Friday, February 28, 2014

ဗုဒ္ဓဘာသာ အခြေခံ (ဦးမြင့်ရွှေ -တောင်ငူ)

ဗုဒ္ဓ

တရားအားလုံးကို ဆရာမကူ ကိုယ်ပိုင်ညဏ်ဖြင့် သိသော ပုဂ္ဂိုလ်ကို ဗုဒ္ဓ ဟုခေါ်သည် ။

 

ဗုဒ္ဓဘာသာဝင်

ဗုဒ္ဓမြတ်စွာဟောကြားထားသည့်အတိုင်း ( သာသနာ =အဆုံးအမ ) ကျင့်ကြံနေထိုင်သူတွေကို ဗုဒ္ဓဘာသာဝင် ဟု  ခေါ်သည် ။

 ( ဗုဒ္ဓမြတ်စွာပွင့်တော်မူသော အိန္ဒိယပြည်မှာ ဗြဟ္မဏ၀ါဒ လို့ခေါ်တဲ့ ဟိန္ဒူဘာသာကို အများဆုံး ကိုးကွယ်ကြသည် ။)

ဗုဒ္ဓဘာသာ ဟာ ဟိန္နူဘာသာက ဆင်းသက်လာတာမဟုတ်တဲ့အပြင် ဟိန္နူနှင့် နတ်ကိုးကွယ်မှု့တွေကို လုံးဝဆန့်ကျင် တဲ့ တော်လှန်တဲ့ ဘာသာဖြစ်ပါတယ် ။ ( ဒါပေမယ့် ဟိန္နူဝါဒ နှင့် နတ်ကိုးကွယ်မှု့ ၀ါဒတွေ အနည်းအကျဉ်းရောနှော   နေတာ တွေ့ရပါတယ် ။) ထေရ၀ါဒ ဗုဒ္ဓဘာသာကို လုံးဝသိရှိနားလည်သဘောပေါက်သူတွေဟာ ရောနှောမှု့ကို ခွဲခြား နားလည်ပြီး ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်နိုင်ပါတယ် ။ ရောနှောနေတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ် လက်မခံကြပါနဲ့ ။ အမှားတွေကိုတော်လှန်ကြပါ ။ အထူးသဖြင့် ဗုဒ္ဓဘာသာကို လိုက်စားကာ ဗုဒ္ဓဘာသာဝင် လူငယ်တွေဟာ အရောင်မဆိုးရသေးသဖြင့် သန့်စင်သောဗုဒ္ဓဘာသာဝင်ဖြစ်နိုင်ပါတယ် ။

သာသနာပကာလတွင် ( ဘုရားမပွင့်သည့်ကာလ ) ဒါန ၊သီလ ၊ သမထ ဆိုတာရှိပါတယ် ။ ဗုဒ္ဓပွင့်ထွန်းမှသာ သစ္စာ လေးပါးတရား ပဋိစ္စ သမုပ္ပါဒ်တရားတို့ကို နာကြားပြီး ၀ိပဿနာ ကျင့်စဉ်ပေါ်ပေါက်လာပါတယ် ။

ဖန်ဆင်းရှင်လည်းမဟုတ် ၊ အလုပ်သမားဝါဒ

ဗုဒ္ဓဘာသာမှာတော့ ဂေါတမ ဗုဒ္ဓဟာ ဖန်ဆင်းရှင်လဲ မဟုတ်ပါဘူး ။ ( အခြားဘာသာ အားလုံးက ဟိန္နူ  ၊မွတ်စလင် ၊ ခရစ်ယာန် ဟာ  ဖန်ဆင်းရှင် ၀ါဒ ဖြစ်ပါတယ် ) ။ သတ္တ၀ါတွေကို ချမ်းသာအောင် ဆင်းရဲအောင်လဲ မလုပ်နိုင်ဘူး ။ ပုဂ္ဂိုလ်  ၊ သတ္တ၀ါတစ်ဦးတစ်ယောက်ရဲ့ ကောင်းမှု့ ၊ဆိုးမှု့ဟာ ဘုရားနဲ့ ဘယ်လိုမှ မပတ်သတ်ဘူး ။ အကောင်းနဲ့ အဆိုး ၊ချမ်းသာနဲ့ ဆင်းရဲဟာ တရားတော်အတိုင်းသာဖြစ်ရတယ် ။ ကောင်းတဲ့ တရား ၊ ချမ်းသာစေတက်တဲ့တရား ကို ကြံစည် ပြောဆို လုပ်ကိုင်တဲ့ လူတွေဟာ လူကောင်း ၊လူချမ်းသာဖြစ်ပြီး ၊ မကောင်းတဲ့ ဆင်းရဲစေတက်တဲ့ တရားတွေကို ကြံစည် ပြောဆို လုပ်ကိုင်တဲ့ သူတွေဟာ လူဆိုး လူဆင်းရဲတွေ ဖြစ်မယ် ။ ပုဂ္ဂိုလ် ၊သတ္တ၀ါတိုင်း ဟာ မိမိရဲ့ ဘ၀ချမ်းသာအောင် ၊ ဆင်းရဲအောင်၊ ကောင်းအောင် ၊ဆိုးအောင် ဖန်တီးနေတဲ့  ဗိသူကာတွေဖြစ်တယ် ။ တစ်ဦးတစ်ယောက်ရဲ့ အကောင်းအဆိုး ၊ချမ်းသာနဲ့ ဆင်းရဲ ကို ဘုရားရှင်လဲ မတက်နိုင်ဘူး ။ ဘယ်သူတစ်စုံတစ်ယောက်ကမှလဲ မတက်နိုင်ဘူး ။ ဘယ်သူမပြု မိမိ မှု့ ဆိုတဲ့အယူအဆ ဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံပင်ရင်း အယူအဆဖြစ်တယ် ။

 

ဗုဒ္ဓ ဟာ ဘာသာတရား ကို တည်ထွင်သူမဟုတ် ။ အရှိသဘာဝတရားကို ဖော်ထုတ်လမ်းညွှန် ပြသသူ သာ ဖြစ်တယ် ။ သဘာဝရဲ့ အမှန်တရား သစ္စာတရား ဖြစ်တာကြောင့် ဗုဒ္ဒဘာသာဝင်တွေအတွက် တင်မဟုတ်ဘူး ။ ကမ္ဘာပေါ်ရှိ လူသား အားလုံးအတွက် အမှန်တရားဖြစ်တယ် ။ သစ္စာတရားကို ဖော်ထုတ်သူသာ ဖြစ်တယ် ။ ( ဥပမာ- သမုဒယ သစ္စာ ( တဏှာ ၊လောဘ) ကြောင့် ဒုက္ခသစ္စာ ဖြစ်ရတယ် ဆိုတာ လူသားအားလုံးအတွက် မှန်ကန်တယ် ။ သားသမီးကို ချစ်တဲ့ တဏှာ ( သမုဒယသစ္စာ) ရှိနေတာကြောင့် သားသမီးသေရင် ဒုက္ခရောက်တာပဲ ( ဒုက္ခသစ္စာ) ဒီအဖြစ်အပျက်ဟာ လူမျိုးမရွေး လူသားအားလုံးအတွက် အမှန်တရား ဖြစ်တယ် ။ ဗုဒ္ဓဘာသာဝင်အတွက်သာ မှန်တာ မဟုတ်ပါဘူး ) ။

သက်ရှိသတ္တ၀ါတွေရဲ့ နာမ်ရော ၊ရုပ်ခန္ဓာတွေ ပါ ဘယ်ဟာမှ တည်မြဲမှု့မရှိဘူး ။ အားလုံးဟာ ပျက်စီးကုန်ကြရမယ် ဆိုတဲ့ အနတ္တအယူဝါဒ ကို ထုတ်ဖော်ကြေငြာတယ် ။ အဲဒီ့အချိန်မှာ ရှိတဲ့အယူဝါဒ ( ဟိန္ဒူ / ဗြဟ္မဏ ) ဟာ တည်မြဲတယ် ။ အနှစ်သာရရှိတယ်ဆိုတဲ့ အတ္တ၀ါဒ ယုံကြည်နေတာကို မဟာတော်လှန်ရေးလုပ်ပြီး ထုတ်ဖော်ခဲ့တာပဲ။

ဘာဖြစ်လို့် ဘုရားလို့ ခေါ်တာလဲ ဆိုရင် ( ပူဇော်ထိုက်လို့ဘုရား) ဘုရား အမည်ဟာ ပူဇာ နဲ့ အရဟ ဆိုတဲ့ ပါဠိစကား နှစ်လုံးကို ပေါင်းစပ်ပြီး ပုဂံခေတ် မြန်မာများ တည်ထွင်ထားတဲ့  ပါဠိသက် ဝေါဟာရ တစ်ခု ဖြစ်တယ် ။ ပူဇာအရဟက = ပုရဟာ = ပုရှာ = ဖုရှာ = ဖုရား = ဘုရား ဆိုပြီး အသံထွက် အဆင့်ဆင့် စာလုံးပေါင်းအမျိုးမျိုး ပြောင်းလာတဲ့ နာမည် ဖြစ်တယ် ။

 

ဘုရား ဆိုတာ မြန်မာတွေ ခေါ်တဲ့ နာမည် ၊ ဗုဒ္ဓ ဆိုတာက ပိဋကတ်တော်ထဲမှာ ပါတဲ့ အမည် ဖြစ်တယ် ။ တရားအားလုံး ကို ကိုယ်တိုင်လည်း သိပြီးသူ ၊ အခြားလူ နတ် ဗြဟ္မာ တွေကိုလဲ သိအောင် ဟောနိုင်သူ လို့ အဓိပ္ပာယ်ရပါတယ် ။

 

ဗုဒ္ဓ ဆိုတဲ့ အမည်ဟာ ကမ္ဘာသိသုံးတဲ့ နာမည်ဖြစ်ပါတယ် ။ ဗုဒ္ဓ ဆိုတဲ့ ဝေါဟာရ ဟာ ဗုဒ္ဓ ဟာ ဘုရားတစ်ဆူတည်းက ပိုင်တဲ့အမည်ဖြစ်တယ် ။ ဘုရားဆိုတဲ့ မြန်မာဝေါဟာရကတော့ ဟိန္နူ ၊ မဟာဗေဒင် ၊ ခရစ်ယာန်၊ဗုဒ္ဓဘာသာ ဘုရားလေးမျိုးနဲ့ ဆိုင်တဲ့ သာမည အမည်ဖြစ်တယ် ။

 

မြတ်စွာဘုရားဟာ မည်သူ ကိုမျှ ဆင်းရဲအောင် ၊ချမ်းသာအောင် ၊ တရားရ အောင်  ဥုံဖွ လုပ်မပေးပါဘူး ။ နည်းပေးလမ်းပြပေးတာပဲ ။ လိုက်နာတဲ့ လူချမ်းသာမယ် ။ နိဗ္ဗာန်ရောက်မယ် ။ ကယ်တင်ရှင်လဲ မဟုတ်ပါဘူး ။ သားတော်ရာဟုလာကိုလဲ ရှင်ပြုပေးတယ် ။ဆုံးမတယ် ။ သူ့ဟာသူကျင့်မှ ရဟန္တာဖြစ်တာ ၊ မိထွေးတော် ဂေါတမီ ရဟန်းပြု ပေးတယ် ။ သူ့ဟာသူ တရားကျင့်လို့ ရဟန္တထေရ်ရီမကြီး ဖြစ်ရတာ ၊ ညီတော် အာနန္ဒာလဲ ဒီအတိုင်းပဲ ။ ကိုယ်ကျင့်မှ ကိုယ်ရတာပဲ ။

 

သမ္မာဒိဋ္ဌိ ဗုဒ္ဓဘာသာဝင် သန့်သန့်ရှင်းရှင်း စစ်စစ်ဖြစ်ဖို့

သဗ္ဗညုတ သမ္မာ သမ္ဗုဒ္ဓ ၏ ဘာသာဝင် တပည့်ခံကာ သာဝက အချို့တို့သည် မိမိကြည်ညို လေးစားကိုးကွယ်သော ဗုဒ္ဓရုပ်ပွားတော် ၏ အောက်နား၌ တွဲဖက်ထည့်စွက်ကာ အိမ်ဦးခန်း၌ တည်ထားသော နတ် ၊သိကြား ၊ ဘိုးတော် ၊မယ်တော် ၊ အနောက်ဖက်ရှင်မ ၊အိမ်တွင်းမင်းမဟာဂီရိ ၊ မင်းကြီး ၊ မင်းကလေး ၊ ဘိုးမင်းကျော် ၊ မနှဲလေး ၊ သူရဿတီ ၊ ထွက်ရပ်ပေါက် ၊၀ိဇ္ဇာမိုရ် မြန်မာဖြစ်နတ်များ အပြင် နိုင်ငံခြားသားနတ်များ ( FRC နတ်များ ) ပါမကျန် စသည်တို့ကို ပန်းဆီမီး အမွှေးနံ့သာ အမျိုးမျိုး ဖြင့် ပွဲထိုး၍ ပူော်ပသ ကိုးကွယ်ရှိခိုးကာ အားကိုးစွာဖြင့်  ဆုတောင်းပတ္တာနာ မှု့များ ပြုလုပ်နေကြသည်ကို တွေ့နေရသည် ။ ဒီအပြုအမူတွေကို တော်လှန်မှသာလျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်တော့မည် ။ မဟုတ်လျှင် ကပြား ဗုဒ္ဓဘာသာဝင်ဖြစ်ပေတော့မည် ။လွန်ကျူးလာလျှင် ဗုဒ္ဓဘာသာဝင်အဖြစ်မှာ လျှောကျသွားပေတော့မည် ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်အောင် ကြိုးစားကြပါ ။ အဲဒီလို ဗုဒ္ဓဘာသာစစ်စစ် ဖြစ်လာလျှင် သရဏဂုံ ဆောက်တည်မှု့ တို့လည်း ဒုတိယ အဖြစ်အရေးကြီးပါတော့သည် ။

 

သရဏဂုံဆောက်တည်ခြင်း

ဗုဒ္ဓဘာသာဝင်တိုင်းသည် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ  - ဓမ္မံသရဏံ ဂစ္ဆာမိ  - သံဃံသရဏံ ဂစ္ဆာမိ ဟု သရဏဂုံဆောက် တည်ပါသည် ။ ဘုရား ၊တရား ၊သံဃာ ကို သာ ကိုးကွယ်ဆည်းကပ်ပါမည်ဟု ဆောက်တည်ခြင်း ဖြစ်သည် ။ ( အခြားအရာများ မပါဝင်ပါ )။ သရဏဂုံဆောက်တည်ရာတွင်လည်း (၁) မိရိုးဖလာ သရဏဂုံဆောက်တည်ခြင်းနှင့် (၂) သရဏဂုံစစ်စစ် ဆောက်တည်ခြင်းဟုလည်း နှစ်မျိုးရှိပါသည် ။

သရဏဂုံခံ လူတန်းစားနှစ်မျိုး

သရဏဂုံ သုံးပါး ဆိုတာ ဘုရား ၊တရား ၊ သံဃာ ဂုဏ်ကို ခေါ်ဆိုတယ် ။ ယင်းကို ခံယူကိုးကွယ်ခြင်း လူတန်းစားနှစ်မျိုး ရှိတယ် ။

( ၁)  သရဏဂုံခံယူခြင်း သက်သက်မျှသာ လူတန်းစား (ရိုးရာသရဏဂုံ)

(၂) သရဏဂုံ ကို ယုံကြည်လေစားစွာ ပွားများခံယူခြင်း လူတန်းစားတစ်မျိုး

ရိုးရာခံနေကျ သရဏဂုံ

သရဏဂုံခံယူခြင်း ( ဗုဒ္ဒသရဏံဂစ္ဆာမိ ၊ ဓမ္မံသရဏံဂစ္ဆာမိ ၊ သံဃံသရဏံဂစ္ဆာမိ  သက်သက်မျှသာ ။ ဘုန်းတော်ကြီးက ရှေ့ ကဆိုပေးလို့ နောက်ကလိုက်ဆိုသလို  ဗုဒ္ဓံသရဏံဂစ္ဆာမိ  စသည်ဖြင့် လိုက်ဆိုခံယူခြင်းမျိုးကို ဆိုလိုသည် ။ သာမန်ကာလျှံကာ သင်ယူကြားသိပြီးတော့ မိဘ တို့ ဘိုးဘွားတို့၏ ရိုးရာခံယူကြအတိုင်း  လိုက်ဆိုတာပဲ ဖြစ်သည် ။ ဥပမာ - အနေကဇာတင် ၊ရှင်ပြုရဟန်းခံ ၊ အိမ်တက်မင်္ဂလာ ၊ပရိတ်ရွတ် ဆွမ်းကျွေး နဲ့ အသုဘ အိမ်တိုင်းမှာ လိုက်လိုက်ပြီးခံယူနေကြတဲ့ သရဏဂုံမျိုးလိုပဲ ဂစ္တာမိရုံနဲ့ ပြီးတာပဲ ။ အဲဒီ သရဏဂုံ ခံယူသူ လူတန်းစားက ဗုဒ္ဓ ဓမ္မ သံဃာ မှာရှိတဲ့ ဂုဏ်တော် ၏ ကျေးဇူးတော်များ ကိုလည်း အရှိအတိုင်း ဘယ်ဟာမှ မည်မည်ရရ မသိပေမယ့် သူတို့ လုပ်စရာရှိတဲ့

