Monday, November 5, 2012

ချစ်ဦး

ချစ်တဲ့သူငယ်လေ....သူငယ်ချင်း ကောင်းယောင်းမတို့လေ....
 နှမထွေး၊ မယ်တို့ရွာကို သိပါချင်မူ
ကုက္ကို တန်းနှင့် ကျောက်လမ်းနှင့်
ရွာ့တောင်ကမူ  ရေကန်သာနှင့် ကြာနီနှင့်
ရွာ့မြောက်ကမူ  စေတီရှင်နှင့် ရင်ပြင်နှင့်
ရွာ့နောက်ကမူ  ညောင်ညိုပင်နှင့် ရေစင် နှင့်
ညောင်ညိုပင်က ရေစင်ချိုချို သောက်ပါလိုမူ
နေညိုငယ်မှအသမ်း ညနေချမ်းမှာ
လှမ်းခဲ့ပါရှင်................
ရေစင်ငယ်မှ ကြည်ချို ၊မသောက်လိုသည်
နှမထွေးမယ့်ကိုလိုမူ လေချိုငယ်မှဝှေ့ယမ်း
နွေအစမ်းမှာ လှမ်းခဲ့ ပါရှင် ။
 အလို..အပျိုစင် ..မောင့်ကို ခင်သည်
ရွာဝင်ဝဆီက ကြိုပါ့မယ်လေ။

ချစ်တဲ့သူငယ်လေ..သူငယ်ချင်းကောင်းယောင်းမတို့လေ...
ငါ့မှာမူ ချစ်သူစုံမက် မဆိုရက်လို့
 ရက်ပေါင်းငယ်မှ လ ကုန် ၊နှစ်အကြုံမှာ
ယုံမည်စိတ်က မှန်းမိတယ်။
နေ့အကူးမှာ ကြည်နူးသလို ထင်မိတယ်။
 လပြောင်းမှာ ကြင်ဟောင်း ငယ်ဖြူ ထင်မိတယ် ။
သူ့စကားကို မယ့်နား စိမ့်စိမ့်ကြားမိတယ်။
 သူ့မျက်နှာကို မယ့်မှာ ကြည်ရွှင်မြင်မိတယ် ။
သူ့ရုပ်ပုံကို အာရုံထွေပြားမျှော်မိတယ်။
 မောင် လဲ (လည်း) ဘယ်သို့ချစ်ပါ့ မယ်.....
မယ်လဲ(လည်း) ဘယ်သို့ခင်ပါ့မယ်......

ချစ်ဦး အယောင်မောင်သာစောင့်စား
မယ်နှင့်မောင်မှာ ခင်ပါငြားလည်း
မယ်ကား ငယ် သူ  ကလေးမူ မို့ မကြည်ဖြူလို...
နှုတ်ရေးဆိုက  မောင့်ကိုမခင် သူစိမ်းသွင် ဟု
ဆိုချင် ဆိုရှာလိမ့်မလားရှင် ။
အချိန်ရွေ့ပြောင်း နေ့ လညောင်း၍
နှစ်ပေါင်းကုန်သော်
ချစ်ဖော်နှစ်ဦး ၊ဆုအထူးနှင့်
ကြည်နူးမည်လေ ။       ။
                                                       နုယဉ်
(၁၉၄၀ခုနှစ်ဇန်န၀ါရီလ၊ဂန္တလောကမဂ္ဂဇင်း အမှတ်၁၀၈)



No comments: