Friday, January 3, 2014

မန်ကျည်းကိုးပင် (မစန္ဒာ)


“ကိုမျိုး က ကျွန်မကို သိပ်ချစ်တာ”
မအေးမြ က ပြောတက်သည် ။
“ကျွန်မ အဖေက အမေ့ကို သိပ်ပြီ နှိပ်စက်တာပဲ ၊အရက်လဲသောက်  ၊ဖဲလဲရိုက် ဒီကြားထဲ အမေ့လုပ်စာစားနေပြီး အမေ့ကိုလည်းရိုက်ချင်နှက်ချင်သေးတယ် ၊အဖေ့ကို ကျွန်မ နည်းနည်းမှ မချစ်ဘူး ။ ကျွန်မကြီးလားရင် ယောကျာ်း မယူဘူး လို့ဆုံးဖြတ်ထားတာ ။ယောကျာ်းတွေရဲ့ မေတ္တာကို ကျွန်မ နည်းနည်းမှ မယုံဘူး ။”
ထိုအခါ မျိုးတွင်တော့ ကျွန်မ ပြုံးမိသည် ။ မယုံလျှင် ဘာကြောင့်များ ယောကျာ်း ယူထားသေး သတုံး ဟု တွေးရင်း ပြုံးကြောင်းကို မအေးမြကလည်း သိပါသည် ။
“ကိုမျိုးကို လည်း မယုံချင်ပါဘူး အစ်မရယ် ၊ဒါပေမယ့် ဘာလို့လဲမသိဘူး ယုံသွားတယ် ။”
“ဘာကို ယုံတာလဲဟင်”
“သူက ကျွန်မ ကို တစ်ကယ်ချစ်တယ် တကယ် ညှာတယ် ၊တသက်လုံး မဖောက်မပြားနဲ့ ကြင်ကြင်နာနာရှိလိမ့်မယ် ဆိုတာတွေကိုပေါ့ အစ်မရယ်”
မအေးမြ ကရှက်ပြုံးကလေးနှင့်ပြောသည် ။မအေးမြ ၏ပင်ကိုယ် အမူအရာသည် ဇိုးဇိုးဇက်ဇက်နှင့် သွက်လက်ထက်မြက်သော်လည်း ထိုအခါမျိုးတွင်တော့ နူးညံ့ပြီး ပျော့ပြောင်းသွားတက်ပါသည် ။ သူ ကျွန်မကိုစကြိုက်တုန်းက ကျွန်မ အသက် ဆယ့်ရှစ်နှစ်ပဲရှိသေးတာ ၊ ကျွန်မက ထွေလီကာလီတွေ များနေတော့ ကျွန်မအသက် နှစ်ဆယ့်နှစ်နှစ်ကျမှ လက် ထပ်ဖြစ်တာ ။ဒီခေတ်ကြီးထဲမှာာအစ်မရယ် ဘယ်ယောကျာ်းက ဒီလောက်ကြာအောင် ဇွဲကောင်းမှာလဲ ။
“ဟုတ်ပါရဲ့ ခုမြင် ခုကြိုက် ခုကွဲတဲ့ ခေတ်မှာ ဆယ်နှစ်တောင် ဇွဲကောင်းကောင်းနဲ့ စောင့်တယ်ဆိုတာ တော်ရုံမေတ္တာမှ မဟုတ်တာ ”
“ဒါကြောင့်မို့လဲ ကျွန်မ ယုံမိတာပေါ့ အစ်မရယ် …….”
ကျွန်မ သည် မအေးမြကိုကြည့်ရင်း အတွင်းစိတ်မှ ကျိတ်ပြီး အားကျနေမိပါသည် ။ အမှန်အတိုင်း  ၀န်ခံ ရလျှင်အနည်း ငယ်လည်း မနာလိုဖြစ်ပါသည် ။ ကျွန်မ ၏ချစ်သူသည် မအေးမြ ယောက်ျား ကိုအောင်မျိုး၏ သုံးပုံ တစ်ပုံသာ ဇွဲကောင်းခဲ့လျှင် မည်မျှကောင်းလိမ့်မည်နည်း ဟု ၀မ်းနည်းစိတ်နှင့်တွေးမိသည် ။ ထိုသိုံသာဆိုလျှင် ကျွန်မလည်း အခုလို တစ်   ကိုယ်တည်း အပျိုကြီး ဖြစ်နေရလိမ့်မည် မဟုတ်ပါချေ ။
“ငါ့လူကတော့ ဟယ် နင့်လို ဆယ်နှစ်မဟုတ်ပါဘူး ၊မိဘကို လုပ်ကျွေးချင်လို့ သုံးနှစ်လောက်စောင့်ပါဆိုတာ ”
“မစောင့်ဘူးလားဟင်”
“မစောင့် လို့ ငါ့မှာ ဒီလိုဖြစ်နေတာပေါ့ဟဲ့ ။တစ်နှစ်လောက်ပဲစောင့်ရသေးတယ် ၊သူတို့ရုံးက ကောင်မလေးနဲ့ချိတ်မိသွားပြီး ဗြုန်းစားကြီး လက်ထပ်သွားတာပဲ ။”
“ဟော တော့………..”
မအေးမြက ကျွန်မကို သနားသလို ကြည့်နေပါသည် ။မရှက်တမ်းဝန်ခံရလျှင် ကျွန်မကလည်း ကျွန်မကိုယ်ကျွန်မ သနားပါသည် ။ငါ့နှယ် အေးအေးဆေးဆေးထိုင်ပြီး ရွှေပေါင်ခံ၊ငွေတိုးစားနေတာ အလကားနေရင်း မိဘကျေးဇူးကို တုံပြန်မ   လေးဘာလေးနဲ့ အချိန်ဆွဲမိတယ် ဟု ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မဆုံးအောင် ဖြစ်ခဲ့ရသည် ။ သူလက်ထပ်သွားစဉ် က စိန်နှင့် သံပုရာပဲ သောက်ချင်သလိုလို ၊စစ်ကိုင်းချောင်ပြေးပြီး မယ်သီလရှင်ပဲ ၀တ်ချင်သလိုလိုနှင့် ၊လူးပြီးလိမ့်နေ   အောင်ခံစားခဲ့ရပါသည် ။ ခုတော့လည်း ဘာမျှ မလုပ်ဖြစ်ခဲ့သည်ကိုပင် ကိုယ့်ကိုယ်ကို ကျေးဇူးတင်နေရပါသေးသည် ။ အချိန် ဟူသော ဆေးဆရာကြီးက ကျွန်မ ရင်ထဲမှ အနာကို ကောင်းမွန်စွာကျက်ပြီးအနာဖေးတက်အောင် ကုစားပေးခဲ့   ပြီးဖြစ်ပါသည် ။
“နင့်ကိုမျိုးကရော ဆယ်နှစ်လုံးလုံး နင့်ကို ငုတ်တုတ်ထိုင်ပြီး စောင့်နေတာပဲလား ၊ဒီကြားထဲမှ ဘယ်သူနဲ့မှ မချိတ်မိဘူးလား ။ ”
“ဒါကတော့ အစ်မရယ် ဟိုကောင်မလေး ဒီကောင်မလေးနဲ့တော့ နည်းနည်းပါးပါးရိုးတိုးရိတ်တိပ်လေးတွေတော့ ရှိတာပေါ့ ၊ဒါပေမယ့် သူချစ်တာက ကျွန်မ တစ်ယောက်တည်းကိုပါ ။”
“သြော် …..”
“ဟုတ်တယ် ၊ကမန်မကိုသာမရရင် သူ့ဘ၀ပျက်စီးမှာ”
“ဘယ်သူက  ပြောသလဲဟင်”
“ကိုမျိုး က ပြောတာပေါ့”
“သြော် …..”
“သူ့အချစ် သူ့မေတ္တာတွေက တစ်နေ့တစ်ခြားတိုးသထက်သာ တိုးလာမယ် ၊ဘယ်တော့မှ လျော့မသွားဘူး ၊ပျက်ပြယ်မသွားဘူးတဲ့ သိလား အစ်မရဲ့……..”
“ဘယ်သူ့မေတ္တာ တွေလဲဟင်”
“ကိုမျိုး ရဲ့ မေတ္တာတွေလေ”
“သြော် ….. ကိုမျိုးက ပြောတာလား”
“အင်းပေါ့ ….အစ်မကလဲ”
မအေးမြက ကျွန်မကို အရန်ကော ဟူသော အကြည့်နှင့် ကြည့်ပါသည် ။သူကျွေးသော လက်ဖက်သုပ်ကလေးက စား၍ ကောင်းနေသောကြောင့် ကျွန်မလည်း ငြိမ်နေလိုက်ပါသည် ။ ဒီလို အပြောလေးတွေကို ကျွန်မ၏ ချစ်သူလည်း ပြောခဲ့ဖူးကြောင်းကို ပြိုင်ပြီး ပြောမနေချင်တော့ပါ ။
“ကိုမျိုးက သိပ်ပြီးလက်ရေးလှတာ”
“ဟုတ်လား”
“ကျွန်မတို့ ဆယ်တန်းဖြေတော့လေ ၊ကျွန်မအတွက် မှတ်စုတွေကို ဒိုင်ခံပြီး ကူးပေးတာ ၊စာရေးစက္ကူ အပြာရောင်နဲ့    လေ ။ ရှင်းပြီး သန့်နေတာပဲ ၊အစ်မ ကြက်သွန်ကြော်လေး ထပ်ထည့်ဦးမယ်လေ ။”
“လက်ဖက်သားပါ ထည့်ပါအေ ။နင့်လက်ဖက်က ဆီစိမ်ပြီးနှပ်ထားလို့ထင်ပါရဲ့ ၊အိပြီးနပ်နေတာပဲ ၊ စားလို့ကောင်း  လိုက်တာ”
“ကိုမျိုး ကြိုက်တက်လို့လေ အစ်မရဲ့ ၊ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းလေးတွေကို ပါးပါးလှီးပြီး ထည့်နယ်ထားတာ”
“ဟုတ်ပါရဲ့ မွှေးနေတာပဲ”
မအေးမြ က  လက်ဖက်သားရော အကြော်ပါ ထပ်ပြီထည့်ပါသည် ။စားလို့ကောင်းတိုင်းစားရလျှင် ညနေစာပါလွတ်    တော့မည်။
“ထမင်းကြမ်းလေးများ မရှိဘူးလားဟယ် ။ လက်ဖက်သုပ်နဲ့ ထမင်းကြမ်းဆိုတာ အင်မတန်လိုက်တာ”
“ရမယ်  ၊ အစ်မ ရမယ်”
မအေးမြ က ကြောင်အိမ်ထဲမှ ထမင်းကြမ်း ယူလာပေးသည် ။
“ဒီလိုဆို ညနေစာ ထမင်း စောစောချက်မှ ၊ကိုမျိုးကလဲ အစ်မလိုပဲ ထမင်းကြမ်းအင်မတန်ကြိုက်တယ် ။ထမင်းပူနေရင် မစားချင်ဘူးတဲ့ ။ သူ့အတွက် ထမင်းကြမ်းကျန်ချင်ကျန် မကျန်ရင် စောစောချက်ပေးရတယ် ။ ဒါမှ သူစားရင် မအေး     တောင်မှ နွေးရုံပဲရှိတယ် ။”
မအေးမြ က နာရီကို လှမ်းကြည့်သည် ။မွန်းလွဲ နှစ်နာရီပင် ရှိသေးသော်လည်း ချက်ချင်းပင်ထပြီး ဆန်ဆေးသည် ။ မီး   သွေးမီးဖိုကို မီးမွှေးသည် ။
“ထမင်းကိုသာ ပူရင် မကြိုက် တာ ဟင်းကျတော့ ပူမှ အစ်မရေ ၊အေးရင် မကြိုက်ပြန်ဘူး ”
“ကိုမျိုး ကလား”
“အင်းပေါ့ ၊မီးသွေးမီးဖိုဆိုတာ ချက်ချင်းမွှေးလို့ရတာမဟုတ်ဘူး ၊လျှပ်စစ် မီးဖိုလဲမရှိတော့ သိပ်ခက်တာပဲ ၊  တစ်ခါတစ်လေဘာမှ တည်စရာ မရှိတော့ဘဲ နဲ့ ဟင်းနွှေးရင် လွယ်အောင်လို့ မီးသွေးမီးဖိုကို မီးမငြိမ်းသေးဘဲ တငွေ့ငွေ့မျှဉ်းပြီးထားရတယ် ။မီးသွေး သိပ်ကုန်တာ ၊မီးသွေးဈေးက လည်း အစ်မ သိတဲ့ အတိုင်း”
ကျွန်မက ပြောတော့ မအေးမြက ဟက်ဟက်ပက်ပက်ရယ်လေသည် ။
“မေတ္တာက မေတ္တာ ၊မီးသွေး က မီးသွေး တစ်ခြားစီပဲ အစ်မရဲ့”
မအေးမြရယ်လျှင်သွားတက်ကလေး ပေါ်လာပြီး အတော်လေးချစ်စရာကောင်းပါသည်။အိမ်ထောင်သက် သုံးနှစ်ကျော်ပြီဖြစ်သော်လည်းကလေးမရသေးသဖြင့် ကိုယ်ခန္ဓာအလှလည်း မလျော့ပါးသေချေ ။ ကျစ်ကျစ်လျစ်လျစ်နှင့် လှပ နုပျိုဆဲပင် ဖြစ်ပါသည် ။
“နင် တို့ ကလေး မယူ သေးဘူးလား”
လက်ဖက်ကလည်း စားကောင်းကောင်းနဲ့မို့ ကျွန်မက အေးအေးဆေးဆေးစားရင်း စပ်စု မိပါသည် ။ညနေစာထမင်းကိုတော့ အေးအေးဆေးဆေး မှပြန်ချက်တော့မည် ။အမေကလည်းစောစောမဆာတက် ၊ကျွန်မကလည်း မအေးမြကောင်းမှု့နှင့် ဆာပင် ဆာတော့မည် မဟုတ် ။ စိန်ပေါင် ရွှေပေါင်သူများလာလျှင်လည်း သူတို့ဘာသူတို့ ကြည့်လုပ်လိမ့်မည်။လိုလျှင်လှမ်းခေါ်လိမ့်မည် ။
“မယူသေးတာ မဟုတ်ဘူး  အစ်မရဲ့ ၊မရသေးတာ ”
“ကလေးမရသေးရင်မကောင်းဘူး မအေးမြရဲ့ ၊မြန်မြန်ရအောင်လုပ်”
“ဘာဖြစ်လို့လဲ”
“ဟ ဒါက အိမ်ထောင်ခိုင်မြဲအောင်လုပ်တဲ့ ကြိုးလေးပဲဟာ ၊တော်ရုံတန်ရုံ စကားများတာပေမယ့်ကလေးမရှိတဲ့လင်မယားတွေဆိုကွဲကုန်ရော ၊ထောက်ထားစရာသားသမီးမရှိဘူးမဟုတ်လား”
ဖိုခုံလောက်ဆိုင်ထားသောထင်ရူးစလေးများပေါ်သို့မီးခြစ်ဆံကို ချလိုက်သည် ။ဟုတ်ခနဲတောက်လာသောမီးတောက် ကလေးများကို တွေ့ရသည်။ မအေးမြက မီးသွေးခဲ ခပ်တန်တန်ကလေးများကို အပေးမှ အသာတင်လိုက်သည် ။
“ကျွန်မတို့လင်မယားကတော့ ရှင်ကွဲကွဲစရာ အကြောင်းမရှိပါဘူး အစ်မရယ်”
မအေးမြက မီးတောက်ဝါ၀ါလေးကိုကြည့်ရင်း ခိုင်မာစွာပြောသည် ။
ဖွဟဲ့--လွဲပါစေ ၊ပယ်ပါစေ သေကွဲကွဲရင်တောင်မှ အောက်ချင်းငှက်တွေလို လိုက်သေပစ်မှာ
“အံမယ် ..အဟုတ်လား”
“မရယ်ပါနဲ့ အစ်မရယ် ၊တကယ်ပြောတာပါ ၊သူအရင်သေရင်လဲ ကျွန်မလိုက်သေမှာပဲ ။”
“အောင်မလေး--ရိုမီယိုနဲ့ဂျူးလိယက်သေလို့ဝင်စားကြတာလားဟဲ့”
ဒီတစ်ခါတော့ လက်ဖက်ရည်မျက်နှာပင် မထောက်နိုင်၊ကျွန်မ ရယ်မိပါတော့သည်။ ကျွန်မရယ်တော့မအေးမြ မျက်နှာကလေး ရဲတက်လာပါသည်။
“တကယ်ပြေတာပါ အစ်မရဲ့၊ဟင်း မယုံရင်စောင့်ကြည့်ကြပါလား”
“မကြည့်ပါရစေနဲ့မအေးမြရယ်၊နင်တို့လဲဘယ်သူမှ မသေကြပါနဲ့ဦး။”
မအေးမြက  မခံချင်စိတ်ဖြစ်လာဟန်နှင့် ရေနွေးကြမ်းအိုးကိုဆောင့်၍ချလိုက်ပါသည်။ ထို့နောက် မသိမသာလေးမျက်စောင်းခဲကာနှုတ်ခမ်းစူ၍ပြောသည်။
“ဟင်း---ကျွန်မက တကယ်ကို ခဏလောက်သေပြလိုက်ချင်သေး…”
သေမည့်သေတော့လည်း မအေးမြသည် ဦးနှောက်သွေးကြောပြတ်ကာ ဗြုန်းစားကြီးသေသွားပါသည်။ သေခြင်းတရားသည်လည်း ခဏလောက်နှင့်မကျေနပ်တက်ကြောင်း ၊ထာဝရတရားကိုသာလက်ကိုင်ထားကြောင်း မအေးမြတွေးချိန်ပင်ရလိုက်ရဲ့လားမသိရပါ ။
အိမ်ချင်းကပ်လျှက်ဆိုတော့လည်း မအေးမြဆီ ကျွန်မချက်ချင်းရောက်သွားပါသည်။ ပူပူနွေးနွေးပျော့ပျော့ပျောင်းပျောင်းပင် ရှိသေးသော သူ့ကို ကြည့်ရသည်မှာ သေပြီဟု ယုံနိုင်စရာပင် မရှိပါ။
“ကြည့်ကြပါဦးဗျာ ၊အိပ်နေတာများလား ၊မျောနေတာများလား”
ကိုအောင်မျိုးက မအေးမြကို ပွေ့ဖက်ထားရင်းမချိတင်ကဲပြောနေသည်။ ကျွန်မလည်း သူနဲ့ရောကာမျက်ရည်ဖြိုင်ဖြိုင်ကျရင်း ကျွန်မအရင်သေရင် သူပါလိုက်ပြီးသေမှာ ဟုပြောခဲ့သော မအေးမြ၏ စကားကိုသတိရပါသည်။
“လာ ဆွေဆွေ  လာစမ်း”
ကျွန်မက အိမ်ရှေ့မှ ဆွေဆွေကို လက်ကုတ်ကာ ခေါ်ခဲ့ပြီး မီးဖိုချောင်မှ ကတ်ကြေးတွေ၊ဓားတွေ လိုက်ပြီး သိမ်းခိုင်းဝှက်ခိုင်းရပါသည်။
“နေဦး……နေဦး။သူတို့အိပ်ခန်းထဲက ကြွက်လျှောက်မှာလဲ ဘေလီယံပုလင်းတွေ့ခဲ့တယ်၊၀ှက်ထားဦးမှ။   ၊အဲဒါလဲ အိပ်ဆေးလိုပဲ ၊အများကြီးသောက်ရင်သေတက်တာပဲဟဲ့၊ဟိုကြောင်အိမ် အောက် က ကြွက်သတ်ဆေးထင်တယ်၊အဲဒါလဲဝှက်ထားပါဦး။ ”
အသက်အန္တရယ်ကိုပေးနိုင်သော ပစ္စည်းဟူသမျှ ဆေးဟူသမျှသိမ်းရဆည်းရ ၀ှက်ရနှင့်ကျွန်မတို့ တစ်တွေမှာ မျက်ကလဲဆန်ပျာဖြစ်နေပါသည်။
“မြရယ်…..မြ ရဲ့၊မောင် ဘယ်လိုနေခဲ့ရမလဲ၊မောင်တစ်ယောက်တည်း မနေခဲ့ဘူး ၊မြနောက်ကို မောင်လိုက်ခဲ့မယ် သိလား”
ယောကျာ်း ရင့်မာကြီး တန်မဲ့နှင့်အော်၍ငိုတော့ ကျွန်မ မှာ မျက်ရည်ပင် မဆည်နိုင်တော့ပါ။ သေသူမအေးမြထက် ကျန် ရစ်သူ ကိုအောင်မျိုးက ပို၍သနားစရာကောင်းနေပါသည်။
မအေးမြ အခေါင်းကို မီးသင်္ဂြိုလ်စက်ထဲသွင်းတော့ ကိုအောင်မျိုးက လွှတ်မပေးဘဲ အတင်းဆွဲထားသည် ။ သူ့လက်ကို အတင်း ၀ိုင်းပြီးဖြေကြတော့မျက်ဖြူလန်ကာတက်သွားသည်။သူ့ကိုဝိုင်းပြီး ခြေမချိုးကြ ၊ဘ၀င်ဖိကြ၊ ယပ်ခပ်ကြနှင့်မို့  မီးသင်္ဂြိုလ်စက်ထဲ ရောက်သွားသော မအေးမြကို ပင် သတိမရနိုင်တော့ပါ။

“ကိုမျိုး …ကိုမျိုး …သတိထားလေ ၊တရားနဲ့ ဖြေမှပေါ့ “
ကျွန်မသည် ကိုအောင်မျိုးကို ယပ်ခတ်ရင်း ငိုသ့နှင့် ဖျောင်းဖျမိသည် ။
“သူ့ကိုလွှတ်မထားနဲ့နော်၊စေ့စောင်းလေးအကဲခတ်နေဦး”
ဆွေဆွေက ကျွန်မ ကို သတိပေးပါသည် ။ဆွေဆွေ၏ယောက်ျားကမူ ရယ်ချင်သည်ကို ထိန်းထားသောမျက်နှာထားနှင့်  ပြုံးရုံကလေးပြုံးပြသည်။
“တကယ်သေချင်ရင် ဓားတွေ ၊အဆိပ်တွေ မလိုပါဘူးကွာ ။မီးပလပ်ပေါက်ထဲ လက်နှိုက်လိုက်ရင် တစ်ချက်တည်းပဲ။” ဟု   ပြောတော့ ဆွေဆွေ က သူ့ယောကျာ်း၏ ပေါင်တွင်းကြောကို လိမ်ဆွဲသည်။
“လမ်းပြ စကားပြောမနေနဲ့ ၊တော်ကြာ သူတကယ် သတိရပြီး လုပ်သွားဦးမယ်” ဟု ဆူသည်။
ညနေကျတော့ ကျွန်မက ဘေလီယံ ပုလင်းထဲတွင် ဆေးလေးနှစ်ပြားသာချန်ကာ ကိုအောင်မျိုး ကို ပြန်ပေးလိုက်သည်။နောက်နေ့ မနက်ကျတော့ ဆေးပုလင်းကို ကြည့်မိသည်။ဆေးမလျော့ပါ ။ သူ့ခမျာ့ အိပ်မပျော်သည်ကိုပင် အိပ်ဆေး သောက်မအိပ်ပဲ မိုးလင်းဟန်တူသည်။ မျက်ရည် အ၀ဲသားနှင့် ထိုင်ပြီး ငေးနေသဖြင့်  ကျွန်မ က တရားနဲ့ ဖြေ ပေါ့ ကိုမျိုး ရယ် ဟု ပြောရပြန်သည်။
ကိုအောင်မျိုးသည် သက်ပျင်းကြီး ဟင်းခနဲချကာ ကျွန်မကို ငေးကြည့်နေပါသည် ။ ထို့နောက် “မအေးမြရဲ့ ဓာတ်ပုံတွေ ကို ဖြုတ်ပြီး သိမ်းပေးထားစမ်းပါဗျာ ၊ကျွန်တော်မြင်နေရရင် မနေတက်ဘူး၊စိတ်မကောင်းလွန်းလို့ ”ဟု ခပ်တိုးတိုး ပြောပါသည်။
တိုတိနှင့် လိုရင်းကိုသာပြောပါတော့မည် ။
မအေးမြ ဆုံးပြီး ခြောက်လခန့်အကြာတွင်သတင်းစာထဲတွင် နှစ်ဦးသဘောတူ လက်ထပ်ပြီးစီးခြင်းကြော်ငြာတစ်ခုကို တွေ့ကြရပါသည်။ “ကျွန်တော် မောင်အောင်မျိုးနှင့် ကျွန်မ မခင်ပြုံးကြည်” တို့  ဖြစ်ကြပါသည် ။
ကျွန်မ မအေးမြကို သတိရနေပါသည့်။ ကိုမျိုးကို ကျွန်မ မယုံချင်ပါဘူး အစ်မရယ် ၊ဒါပေမယ့် ဘာလို့လဲ မသိဘူး ၊ကျွန်မ ယုံသွားတယ် ဟု ရှက်ပြုံးလေးနဲက ပြောခဲ့ပုံကို မြင်ယောင် ကြားယောင် နေပါသည်။
“ကျွန်မလည်း နေ့လည်နေ့ခင်းတိုင်းအိမ်လည် လာ သူတို့ကို လက်ဖက်ပွဲနှင့်ဧည့်ခံရဦးမည် ။”
“ကျွန်မ သူ့ကို မယုံချင်ပါဘူးရှင် ၊ဒါပေမယ့် ဘာလို့လဲမသိဘူး၊ ယုံသွားတယ် လို့လည်း ပြောရဦးမည် ။”
ပြောစရာတစ်ခု ကျန်သွားပါသည် ။
ကျွန်မ၏ အမည်မှာ ခင် ပြုံးကြည် ဖြစ်ပါသည် ။
                       *                                           *                                      *