Sunday, June 9, 2013

ကဗျာဆရာကြီး သခင်ကိုယ်တော်မှိုင်း(ရေးသူ- ဘ၀င်း) ၁၃၄၁ခု အမျိုးသားစာဆိုတော်နေ့ အထိမ်းအမှတ်

 

ကျွန်တော်တို့သည် ၁၉၅၅ခုနှစ်က ဆိုဗီယက်ယူနီယံသို့ ရောက်ရှိသွားကြသည် ။ အဖွဲ့ဝင်များမှာ ဒဂုန်တာရာ ၊မြိတ်ဗိုလ်ထွန်းစိန် ၊ဦးလှထွန်းဖြူနှင့် ကျွန်တော်တို့ ဖြစ်ကြသည် ။ တစ်နေ့တွင် လီနင်ဂရက်မြို့သို့ရောက်ရှိသွားကြသည် ။စာရေးဆရာများ ပါဝင်သည့်အလျောက် စာပေပြတိုက်သို့ လိုက် ပြီးပို့ကြသည် ။ရှေးက နာမည်ကျော် စာရေးဆရာတို့၏  ပြခန်းများကို တစ်ခုစီလိုက်ပြသည်။ တော်စတွှိုင်း ၊ပူရှကင် ၊ဂိုးဂိုးလ်၊ချက်ကော့ ၊ဂေါ်ကီနှင့် မာယာ ကော့စကီတို့၏ ပြခန်းများလည်းပါဝင်သည် ။သူတို့ရေးသားသောစာအုပ်များ၊အသုံးပြုသောကလောင်တံများ ၊၀တ်ဆင်သော အ၀တ်အစားစသည်တို့ကိုလည်း ပြသထားသည် ။ နှစ်ဦးချင်း ဓားချင်းယှဉ်ခုတ်ရာ၌အသုံးပြုသောဓားများပင်ပါ ၀င်သည် ။

 

မာယာကော့စကီ ၏ ပြခန်းတွင် သူရေးသားခဲ့စော ကဗျာကောက်နှုတ်ချက်များကို ကတ်ပြားများ ရိုက်နှိပ်၍ မှန်ဗီဒိုထဲ  တွင် ပြသထားသည် ။ စကားပြန်အမျိုးသမီးက ဖတ်၍ ရွတ်ပြသည် ။ကာရန်နဘေအလိုက်များကို လက်ညှိုးကလေးဖြင့် မှန်ဘီဒိုပေါ်တွင် ထောက်၍ထောက်၍ ရွတ်ဆိုပြသည် ။

ဒါကို ကျွန်မတို့ရုရှားလူမျိုးတွေမှ အပြည့်အ၀ နားလည်ခံစားနိုင်တယ် ။ ကာရန်ရော ၊နဘေရော ၊အဓိပ္ပာယ်ရော  ရုရှား ဘာသာကို နားလည်မှ ခံစားနိုင်ပါတယ် ။ ရုရှားဘာသာ ၊ရုရှားဓလေ့  ၊ရုရှားစရိုက်ကို နားမလည်တဲ့ နိုင်ငံခြားသားများ အဖို့တော့ ကဗျာရဲ့ အရသာကို အပြည့်အ၀ မခံစားနိုင်ပေဘူး လို့ပြောပြ ပါသည် ။

ကျွန်တော်ကလည်း သူ၏ စကားကို သေချာစွာနားထောင်ပြီး ခေတ္တခဏမျှ စဉ်းစားနေမိပါသည် ။ ထို့နောက်  စိတ်ထဲတွင် ပေါ်လာသဖြင့် “  ကျွန်တော်တို့ မြန်မာ လူမျိုးထဲမှာလည်း ဒီလို ထူးချွန်ပြောင် မြောက်တဲ့ ကဗျာဆရာကြီး   တစ်ယောက်ရှိ တယ် ”ဟုပြန်ပြီးပြော လိုက်ပါသည် ။ “ဘယ်သူလဲ ”ဟု သူက ပြန်မေးပါသည် ။ “ သခင်ကိုယ်တော်မှိုင်း” ဟု  ပြန်ပြီးပြောလိုက်ပါသည် ။ ဆိုစမ်းပါဦး ဟု သူက တိုက်တွန်းသည် ။ ကျွန်တော့်စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက် လာသော ကဗျာပိုက်ကလေးမှာ  ထိုစဉ်က တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ချီးကျူးသော အပိုဒ်ကလေး တစ်ခုဖြစ်ပါသည် ။ သို့ ဖြင့်   ကောင်းကျိုး အထွေထွေနှင့် ချွှန်မြ စေသား ၊ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသား ဟုရွတ်ဆိုပြီး သူ၏နီးတူ မှန်ဘီဒိုပေါ် တွင် လက်ညှိုးနှင့်ထောက်ပြီး ရွတ်ဆိုပြလိုက် သည် ။

မှန်ပါသည် ။ မြန်မာစာကို နားလည်သူမှ တပါး အခြားသူများ အပြည့်အ၀ နားလည်ခံစားရန် ခဲယဉ်းသော အပိုဒ်ကလေးပင်ဖြစ်ပါသည် ။

ကောင်းကျိုး အထွေထွေနှင့်

ချွှန်စေမြစေသား

ဒေါင်းအိုးဝေရယ်လို့

တွန်စေ ကစေသား ။

“ချွှန်စေမြစေသား” ဟူသော စာပိုဒ်ကလေးကို မြန်မာလူမျိုးများ အနေနှင့် အလွယ်တကူ နားလည် ခံစားနိုင်သော်လည်း နိုင်ငံခြားသားများအနေနှင့်  နားလည်နိုင် အောင် အတော်ကြီး ကြိုးစား၍ ရှင်းပြရမည်ဖြစ်သည် ။

“ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသား ”  ဟူသော စာပိုဒ်တွင်လည်း ဤ နည်းနှင်နှင် ပင်တည်း ။ “ဒေါင်း” ဆိုသာ ဥဒေါင်း ငှက်ကို တက္ကသိုလ် သမဂ္ဂ ကသာမက မြန်မာလူမျိုးတစ်ရပ်လုံးကလည်း “ ငှက်မြတ် ”ဟု ယူဆခဲ့ကြသည် ။ ဘာကြောင့် ဤသို့ ယူဆခဲ့သည်ဆိုတာကို သူတို့ အနေနှင့် လက်မခံနိုင်သည့်တိုင်အောင် ဇာတ်နိပါတ် တွေနှင့် ရှင်းပြရ မည်ဖြစ်ပေသည် ။ ဥဒေါင်းဆိုသော ငှက်သည် “တွန်လည်းတွန်သည် ကလည်းကသည် ”  ။ ဒါတွေကို မနည်းကြီး ကြိုးစားပြီးရှင်းပြရမည့် စာပိုဒ်ကလေးနှစ်ပိုဒ်ဖြစ်သည် ။

စကားပြန် ရုရှားအမျိုးသမီးသည် ကျွန်တော် ရွတ်၍ လက်နှင့် တီးခေါက်ပြသည်ကို များ စွာပင် စိတ်ဝင်စားသွားသည် ။ ကဗျာဆရာ၏ နာမည်သည် ဘယ်လိုလဲဟု ထပ်ပြီးမေးသည် ။ “ သခင်ကိုယ်တော်မှိုင်း ”ဟု ထပ်ပြီး  ပြောရသည် ။ မှန်ပါသည် ။ ထိုအချိန်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှာ" စတာလင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆု ”ကို မရရှိသေးသဖြင့် ရုရှားလူမျိုးများက စတာလင်ဆု ရပြီးနောက်ပိုင်းမှာ ကဲ့သို့ ဆရာကြီး ၏ အမည်နာမကို ကောင်းစွာ မသိရှိကြသေးပေ ။

                                               

                                                ဆရာကြီးကဗျာ အဖွဲ့ အနွဲ့များ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း သည် “မဟာကဗျာလေးချိုးကြီးများ” ကို ပုဒ်ရေပေါင်းရာ နှင့်ချီ၍ ရေးသားခဲ့သည် ။ ထိုလေးချိုးကြီးများမှာ ကာရန်လည်းထိသည် ။နဘေလည်း ထပ်သည် ။ အဓိပ္ပာယ်လည်း ပြည့်ဝ သည် ။ သုံးပါးစလုံးကိုညီ ညွတ်အောင် ပေါင်းစည်းလေ့ရှိသည် ။ ထို့ကြောင့် မြန်မာပညာရှိများက သူ့ အား “ လေးချိုးဘုရင်” ဟု ပင် ကင်ပွန်းတပ်ခဲ့ကြ သည် ။ ဆရာကြီး ရေးသားခဲ့သော လေးချိုးများအနက် “ အသတ် ၊အစပ် ၊နဘေ ၊ကာရန်နှင့် အဓိပ္ပယ်များ ”  လေးနက် သိမ်မွေ့စွာပါဝင်သည်ကို  ကောက်နှုတ်တင်ပြရလျှင် သူကိုယ်တိုင်  အမှု့ ဆောင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သော သရာဇပါတီ ဘွဲ့ လေးချိုးကြီးမှ ကောက်နှုတ်ဖော်ပြ ပါမည် ။

 

ရေဇလာဧရာကသိုဏ်းရယ်နှင့်

ရွှေအညာ ဇေယျာတိုင်းတွင်မှ

ကဝေဆရာမှိုင်းရယ်လို့

သမိုင်းလျှံကျော်

(အိုကွယ်) နှစ်နွေ နှစ်ဝါအဆိုင်းတွင်မှ

ဗေဒါ ကေသာဝိုင်းတွေနှင့်

တစ်ဂိုဏ်းစံတော်မူ ။

ဗုဒ္ဓသာသနာမှာ ဘုရား`

ဥက္ကဋ္ဌ ဒါယကာ ကလဲ ကင်းချိန်မို့

လုပ်သမျှအ ရာရာ

မနုဿ မြန်မာ အသင်းတွေမဖြင့်

ဒုက္ခ ကြမ္မာ စာရင်းငယ်နှင့်

စိတ်ပျက်စရာ  တမူ ၊

အနှိပ်အစက် ဘယာထူပါတဲ့ ၊

မြန်မာဇမ္ဗူတလွှား

( အိုကွယ်) သပိတ်ဘက်က ပါသူတွေမှာဖြင့်

ဗျာပါ အပူများ ။

အေ၊ဘီ ၊စီ ပညာတက်တွေကဖြင့်

အော် အများအပေါင်းကိုဖြင့်

သနားကောင်းပါရယ်လို့

တရားကြောင်းေါလျာ်ရာမှာ

ဘုရားလောင်း မဟော်သဓာလို မှတ်ပါလို့

တပ်နှစ်တပ် အယှဉ်မှာ ( ရာဇဓိရာဇာတဲ့ )

ဗကအမတ် ဆင်ရတနာလောက် ကမှ

မနင်းတဲ့အပြင်

ပုလင်းတထောင်ထောင်

ပြောင်ပြောင်ယစ်နိုင်တဲ့

မလင်းမပြောင် အမှောင်ခတ်မလိုပေါ့ ။

( အော် ) ဘဂ၀ါ ဘုရားက

သတ္တ၀ါ  အများ

သဒ္ဓါလို့ သနားခဲ့တဲ့

သာသနာ ငါးထောင်ကိုတောင်

အသပြာငါးထောင်လောက်ကမှ

မချစ်ရရော့သလား ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် မိမိဆိုလိုသော အဓိပ္ပာယ်များကို အထက်ပါအတိုင်း ကာရံ နဘေများဖြင့် သေသပ်ပိရိစွာတန်ဆာဆင်၍ ဆောင်ကြဉ်းခဲ့သည် မှာ မြန်မာ မဟာလေးချိုးကြီးသမိုင်း တွင် စံမတူ ဟူ၍ ပင် ခေါ်ဆို ထိုက်ပေသည် ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် သူ၏ စာပေကဗျာများတွင် နိုင်ငံရေး သက်ဝင်လျှက်ရှိသည်ကိုတွေ့ရှိရပေသည်။လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါ ဖြစ်သည်ဟူသော သိုးဆောင်း စကားပုံ တစ်ခု အတိုင်းဆရာကြီး သခင်ကိုယ်တော်မှိုင်းသည်လူသား စင်စစ်ဖြစ်သည် ။ လူသားပီသစွာပင်ဗြိတိသျှကိုလိုနီဘ၀သို့ ရောက်ရှိနေသော  ဗမာပြည်တွင် မြန်မာ လူမျိုးတို့ ၏ အဓိက တာဝန်မှာ ဗြိတိသျှ ကိုလိုနီ ၀ါဒသမားများအား တိုက်ထုတ်မောင်းနှင် ပစ်ရေးဟူသော မဟာတာဝန်  ကြီးပင်ဖြစ်ပေသည် ။ ထို့ကြောင့် စာရေးဆရာကြီး ဖြစ်သော သခင်ကိုယ်တော်မှိုင်းမှာ မြန်မာလူမျိုးတစ်ယောက်ပီသလှပေသည် ။

အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း သရာဇပါတီ တွင် အမှု့ဆောင်အဖြစ် ထမ်းဆောင်ခဲသည် ။ ထို့နောက်တွင်မူ ကျန်  ခေတ်၌ အာဏာလုနေကြသော နိုင်ငံရေးပါတီဆများတွင် ပါဝင်ထမ်းဆောင်ခြင်းမပြုဘဲ စာနယ်ဇင်းများမှာနေ၍ ဗြိတိသျှ နယ်ချဲ့ကို တိုက်ခိုက်ရင်း အာဏာလုနေကြသော ငို့ ဘ သမားများတို့ ၏ အပြစ်အနာအဆာ များကို အစဉ်စိုက် ဖွင့်ချခဲ့လေသည် ။

သို့ ရာတွင် နောက်ဆုံး၌ ရေနံချောင်းသခင်ညီလာခံတွင် “တို့ ဗမာတခွင် သခင် ထိုအကျော် အမော် ဂိုဏ်းတွင်ဖြင့် ၊မျှို့ ရတနာသဘင် အကြင် ဗြဟ္မစို  ဇော်ကသိုဏ်းတွေနှင့် ပလ္လင်ဗဟို တနှိုင်း ဇမ္ဗူသမိုင်း ပျော်စရာ့အခြေ ၊အိုကွယ် --- သခင်ကိုယ်တော်မှိုင်းရယ်လို့ ၊လူတိုင်းက ခေါ်ကြစေ ”ဟူသောလေးချိုး အပိုဒ်ဖြင့် တို့ဗမာအစည်းအရုံးဝင် ထိုအစည်းအရုံး ကြီး၏ နာယကအဖြစ် တော်လှန်ရေးပါတီ ထဲသို့  ခြေစုံပစ်ဝင်ရင်း မြန်မာ့ လွတ်လပ် ရေးကို အရယူသူတဦးအပါအ၀င်ဖြစ်ခဲ့လေသည် ။

 

                                                      ပြည်သူ့ကြေးမုံ

ဆရာကြီးသခင်ကိုယ်တော် မှိုင်းသည် ဦးဘဘေ ၊ဦးပု ၊ဦးထွန်းရှိန် တို့ သုံးဦး ဘိလပ်သို့သွား၍ ဟုမ္မရူးသွားတိုင်းရာ၌ သပြေနုချိန်တင်ရန်ပန်းတွေက လဲ များလိုက်ပါဘိသနှင့် ၊ ဖေ ၊ပု ၊ရှိန် အင်္ဂလန် နန်းမြေသို့သွားပြန်တော့ဟူသောအပိုဒ်ကို သူ၏ လေးချိုးကြီးတွင် ထည့်သွင်း စပ်ဆို ချီးကျူးခဲ့၏ ။ မြန်မာပြည်သူကလည်း ထိုအချိန်တွင် ဖေ ၊ပု၊ရှိန် တို့အနေ နှင့် အင်္ဂလန်ပြည်သို့သွားရောက်ပြီး ဟုမ္မရူးတောင်းခံသည်ကို သောင်းသောင်းဖြဖြ ၀ိုင်းဝန်းထောက်ခံခဲ့ကြသည် မဟုတ်ပါလော ။

ထို့နောက်ပိုင်းတွင် ထိုသုံးဦးအနက်မှ ဦးဘဘေသည် ဒိုင်အာခီ ခေါင်းဆောင်အဖြစ် ငါးထောင်စားရာထူးကို ၀င်ရောက်လုယူခဲ့လေသည် ။ထိုအချက်ကို မြန်မာပြည်သူတို့က ကြိုက်နှစ်သက်ခဲ့ခြင်းမရှိခဲ့ပေ ။ဆရာကြီးမှိုင်းကလည်း ပြည်သ့ဘကတော်သားအဖြစ် ကြေးမုံအနေနှင့် ထင်ယပ်ဖော်ပြခဲ့သည်မှာ“တောင်ကျရေနွားနှစ်ကောင်မ၀သလိုပ မောင်ဘဖေငါးထောင်မရတာကြောင့် ”ဟူ၍ သူ၏ လေးချိုးကြီးတွင် ထည့်သွင်းရှုံ့ချခဲ့လေသည်။

ဒါကို အချို့ လူများက သခင်ကိုယ်တော်မှိုင်းသည် ရှေ့နောက်မညီဟူ၍ အပြစ်တင်ကြသည် ။ မြန်မာ ပြည်သူကလည်း ရှေ့နောက်ညီသည် ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း ရှေ့ နောက်  ညီသည် ။ ရှေ့ နောက် မညီသူကတော့ ဦးဘဘေ   သာလျှင် ဖြစ်ပေသည် ။

                                                                                                                        (ဘ၀င်း )

                                                                    ၁၃၄၁ခုစာပေလောကဆောင်း ပါးပေါင်းချူပ်

                                                       

No comments: