Monday, May 19, 2014

လင်မယား စွဲလမ်းမှု့တဏှာ နှင့် ပတ်သတ်၍ သံဝေဂလင်္ကာ ( မဟာဗောဓိမြိုင် ဆရာတော် )

သူတစ်ပါး သမီး ထိုသူစိမ်းကြီးကို
အိမ်ပေါ်တင်လျှက်
ရှာဖွေကျွေးရသော ဒုက္ခ

သူတစ်ပါး သမီး ထိုသူစိမ်းကြီး
မွေးသမျှ ကလေး
လိုသမျှ ရှာဖွေပေးရသော ဒုက္ခ

သူတစ်ပါး သမီး ထိုသူစိမ်းကြီးက
မျက်နှာညို သူ့အလိုကျ
အလိုက်ပေးနေရသော ဒုက္ခ

ထို ဒုက္ခ ဤဒုက္ခ
သင်္ချိုင်းဝ ရောက်သည့်တိုင်အောင်
အနားရသည် မရှိချေ ။

ထို ဒုက္ခ အချစ်ကပေးသော ချစ်ဒုက္ခ ချည်း ဖြစ်ရာ
သူ့ကာမ ကိုယ့်ကာမ ကိုယ့်ဘ၀နှစ်မျိုးတို့၌
ခင်မင်နေခြင်းသည် ဒုက္ခ ဖြစ်ရခြင်း၏
အရင်ခံ အမှန်တရား ။

သူ့ကာမ ခံစား၍ ကိုယ့်ဘ၀ အလျော်အစား
ပေးနေရခြင်းသည်
ဒုက္ခ ခံနေရသော အမှန်တရား ။

လူသား၌ သစ္စာ - ချစ်ရာမှ စပါသည် ဆိုသောစကား
လင်ထား မယားလည်း သည့် အတူမှတ်လေ ။

တဖန် တိရစ္ဆာန်လောက သားတို့ကား
ဖြစ်ရာ ဘ၀ပျော်ကြ၍
ဒုက္ခသည်ဘ၀ လှလှ ကြီးရောက်ကြရလေရာ
သစ္စာဖြစ်ရာမှ စပါသည်
ဟူ၍သာ ဆိုရချေသည် ။

အညှီ ကို စွဲ၍ ဤ ကမ္ဘာထဲ
သတ္တ၀ါတစ်ဦးအဖြစ် အစအဆုံး
ရောက် လာသည့် ဘ၀နှင့်လည်း ထိုစကားအံဝင်၏။

နွားသည် ယခင်က ရိုက်နှက် ခိုင်းစေသော်လည်း
အိမ်ရောက်၍ အစာကျွေးသော်
ထို တစ်နေကုန် ဒုက္ခ အစာသမုဒယက
ဖုံးကွယ်ပေးထားခြင်း ကို ခံရသည် ။

လင်သားသည် လည်း တစ်နေကုန်
မည်မျှပင် ပင်ပန်းဆင်းရဲခဲ့သော်လည်း
အိမ်ရောက်၍ ပြုံးရွှင်နေသော မယား
တစ်ခါစာမျှ ကြည့်လိုက်ရလျှင်ပင်
အားလုံး မေ့သွားရတော့သည်သာ ။

လူသားတို့၌ သမုဒယာ တဏှာသည်
ဤမျှအထိ ဖမ်းစားထားနိုင်စွမ်းရှိ၏ ။
အဘယ်ကြောင့်ဆိုသော်
၎င်း၏နောက်၌
"ဝေဒနာ" အလိမ် ၊ " သညာ "အချဲ့
"၀ိညဏ်" ၏ အလှည့်
ထိုသုံးမျိုးတို့ ကျောထောက်နောက်ခံ
ရှိနေကြသောကြောင့်….

မိန်းမ တိုင်း ဒုက္ခ မပေးတက်ကြပါ ။
မယားကသာ ဒုက္ခ ပေးနေကြပါသည် ။
ယောကျာ်းတိုင်းလည်း ဒုက္ခမပေးပါ ။
လင်ကသာ ဒုက္ခပေးနေပါသည် ။

ထိုဖြစ်ရပ်ကို သုံးသပ်ကြည့်သော်
အကြိုက်မိ၍ သာ ဒုက္ခ ရောက်ရသည် ဟူသော
သမုဒယကြောင့် ဒုက္ခဖြစ်နေရခြင်း အမှန်တရား
ဖုံးကွယ်ထား၍ မရတော့ပြီ ။

မိမိကြိုက်စိတ်ကြောင့် ဖြစ်ရသော
ဒုက္ခသည်သာ
မရှိတောင့်တ ရှိကြောင့်ကြဖြင့်
ဘက်စုံ နှိပ်စက်တက်ရကား
ဒုက္ခ စစ် ဆိုရ၏ ။
မိမိ၏ ကိုယ်စိတ်နှစ်ပါးအတွင်းကသာ
ထွက်ပြုနှိပ်စက်တက်သောကြောင့် ဒုက္ခဆိုရ၏ ။

ထိုလောကီသစ္စာ နှစ်ပါးတွင်--
"သမုဒယ "ဟူသော အကြိုက်မိရာ
စွဲလမ်း ပူဆာလျက်က
ဒုက္ခကို လက်ယက်ခေါ်နေသော
အမှန်တရား သစ္စာသည်
မိမိ စိတ် တွင် ခိုနား၍
ခိုင်းစားနေချေသည် ။ ။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

No comments: