သေခြင်းတရား... သေခြင်းတရား.. အဲ့ဒီ့စကားလုံးကို ပြော လိုက်ရင်ပဲ လူတွေက အတိတ်နမိတ် မကောင်းတဲ့ စကားကြား ရသလို ထိတ်လန့် တက်ကြတယ် ။ လောဘ ၊ဒေါသ ၊ သံယောဇဉ် ကြိုးတွေ ချည်နှောင်ထားခံရတဲ့ လူတွေ အတွက် တော့ သေခြင်းတရား ဆိုတာ ကြောက်စရာကြီး ဖြစ်နေမှာ အမှန်ပါပဲ ။
တကယ်တော့ သေခြင်းတရားက ကြောက်စရာမဟုတ်ပါဘူး ။ကိုယ် ဘယ်နေ့ ၊ ဘယ်အချိန် သေမယ်မှန်းမသိပဲ ရုတ်တရက် ဖျက်ခနဲ အသက်ထွက်သွား ၊ ပုထုဇဉ်တွေမို့လို့ လောဘစွဲ ၊ သံ ယောဇဉ် စွဲ တွေ တန်းလန်း နဲ့ မကောင်းတဲ့ ဘုံဘဝ ရောက် သွား ခဲ့ရင် ပိုပြီး ကြာက်စရာကြီးပါ ။
လူတွေ နဲ့ အနီးကပ် ဆုံး ဖြစ်တဲ့ ပြိတ္တာ ဘုံဘဝ ရောက်သွား ခဲ့ ရင် ကောင်းတဲ့ဘုံဘဝ ပြန်ရောက်ဖို့ ဆိုတာ မလွယ်ကူပါဘူး ။ သံသရာ အဆက်ဆက်က လုပ်ခဲ့ တဲ့ ကောင်းကံ ဆိုးကံ တွေ နဲ့လည်း အများကြီးဆိုင်ပါတယ် ။ သံသရာ အဆက်ဆက် ကိုယ် ဘယ်လို အကြောင်းတရား တွေ လုပ်ခဲ့သလဲ ဆိုတာ သိ မှ မသိနိုင်ကြတာလေ ။
၂၀၁၀/၁၁/၁၂ မှာ တရားကိုကြိုးစားမှတ်ခဲ့တယ် ။ ၂၀၁၀ တုန်းက မြို့နဲ့ဝေးလွန်းလှတဲ့ တောရ တရားခန်းလေး တစ်ခု မှာ တရားသွားမှတ်ခဲ့ဖူးတယ် ။ အဲ့ဒီ့တောရကျောင်းလေးမှာ ပြိတ္တာ တွေ နဲ့ ကြုံခဲ့ဖူးတယ် ။ မြင်ခဲ့ရတဲ့ ပုံစံကို ပြောပြ တော့ ဟိုးအရင်တုန်းက အဲ့ဒီ့ကျောင်း မှာ ဝေယျာဝေစ္စ လုပ်ပေးခဲ့တဲ့ ကပ္ပိယ ကြီးလို့ သိရတယ် ။ ကျွန်မကို တော့ ကြောက်အောင် ခြောက်လှန့်တာတွေ မလုပ်ခဲ့ဘူး ။ တစ်ခြားမြင်ခဲ့တဲ့ ပြိတ္တာ တွေ လည်းရှိခဲ့တယ် ။ သမာဓိ ကောင်းချိန်ပေါ့ ။ အချို့ ပြိတ္တာ တွေ ရဲ့ ပုံစံတွေ က ကြောက်စရာ ကြမ်းတမ်းတဲ့ ပုံပန်းသဏ္ဌန်တွေ ရှိတယ် ။ ဒါပေမယ့် သူတို့ဘဝ တွေက အပြင်ပန်းကြည့်ရင်သာ ကြောက်စရာကောင်းပေမယ့် ၊ တကယ် တော့ အရမ်းသနားဖို့ကောင်းတယ် ။ အစွဲအလမ်း တစ်ခုခုကြောင့် သူတို့ ပြိတ္တာ ဘဝ ရောက်ကြရတယ် ။ ဒီဘဝက နေ လွတ်လိုတော့ သီလ သမာဓိ ပြည်စုံတဲ့သူ အမျှ ပေးတာ လိုချင်ကြတယ် ။ ဘယ်လိုပဲ အမျှပေးပေး ၊ ကျွတ်ထိုက်တဲ့ အချိန် မရောက်သေးတော့လည်း ပြိတ္တာဘဝ မှာပဲ တဝဲလည်လည် ဖြစ်နေရရှာတယ် ။
အဲ့ဒီ့ တော့ သေရမှာ တော့ မကြောက်ပေမယ့် အစွဲ တွေ နဲ့ မကောင်းတဲ့ ဘုံဘဝ ရောက်မှာတော့ကြောက်တယ် ။ အစွဲ နည်းနိုင်သမျှ နည်းအောင်တော့ တရားမှတ်တယ် ။ တရား လုပ်တဲ့ သူက သေရမှာ မကြောက်ဘူး ။ တရားမလုပ်တဲ့ သူ က သေရမှာ ကြောက်တယ် ။ ကမူးရှူးထိုး တစောက်ကန်း သေ ရမှာ မကြောက်ဘူး ဆိုတဲ့ သူမျိုးကိုဆိုလိုတာ မဟုတ်ပါဘူး ။ တရားသမားက ကိုယ့် ခန္ဓာ ရဲ့ အပျက်ကို ကောင်းကောင်းကြီး သိတယ် ၊ မြင်တယ် ။ အကြောင်းအကျိုးတရားတွေ နားလည် လက်ခံ နိုင်တဲ့ အတွက် သေရမှာ မကြောက်ဘူး ။ မသေခင် လောဘမီး ၊ ဒေါသမီး ၊ သံယောဇဉ်မီးတွေ အတက်နိုင်ဆုံး ငြိမ်းအေးအောင် ကြိုးစား အားထုတ်တယ် ။
လူ ဆိုတာ ရှောင်လွှဲမရ တစ်နေ့သေရမယ့်သူချည်း ပါ ပဲ ။ သတင်းစာ နောက်ဆုံးမျက်နှာကြည့်လိုက်ရင်ပဲ ငယ်ငယ် ရွယ်ရွယ် နဲ့ သေဆုံးခဲ့ကြသူတွေ အများကြီး ။ သေဆုံးခဲ့တဲ့ ငယ် ရွယ်တဲ့ သူတွေ ကိုယ်တိုင်ကရော သူတို့ကိုယ်တိုင် ငယ်ငယ်ရွယ်ရွယ် နဲ့ သေဆုံးလိမ့်မယ် လို့ ဘယ်ထင်ထား ကြပါ့မလဲ ။ အသက် ဘယ်လောက်မှ သေမယ် ၊ ၇၀ မှ သေမယ် ၊ ၈၀ မှ သေမယ် အစရှိသဖြင့် လူတွေက သက်တမ်းပြည့်နေချင်ကြသူတွေ များတယ်။
ဒါပေမယ့် ကံအကြောင်း တရား ဆိုတာက ကိုယ် မမြင် နိုင်တဲ့အရာတွေ ။ သံသရာ အဆက်ဆက် ကိုယ် "ကောင်းကံ" "ဆိုးကံ" တွေ ဘယ်လိုတွေ လုပ်လာခဲ့ကြ သလဲ ဆိုတာ မသိကြဘူး ။ ကိုယ်လုပ်ခဲ့တဲ့ " ကောင်းကံ" ၊ "ဆိုးကံ" တွေရဲ့ အကျိုးတရား တွေကို ဘယ်အချိန် မှာခံကြရမယ် ဆိုတာ မသိကြဘူး ။ ကျွန်မတို့ ပုထုဇဉ်တွေ ဟာ မမြင်မျက်ကန်း တွေလို ဘယ်အရာကိုမှ သေသေချာချာ မသိပဲ သံသရာလမ်းကို စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းနေကြ တာ ။
တကယ်တော့ကျွန်မတို့ ပုထုဇဉ်အရူးတွေ ကိုယ့်ရဲ့ လောဘ တွေ ၊အတ္တတွေ ၊ ကိုယ့်ရဲ့ သားသမီး ၊ မိဘ ၊ သံယောဇဉ်တွေ ဖုံးလွှမ်းထားတော့ အမှန်တရား ဆိုတာ မသိကြတော့ဘူး ။ ဘယ်ဘုံဘဝကနေ ရောက်လာကြခဲ့တယ်ဆိုတာလည်း မသိကြဘူး ။ လူ့ဘဝ ရောက်ခိုက် မသေခင် အကျိုးရှိအောင် တရား အသိနဲ့ ခန္ဓာထဲက ဘာကိုအနှစ်ထုတ်ရမယ် ဆိုတာ လည်း မသိကြဘူး ။ မသိခြင်း တွေနဲ့ပဲ ကျွန်မတို့ ဝဲလည်ရိုက် နေကြတယ် ။
ဘဝရဲ့ မသေချာမှု့တွေ ၊ ခန္ဓာရဲ့မတည်မြဲ မှု့တွေကို မေ့လျော့ပြီး သံယောဇဉ်ကြိုး တွေ ကို ပျော်ပျော်ကြီး အချည်အနှောင်ခံချင်နေကြပြီး လှောင်အိမ်ထဲ က ရုန်းထွက် နိုင်အောင် မကြိုးစားကြတော့ဘူး ။ တစ်ဘဝစာ ချမ်းသာမှု့ ၊ ခဏတာ ပျော်ရွှင်မှု့ တွေ အောက်မှာ ယစ်မူး နေကြ တယ် ။ ★ခန္ဓာရဲ့ အမှန်တရားက ဘာဆိုတာ ကို သိအောင် မကြိုးစားကြတော့ဘူး ★ ။
ဘဝ မီးစာ ကုန်ခါ နီးအချိန်မှ ခန္ဓာရဲ့အမှန်တရားကို သိဖို့ကြိုးစား မယ် ကြံတော့ ★ညဏ်★ က မမှီနိုင်တော့ ဘူး။ ဘဝရဲ့ ငယ်ရွယ်နုပျိုတဲ့ အချိန်များစွာကို တစ်ဘဝ စာ ကောင်းစားဖို့ပဲ အသုံးချခဲ့ကြတာကိုး ။ ကိုယ့်ဘဝအတွက် လည်း အလုပ်လုပ် ၊တဖက်ကလည်း တရားဓမ္မ ကို လေ့လာ လိုက်စား ခဲ့မယ်ဆိုရင် သံသရာကနေ လွတ်မြောက်မယ့်လမ်း ၊ အေးချမ်းမှု့ကို တွေ့ကိုတွေ့နိုင်မှာ အသေချာပါ ။
သေခြင်းတရားကို ကြိုသိနိုင်ကြသလား ဆိုတော့ ပုံမှန် အား ဖြင့်တော့ သိနိုင်ဖို့ မလွယ်ကူပေမယ့် အာနပါန ကမ္မဌာန်း ကို နှစ်ရှည်လများကြာအောင် ကြိုးစားအားထုတ်ခဲ့တဲ့ သူတွေ သိနိုင်ကြပါတယ် ။ တစ်ချို့လူတွေ ကိုယ်မသိနိုင်တိုင်း ၊ တစ်ခြားသူတွေ သိနိုင်တဲ့အရာ ( သေခြင်းတရား) ကို မဖြစ်နိုင်ဘူးလို့ မပုတ်ခတ်သင့်ပါဘူး ။ သာမန်လူတွေ မသိနိုင်တဲ့ အကြောင်းတရားတွေ အများကြီးရှိပါတယ် ။
တစ်ခါတလေ တွေးကြည့်မိပါတယ် ။ အခုလိုကျွန်မ ငယ်ငယ်ရွယ်ရွယ်နဲ့ တရားလုပ်နိုင်ခဲ့တယ်ဆို တာ လည်း သံသရာ အဆက်ဆက်က လုပ်ခဲ့တဲ့ တရားပါရမီ မျိုးစေ့က ဒီဘဝထိ ပါလာလို့ ဒီဘဝ ဒီလောက်လုပ်နိုင်တာဖြစ် လိမ့်မယ် လို့တော့ တွေးမိပါတယ် ။ အစပိုင်းပြောခဲ့သလို ဟိုတုန်းက တရားကို တော်တော်လေး အားထုတ်ခဲ့တယ် ။ ငယ်တဲ့ အရွယ် ၊ ညဏ်ထက်တဲ့ အရွယ်၊ ကိုယ်တိုင်ကလိုလိုချင်ချင် အားထုတ် တော့ တရားတက်တာမြန်တယ်။ တစ်ချိန်က သမာဓိ ကောင်းခဲ့ တဲ့အချိန်မှာ မြင်ထားတာလေးတစ်ခုရှိခဲ့တယ် ။ အဲ့ဒါကို ဖျက်ခနဲ မြင်လိုက်ရတုန်းကတော့ ကျွန်မ တော်တော် လေး လန့်သွားခဲ့တယ် ။ စိတ်ထဲ မတင်မကျ ဖြစ်နေတဲ့ အဲ့ကိစ္စကို ဆရာ တော်တွေကို လျှောက်ဖူးတယ် ။ တရားမှတ်နေတာ ကြာ ပြီ ဖြစ်တဲ့ ဆရာသမား တွေကို မေးဖူးတယ် ။ ဒီလို အကြောင်းတရား တွေက သိနိုင်ဖို့ မလွယ်ကူဘူး ဆိုပေမယ့် ၊ ဖြစ်နိုင်ဖို့များတယ်၊ မှန်နိုင်တယ် လို့တော့ အဖြေပေးကြတယ်။
ကျွန်မသာ သေခြင်းတရားကို ကြိုသိနိုင်ခဲ့မယ်ဆိုရင် ဘာလုပ် မယ် ထင်လဲ။ အဲ့ဒီ့အချိန်မတိုင်ခင် မိဘနှစ်ပါး သက်ရှိထင်ရှား ရှိနေတဲ့ အချိန်မှာကိုယ့်ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘကို အတက်နိုင်ဆုံး ကျေးဇူးဆပ်နိုင်ဖို့ပဲ အာရုံစိုက်တော့ မယ်။ မိဘ လိုချင်တာ ဖြည့်ဆည်းပေးနိုင်ဖို့ ၊ မိဘ လှုနိုင်တန်းနိုင် ဖို့ မလုပ်မဖြစ်တဲ့ စီးပွားရေးကို ဆက်လုပ်မယ် ။ တဖက်က တရားအလုပ် ကို ဆက်လုပ်မယ် ။ ငြိမ်းချမ်းမှု့ ၊ ချုပ်ငြိမ်းမှု့ ကိုရှာတွေ့နိုင်အောင်ကြိုးစားမယ် ။
သေခြင်းတရား ဆိုတာ လက်တစ်ကမ်းမှာ ပါပဲရှိနေတာပါ ။ သေရမှာ ဖျက်ခနဲ ခဏ ဘာမှမကြာလိုက်မှာ မဟုတ်ပေမယ့် ၊ ရှင်သန်နေတဲ့ အချိန်ကာလ အတွင်းမှာ တရားဓမ္မအသိနဲ့ အကျိုးရှိအောင် ၊တန်ဖိုးရှိတဲ့သူဖြစ်အောင် နေထိုင်ရှင်သန်သွား ဖို့ ဆိုတာ မလွယ်ကူပါဘူး ။ ရှင်သန်နေထိုင်ရတဲ့ အချိန်လေးမှာ မိဘကို စိတ်ချမ်းသာအောင် ထားပေးချင်တယ်။ ကိုယ်တိုင်လည်း တရားရိပ်ရဲ့ စစ်မှန်တဲ့ အေးချမ်းမှု့ ၊ ချုပ်ငြိမ်းမှု့ တွေကိုသိအောင် ကြိုးစား အားထုတ်သွားချင်တယ် ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ အေးချမ်းကြပါစေရှင် ။
မနှင်း