုင်း ပွဲထိုင်ပရိသတ် အမျိုးမျိုး အစားစားတို့ သည် နယ်ပိုင်မင်း၏  အိမ်ဝင်းတွင်းသို့  ၀င်လာမစဲ တသဲသဲ ဖြစ်လေ ၏  ။
ဘီးလစ်စာရေးကြီးသည်  ခေါင်းပေါင်းစကြီိးကို အလံထူ၍အိမ်ပေါက်ဝနားတွင်လက်ဖွဲ့ပစ္စည်းစာရင်းကိုမှတ်ပုံတင်လျက်ရှိ၏ ။ အခြားသော စာရေးကြီး ၊စာရေးငယ်
အသွယ်သွယ်တို့ သည် လည်း ထီးသိမ်းသူက သိမ်း ၊ မထင်မရှား ဖိနပ် ကြည့်သူ က ကြည့်၊ ကွမ်း ဆေး လက်ဖက် တည်သူက တည်နှင့် ကိစ္စများလျက်ရှိကြ၏  ။
မင်းကတော်မှာမူ ဘီးလစ်စာရေးကြီးမှ မနီးမဝေးတွင် ဖလားစုံကွမ်းအစ်များကိုခင်း၍ ဧည့်ခံနေ၏ ။ သူဋ္ဌေးကတော် ၊စာရေးကတော် စသော ကတော် အသီးသီး တို့
သည် လည်းမျက်နှာမော့ ကလေးများနှင့်  အာလာပသလ္လာပ တွေ့က ကရာရှစ်သောင်းကိုပြောနေကြ သည်။ “ကိုထင်ပေါ် ၊ကတ္တီပါကွပ် နှစ်ဖက်လှသင်ဖျာကြီးတစ်ချပ်”
စသည်ဖြင့် ဘီးလစ်စာရေးကြီးကကျယ်လောင်စွာအော်လိုက်သော အသံများတွင်  မင်းကတော်သည်  ပြုံးလည်းပြုံး၏ ။ မဲ့ လည်းမဲ့ ၏ ။ဤသို့ ပြုံးရာမှ မဲ့ ၊မဲ့ရာမှ
ပြုံးသည်ကိုပင်  မြို့ဆန်သော အမူအရာ တစ်မျိုးဟုထင်နေသောစက်သူဋ္ဌေးကတော်ကြီး  ဒေါ်ဝါးသည်ကျိတ်၍ အတုခိုးလျက်ရှိ၏ ။

ခြေကျင်းလိမ်၊ခေါင်းခြင်းရိုက်အောင်ရှုပ်ထွေးနေသောထိုခဏတွင်ဆယ်အိမ်ခေါင်းဦးရွှေလှရောက်လာ၏ ။ လွန်းပုဆိုးတောင်ရှည်ကြီးကိုဆီး၍  အလွန်ခံ့ညာသော ဦးရွှေလှ ။
သားမွှေး အင်္ကျီကြီးကိုဝတ်၍အလွန်ကျက်သရေ ရှိသော ဦးရွှေလှ ။ ရွှေကျင်ခပ် ပုဝါကြီးကိုပေါင်း၍  အလွန်သပ်ရပ်သောဦးရွှေလှ။ဦးရွှေလှကို လူအများငေး၍ကြည့်ရလေသည် ။
မင်းကတော်ပင်လျှင်ကြည့်၍ အားမရနိုင် ။ ဘီးလစ်စာရေးကြီးသည် ဦးရွှေ လှ လှမ်းပေးသော အထုပ်ကိုဖြေကြည့်လျှက် “ ပန်ထိမ်တန်း ဆယ်အိမ်ခေါင်မင်း ဦးရွှေလှက သုံးထောင်
ကျော်ဆံစုကြီး    တစ် ” ဟု ဌာန်  ကရိုင်းကျကျ နှင့် ပီသစွာ ကြွေးကြော် လိုက်လေ၏ ။ ခေါင် မင်း ခေါင် မင်း၊၀န်ထောက်မင်းတို့ဝိုင်းကိုကြွပါ ။”ဟဲ့…ဖိုးရွှေ..   နေရာပြလိုက် ”
စသော မင်းကတော်၏ လောက၀တ် ကျေပွန်သော စကားတို့ကိုလည်းကြားလိုက်ရ၏။ဦးရွှေလှကား နှုတ်ခမ်းမွှေးတသသ နှင့် ပီတိဖြစ်လှသော ဟူသတက် ။         ။
                                                                                             (ဂန္တလောက၊ဇွန်၁၉၃၄)