(၁) ပေးကမ်းစွန့်ကျဲ လှုဒါန်းခြင်း ဒါနရယ် ။

(၂) ခံယူဆောက်တည် ကျင့်သုံးခြင်း သီလရယ်

(၃) ပရိတ်တရားနာယူခြင်းး ဘာဝနာရယ်

အဲဒီအမှု့မျိုးကိုတော့ အပြည့်အစုံ ပြုနေတာပါပဲ . အဲဒီအထဲမှာ လောက ချမ်းသာရေးအတွက် အမှန်လည်းပါတယ် ။ အလိမ်အညာ အမှားတွေလည်းပါတာပါပဲ ။

အဲဒီပုဂ္ဂိုလ်မျိုးတွေက ဘုရား ၊တရား ၊ သံဃာ သာမဏ အခြားတပါးသော ဗေဒင် ၊ နတ် ၊ ဘိုးတော် ၊၀ိဇ္ဇာ စတဲ့ ဗုဒ္ဓဘာသာ (သမ္မာဒိဋ္ဌိ ) နိဗ္ဗာန် လမ်းနဲ့ ဆန့်ကျင်ဘက် ကိုးကွယ်မှု့များကိုလဲ လုပ်တက်တယ် ။ ဒါကြောင့် ယင်းဆရာကြီးများ၏ စေခိုင်းချက် (ဝေဒကျမ်းလာ) ဓွာရစတီ ၊စန္ဒီဒေ၀ီ ၊အန်းကုန်းဘိုးတော် ၊အုန်းသီးနတ် ၊ အရက်သမားနတ် ၊ မနှဲလေး စသည်တို့ကိုလည်း ကိုးကွယ်ကြသေးတယ် ။ အဲဒီ့လူတွေ ကို ဗုဒ္ဓဘာသာ အစစ်လို့ မခေါ်ဘူး ။ အဲဒီလူတွေ ကို ဗုဒ္ဓဘာသာအစစ် လို့ မခေါ်ဘူး ။ ကပြား ဗုဒ္ဓဘာသာလို့ ခေါ်နိုင်တယ် ။

သရဏဂုံအစစ် ( ဗုဒ္ဓဘာသာအစစ် )

သရဏဂုံ ကို ယုံကြည်လေးစားပွားများခံယူမှု့ဆိုတာက ဘုရား ဂုဏ်တော် (၉ ) ပါး ၊ တရားဂုဏ်တော် (၆) ပါး ၊ သံဃာ ဂုဏ်တော် ( ၉)ပါး ရဲ့ ပါဠိ အနက်များကို သိအောင် နှုတ်တက်ဆောင်ရွက်တယ် ။ဆွေးနွေးမေးမြန်းတယ် ။ ၀ိပဿနာတရားကိုလဲ ကျင့်ကြံပွားများတယ် ။ ဘုရား၊တရား ၊သံဃာ မှတပါး ကိုးကပွယ်စရာမရှိ ၊ဗုဒ္ဓဘာသာ ( သမ္မာဒိဋ္ဌိ ) နဲ့ ဆန့်ကျင်တဲ့ ဗေဒင် ၊နက္ခတ် ဂြိုလ်တိုင် ယတြာတွေကို လက်မခံ သည့်အပြင် ဟိန္နူနတ်များ ၊ မြန်မာပြည် မှ နတ်များ ၊ မင်းကြီးမင်းကလေး ( FRC နတ်များ ) ကိုလည်း လုံးဝ စိတ်မ၀င်စား ယုံကြည် ကိုးကွယ်ဖို့ ဆိုတာ ဝေလာဝေဒ ။ သရဏဂုံ သက်သက်ကိုသာ ယုံကြည်သူ ဖြစ်တယ် ။ ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်တယ် ။

အကျိုးရပုံ

ဘုရား ၊တရား ၊သံဃာ တို့ရဲ့ ဂုဏ်ကျေးဇူးကိုလည်း မသိ ခံယူကာမျှ သမားတွေ ခံယူ ဆောက်တည်ကျင့်သုံးနေကြတဲ့ သရဏဂုံ သီလ နဲ့ ဒါန ပေးလှုမှု့ဟာ အကျိုးသုခ ရသင့်သလောက်တော့ရပါတယ် ။ ဗုဒ္ဓဘာသာဝင် အစစ်ရဲ့သရဏဂုံအစစ် အစစ်ခံယူထားခြင်း နှင့် ဆောက်တည်သောသီလ ပေးလှုသော ဒါန တို့လိုတော့ ကြီးကျယ် မြင့်မြတ်သော အကျိုးကိုတော့ မရနိုင်ပါ ။

        #

No comments: