ကျွန်မ ဟင်းချက်ဝါသနာပါလားဆိုတော့ ဝါသနာမပါဘူး ။ရာသီဥတု ပူပူအိုက်အိုက် မှာ ဟင်းတစ်ခွက် ချက်ဖို့ ပြင်ဆင်ရတာ ပင်ပန်းတယ် ။ ဒါပေမယ့် ဆိုင်က ဟင်းတွေ စားနိုင်သလား ဆိုတော့ ကျွန်မ မစားနိုင်ဘူး ။ ကျွန်မ ဆိုင်က ဟင်းတွေ ဝယ်စားခဲတယ်။အင်မတန် ပင်ပန်းမှ ဝယ်စားတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ ဆိုင်ကဟင်းတွေက ဆီမသန့် ၊ချက်တာ မသန့်တာများတယ် ။ အိမ်မှာ ချက်တာကတော့ ဆီသန့်တယ် ။သန့်သန့်ရှင်းရှင်း နဲ့ ပူပူနွေးနွေး စား ရ တယ်။
တကယ်တော့ တစ်နေ့တနေ့ ဟင်းချက်ရ ဖို့စီစဉ်ရတာလည်း အာရုံစားရ တယ် ။ ဈေးထဲသွား ဘာဝယ်ရမလဲ မနည်းစဉ်းစားရတယ် ။ အိမ်မှာက ဈေး လည်း ကျွန်မပဲ သွားရတယ်။ တနေ့တနေ့ဘာချက်ရမလဲ ကိုယ်တိုင်စဉ်းစား ရတယ် ။ သံဃာ တွေကို နေ့ဆွမ်း အမှီလောင်းနိုင်ဖို့လည်းချက်ရတယ် ။ တစ်ခါတလေတော့ လည်း ဟင်းချက်ရတာ ဘယ်လောက်ပူပူ သံဃာတွေကို ဆွမ်း လောင်းဖို့ ဆိုတဲ့ ပီတိ တွေ နဲ့ ဟင်းချက်ဖြစ်တယ် ။ သံဃာကိုရည်မှန်း ပြီးဆွမ်းလောင်းရတာ အရမ်းကျေနပ်ဖို့ကောင်းတယ် ။
ကျွန်မက ဗမာ ဆိုတော့ ဗမာဟင်းတော့ ချက်တက်တာပေါ့လေ ။ဗမာဟင်း အများစုက ဆီပြန်များတယ် ။ ဒါပေမယ့် ကျန်းမာရေးအရကိုယ်စားမယ့်ဟင်း ကို ကိုယ့် စိတ်တိုင်းကျ ဆီ လျှော့ပြီး အရည်စပ်စပ် လည်း ချက်နိုင်တာပေါ့ ။ အိမ်မှာ ကျွန်မက ဆီ မကြိုက်ဘူး ။ဖေဖေ နဲ့မေမေက ဆီရွှဲ မှစားတယ် ။ အဲဒီတော့ အသားဟင်းချက်ရင် ဆီပြန်ချက်ရပြီး ကျွန်မက ဆီစစ်စားတယ် ။
အသီးအရွက်ကြော်ကတော့ ဆီ မပါသလောက် ရအောင်ကြော်တယ် ။
နယ်မှာနေတာကတော့ သူ့အချိန်နဲ့သူထွက်တဲ့ ဟင်းသီးဟင်းရွက်ကို လတ်လတ်ဆတ်ဆတ်စား ရတယ် ။ ဈေးလည်းပေါတယ် ။ BROCCOLI အချိန် ဆိုလည်း ပေါမှပေါ ။ကိုက်လံ ပေါတဲ့အချိန် ကိုက်လံ၊ ဖလံတောင်မွှေး၊ ခ၀ဲသီး အစရှိ သဖြင့်ပေါ့လေ ။ သူ့အချိန်နဲ့ သူ့ရာသီနဲ့ သူပေါတဲ့ ဟင်း သီးဟင်းရွက်တွေ လတ်လတ်ဆတ်ဆတ် ၊ဈေးသက်သက်သာသာ နဲ့ စားရတယ် ။ ဟင်းသီးဟင်းရွက် ပေါတာကတော့ ကျွန်မ အကြိုက်ပေါ့ ။
နောက်တစ်ခုက ဗမာဟင်းချို၊ ချဉ်ဟင်းတွေမှာ ငါးပိ ထည့်ကြတယ် ။ဘူးသီး စိပ်အနည်းငယ်၊ ဘူးညွန့်၊ ဝါပင်ပေါက် အနည်းငယ်ခပ်ထားတဲ့ဗမာဟင်းချို တွေမှာဆို ငံပြာရည်အစား ငါးပိ ကိုသုံးကြတယ် ။ချဉ်ဟင်း တို့ ခရမ်းချဉ်သီး ငါးပိကျက် တို့မှာလည်း ငါးပိထည့်ရတာပေါ့ ။ ငါးပိ ထည့်ရင် သတိထား ရ မှာက ဘယ်ဟင်းမဆို ငါးပိကိုရေနဲ့ဖျော်ထည့်ပြီး ချက်ချင်း မမွှေရပါဘူး ။တကယ်လို့ ဟင်းအိုးအနည်းငယ် ကပ်ပုံပေါ်ရင် ရေထည့်ပြီးမှ စောစောက ငါးပိဖျော်ပြီးသား အရည်ထည့် ၊ ဟင်းအိုးပွက်မှ မွှေရပါတယ် ။ ငါးပိထည့်ပြီး ချက်ချင်းမွှေရင် ငါးပိ အနံ့ နံတက်ပါတယ် ။ ဗမာကြော်ချက်ဟင်းချို တို့ ချဉ်ဟင်း အစရှိတဲ့ ဟင်းတွေမှာငါးပိထည့်ရင် ဟင်းအရသာ လေးပင်တယ် ။ အနံ့သင်းသင်းလေးနဲ့ စားရတာ အရမ်းအရသာရှိတယ် ။
ကျွန်မတို့အိမ် မှာကအရောင်တင်မှုန့်( လုံးဝ ) မသုံးဘူး ။ ဟင်းချက်ရင်ဟင်းအရောင်လှအောင်၊ ဟင်း အနှစ်ပိုရအောင် ခရမ်းချဉ်သီး ကို blenderနဲ့ ကြိတ်ပြီး ချက်မယ့် ဟင်းထဲ ထည့်ဆီသတ် တယ် ။ ဟင်းအရောင်လှတယ် ။ အန္တရယ်ကင်းတယ် ။ ခရမ်းချဉ်သီး နေ့တိုင်းစား ဖြစ် တော့
ကျန်းမာရေးနဲ့ ညီညွတ်တယ် ။
ကျန်းမာရေးနဲ့ ညီညွတ်တယ် ။
ကျွန်မကတော့ ဟင်းတစ်အိုး စတည်တော့မယ် ဆိုရင် ဒယ်အိုးကို မီးဖိုပေါ် တင် ၊အိုးပူရင် ဆီ ထည့် ၊ ဆီ ကျက်ပြီ ဆိုရင် ကြက်သွန်နီ အရင်ထည့် ၊ကြက်သွန်နီ နွမ်းလာရင် ကြက်သွန်အဖြူထည့်၊ ဂျင်းထည့်ဖို့ လိုတဲ့ ဟင်းမှာ လည်း ကြက်သွန်ဖြူနဲ့ အတူ ထည့်ပါတယ် ။ ပြီးရင်မွှေပေးပြီး ရဲလာအောင် ဆီသတ်ပါတယ် ။ကြက်သွန် ဖြူ၊နီ ကို ရဲ နေအောင် ဆီသတ်မှ ဟင်းအနံ့ပို မွှေးတယ် ။ ဟင်းတွေကို ပိုပြီးကြာရှည်ခံတယ်။ ဟင်းချက်တာတော့ တစ်ခြား ခက်ခဲတာ မရှိပါဘူး ။ ဟင်းတစ်ခွက် ရဲ့ အရသာ ကောင်းမကောင်းက * အသားဟင်း မချက်ခင် ချက်မယ့် အသားကို အသားမှုန့်၊သကြား၊ ငံပြာရည် စ တာတွေ နဲ့ ပိုင်ပိုင်နိုင်နိုင် နယ်ပြီး နာရီဝက်လောက် နှပ်ထားရင် ပိုကောင်း ပါ တယ် ။ နောက်တစ်ချက်က * ချက်မယ့် ဟင်းအသားကို ကြက်သွန် ဖြူ၊နီ၊ ဂျင်း စတာတွေ နဲ့ ကြာကြာလေး လုံး ပေးနိုင်ရင် ဟင်းက ပိုပြီးမွှေးကြိုင်ပါ တယ်။
ဟင်းကတော့ နေ့တိုင်းချက်နေရတာပါပဲ ။ တစ်ခါ တလေ စိတ်ကူး ပေါက်ရင် ကိုယ်ချက်တဲ့ ဟင်းကို ဓာတ်ပုံရိုက်တယ် ။ မအားတဲ့ နေ့တော့ မရိုက်ဖြစ်ဘူးပေါ့ ။
နောက် ရက်တော့ ထပ်ချက်မယ့် ဟင်းလေးတွေကို update လုပ်ပြီး ထပ်တင်သွားပါ ဦးမယ် ။
ဒါကတော့ပုဇွန် ဂျုံကပ်ကြော်ပါ ။ ပုဇွန်ပဲ ဖြစ်ဖြစ် ၊ CP ကြက်သားပဲ ဖြစ်ဖြစ် ရိုးရိုးကြီး ကြော်စားတာက စားရတာ နည်းနည်းကြမ်းတယ် ။ အိမ်မှာတော့ကြက်သား ဖြစ်စေ ပုဇွန်ဖြစ်စေ ၊ ရေ
သေချာဆေးပြီး ပါးပါးလှီး( ကြက်သား ၊ ၀က်သား) ၊ ဂျုံ ၊ ပြောင်း ဂျုံ ရှိလည်း ထည့်ရင်ပိုကောင်းတယ် ။ မရှိလည်း ဂျုံ မှုန့်ရယ် ၊ ဆား ၊ သကြားရယ် အဓိက ထည့်ရမှာတော့ ** နွားနို့ ** ပါ ။ ရေလုံးဝ မထည့်ပဲ နွားနို့ အစိမ်း ၊ ဂျုံ နဲ့ ပျစ်နေအောင် နယ်ပေးပြီးကြော်ပါ ။ အရသာက စိမ့်ပြီး အရမ်းနူးညံ့ပါတယ် ။ အိမ်မှာဆိုဟင်းမရှိရင် စားခါနီးမှ ပူပူနွေးနွေးကြော်စားတယ် ။ ကျွန်မချက်တဲ့ လက်ရာထဲမှာ ဖေဖေ နဲ့မေမေ အကြိုက်ဆုံးဟင်း တစ်မျိုးပေါ့ ။ ကြော်ဖို့လည်း မြန်တယ် ။ အရသာလည်းရှိတယ် ။ လုပ်စားဖြစ်အောင် လုပ်စားကြည့်ပါ ။
ဂျုံ
နွားနို့
ဆား
သကြား
ဒါကတော့ ပဲနောက်ပါအစိမ်းပါ ။ ပဲနောက်ကို သိပ်မသိကြပါဘူး ။ သဘာ ဝ အရ အရမ်းချိုတဲ့ ပဲ တစ်မျိုးပါ ။ ပဲနောက်ဟင်းချိုထဲ ကို ဘူးသီးစိပ် လေးတွေပါးပါး လှီးပြီးထည့်ချက်ရင် ပိုချိုပါတယ် ။ ပဲနောက် ဟင်းချို နဲ့ လိုက်ဖက်တာ ခရမ်း ချဉ်သီးဖုတ်ထောင်း စပ်စပ်ပါ ။ အသားဟင်းမချက်ပဲ ပဲနောက်ဟင်းချို နဲ့ ခရမ်းချဉ်သီးဖုတ်ထောင်းစပ်စပ် ဆိုရင် အိမ်မှာ ထမင်းစားလို့မြိန်တဲ့နေ့ပေါ့ ။
ခရမ်းချဉ်သီးတော့ အိမ်မှာ မပါမဖြစ်တဲ့ အစားအစာပါ ။ခရမ်းချဉ်သီးဖုတ်ထောင်း လုပ်မယ်ဆိုရင် ခရမ်းချဉ်သီးကိုရေဆေး၊ ပုံမှာပြတဲ့ အတိုင်း မီးသွေး မီးဖိုအပေါ် တင်ဖုတ်ပါ ။ ပျော့သွားရင် အအေးခံ၊ အပေါ်ယံအခွံတွေ နွှာ ၊ blender ထဲ စောစောက နွှာပြီးသားခရမ်းချဉ်သီးရယ် ၊ငါးပိကင် အနည်း ငယ် ၊ ငံပြာရည် ၊ အချိုမှုန့် အနည်းငယ် နဲ့ရောကြိတ်ပေးပါ။ ပြီးရင် ငရုတ်သီး မှုန့်ဖြူး ကြက်သွန်မြိတ် ၊ ဒါမှ မဟုတ် နံနံပင် နှစ်သက်ရာ အပေါ်ကဖြူးပေးပြီး စားလို့ရပါပြီ ။ ဆီမပါတဲ့ အသုပ်ပါ ။အရမ်းအရသာရှိပါတယ် ။
ရခိုင်သင်္ဘောသီးသုပ်စပ်စပ်ကတော့ ရခိုင်ဟင်းချက်နည်း Page ကကြည့်ထားတာပါ ။ သူ့အထဲ မှာတော့ နံနံပင် မအုပ်ဘူး ။ကျွန်မကတော့ ကြိုက်လို့ တင်ထားတာ ။ အိမ်မှထောင်းတဲ့ ငါးပိထောင်း၊ ငရုတ်သီးစိမ်းများများ ၊ ကြက်သွန်ဖြူပါရောထောင်း ၊ပြီးရင် မကျည်းမှည့် ထည့်ပြီး သေချာနယ်ပေးပါ ။အချိုမှုန့် နည်းနည်းထည့်ပေါ့ ။ ကျွန်မက ဟင်းချက်ရင်တော့ အချိုမှုန့် လုံးဝ မသုံးဘူး ။ ဒါပေမယ့် အသုပ်တွေထဲ တော့ နည်းနည်းထည့်တယ် ။သူချက်နည်းမှာတော့ ငရုတ်ကောင်းပါထည့်တယ် ။ ကျွန်မကတော့ ငရုတ်သီး စိမ်း၊ ကြက်သွန်ဖြူ နဲ့တင် စပ်လွန်းလို့ ငရုတ်ကောင်းမထည့်ဘူး ။ မြည်းကြည့်ပြီးလို့ ပေါ့ရင် ဆားနည်းနည်းထည့်ပေါ့လေ ။
ကျွန်မ က ငရုပ်သီးအရမ်းစားတယ် ။ ထမင်းဝိုင်းမှာ အမြဲ ငရုပ်သီး အစပ် တစ်မျိုးမျိုးတော့ အမြဲ ပါတယ် ။ ငရုတ်သီးအစိမ်း ၃၀သားလောက်ဝယ်ပြီး ကြက်သွန်ဖြူနဲ့ ရော လှော်တယ် ။နောက် ဆားနည်းနည်းထည့် ကြိတ် ပြီး ဘူးထဲထည့် ၊ ရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ် ။ ကြိုက်တဲ့ အချိန် ယူစား ။ စားခါနီးမှ သံပုရာသီး လေး ညှစ်ပြီး စားရင် ကောင်းမှကောင်းပေါ့ ။
ရွှေဖရုံသီးချက် နဲ့ အလိုက်ဖက်ဆုံးက မကျည်းသီးထောင်းစပ်စပ်ပါ ။ အခုရက် ကတော့ နယ်မှာ ရွှေဖရုံသီး ရာသီပေါ့ ။ လတ်ဆတ်တယ် ။ ချိုတယ် ။ ရွှေဖရုံသီးဟင်းထဲမှာ ဇီယာရွက် ခတ်ရင် အမွှေးကြိုင်ဆုံးပါပဲ ။ နယ်တွေမှာတော့ ဇီယာရွက် ပေါပေမယ့် ရန်ကုန်မှာ ဇီယာရွက် ဆိုတာ ဘာမှန်းတောင် မသိကြပါဘူး ။ ဇီယာရွက်မေးတိုင်း ပင်စိမ်းရွက်တွေ ပဲ ထည့်ထည့်ပေး တယ် ။ ဇီယာရွက်ကမှ တကယ် မွှေးကြိုင်တာပါ ။ ရွှေဖရုံသီး နဲ့ အလိုက်ဖက် ဆုံးပါ ။
ဒါကတော့ ငါးမြီးလောင်ချက်ပါ ။ အကုန်ဝါးစားလို့ရတဲ့ ဗီတာမင်ဓာတ်ပြည့်ဝတဲ့ ငါးလေးတွေပေါ့ ။ ခရမ်းချဉ်သီး နဲ့ ချက် တာပါ ။တစ်ချို့ကျတော့လည်း အိုးကပ် ချက်ပြီး ပင်စိမ်းရွက် အုပ်ကြတယ် ။အရမ်းစားလို့ကောင်းပါတယ် ။
လယ်ပု ဇွန် လုံးကထုတ်ထားတဲ့ အဆီပါ ။ ဒီလို ပုဇွန်ဆီမျိုးက နယ်တွေ မှာသာရပြီး မိုးတွင်းမှာပဲ ရနိုင်တဲ့ အစားအသောက်တစ်မျိုးပါ ။လယ်တွေ ထဲမှာ ပုဇွန်လုံးရှာပြီး အဆီ ထုတ်ကြတာပေါ့ ။တစ်ခြားနယ်တွေမှာ က ကဏန်း ကောင်ကြီးတွေထဲကနေ အဆီထုတ်ကြတယ် ။ ဒါပေမယ့် အဲဒါတွေက လိမ္မော်ရောင်ကြီးတွေ ။ အခု ကျွန်မတို့ နယ်က ပုဇွန်ဆီက အ၀ါရောင် ။ အဆီ အနှစ်ပြည့်တယ်။ အရသာရှိတယ် ။
ယောကျာ်းတွေကတွင်းထဲကနေ ပုဇွန်လုံးတွေ ဖမ်းကြပြီး အမျိုးသမီး တွေ ကအဲ့ဒီ ပုဇွန် လုံး ထဲက အဆီ ကို ထုတ်ပြီး လမ်းထဲ လိုက် ရောင်းကြ ပါတယ် ။ လမ်းထဲ လိုက်ရောင်း တာ ကို ၀ယ်ပြီးချက်ထားတာပါ ။ဆီများ များ ကြက်သွန်ဖြူ များ များ နဲ့ ဆီ သတ်ရင် အရမ်းကို မွှေးကြိုင် ပြီး စား လို့ ကောင်းပါ တယ် ။
ကြက် အာလူး နဲ့ ဒန့်ဒလွန် ရွက် ဟင်းချို |
သစ်ကြံပိုး ၊ကရဝေးရွက် နဲ့ ချက်ထားတဲ့ အမဲ စဉ်းကော ဆီပြန် |
ကိုယ်စိတ်နှစ်ဖြာကျန်းမာအေးချမ်းကြပါစေ ။
မနှင်း